ကျောက်မြောင်းတွင် သွားဆေးခန်းပိုင်ရှင် ဆရာဝန်တစ်ဦး ပုပ်ပွသေဆုံးနေ

 တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အင်းဝလမ်းရှိ သွားဆေးခန်းတစ်ခုတွင် ဆေးခန်းပိုင်ရှင် ဆရာဝန် ပုပ်ပွသေဆုံးနေကြောင်း သတင်းရရှိသည်။

 အသက်(၂၈)နှစ်အရွယ် ဆေးခန်းပိုင်ရှင် ဒေါက်တာရဲ ကျော်သူ ပုပ်ပွသေဆုံးနေသည်ကို အပုပ်နံ့ရရှိခဲ့ရာမှ ဇန်န၀ါရီ ၅ ရက် ည ၉ နာရီကျော်တွင် စတင် တွေ့ရှိခြင်းဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြား သည်။


 ‘‘သေဆုံးသူလက်ထဲမှာ တော့ သွားတိုက်တံ ကိုင်ထား တယ်။ အင်္ကျီတစ်ထည် ရင်ဘတ် ပေါ်တင်ထားပြီး မွေ့ရာပေါ်မှာ ပက်လက်အနေအထားနဲ့ သေဆုံးနေတယ်။ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာတော့ မရှိဘူး။ အရေပြားမှာတော့ မီးလောင်သလိုမျိုး အဖုအပိမ့်လေးတွေ ရှိတယ်’’ဟု ၎င်း က ပြောသည်။

သေဆုံးသူ သွားဆရာဝန်သည် ကျောက်တံတားမြို့နယ် တွင် နေထိုင်သူဖြစ်ပြီး ကျောက်မြောင်း အင်းဝလမ်း၌  ကိုယ်ပိုင်သွားဆေးခန်း ဖွင့်ထားသူတစ်ဦးဖြစ်ကာ ရပ်ကွက်အတွင်း နေထိုင်သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ် ကြောင်း သိရသည်။

‘‘လမ်းထဲမှာ ဆိုင်ဖွင့်ထားတာတော့ တစ်နှစ်လောက်ရှိပြီ။ ဆေးခန်းပိတ်ထားတာလည်း သုံးလေးရက်လောက်ရှိမယ် ထင်တယ်။ အမျိုးသမီးတစ်ယောက် လာပြီး တံခါးခေါက်တယ်။ ဖွင့်မရတော့ သော့ဖျက်ပြီး ၀င်ကြည့်တော့ အလောင်းကပုပ်နေပြီ’’ဟု မျက်မြင်တွေ့သူ အမျိုးသားတစ် ဦးကပြောသည်။

အလောင်းအနီးတွင် လက် ကိုင်ဖုန်းအားသွင်းကြိုး၊ နားကြပ် တစ်စုံ၊ ဆေးလိပ်တစ်ဘူးနှင့် အခြားပစ္စည်းများ ရှာဖွေတွေ့ရှိခဲ့ပြီး သေမှုသေခင်းဖွင့်ကာ တာမွေမြို့မရဲစခန်းက စစ်ဆေးနေကြောင်း သိရသည်။

‘‘အလောင်းကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ ပြင်ပဒဏ်ရာမတွေ့ရလို့ သေမှုသေခင်း ဖွင့်ထားတယ်။ ဆေးစာထွက်လာရင် တော့ ဘာကြောင့် သေဆုံးရလဲဆိုတာကို သိရမှာပါ’’ ဟု ရဲအရာရှိတစ်ဦးကပြောသည်။

Top News