ဖြည်းဖြည်းလေးနဲ့ မှန်မှန်လေး

ယခုကဲ့သို့  နှစ်သစ်ကူးကာလများမှာ လူအများစုက နှစ်သစ်ရည်မှန်းချက်များကို စတင်ပြီး အ ကောင်အထည်ဖော်ကြသည့်အချိန်ဖြစ်သည်။ သည်အရာက ပုံမှန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ နှစ်သစ်သည် ကိုယ့်အတွက် ဖြစ်နိုင် ခြေအသစ်များကို ဆောင်ကြဉ်း ပေးလာတတ်သည်။

သို့သော်ငြား သည်ရည်မှန်းသူများထဲက ၈ ရာခိုင်နှုန်းလောက်သာ မိမိ၏ နှစ်သစ်ရည်မှန်းချက် များကို နှစ်စဉ်အကောင်အထည် ဖော်နိုင်ကြသည်။ လူ ၇၅ ရာခိုင် နှုန်းက နှစ်သစ်ကူးပြီးခါစ တစ်ပတ်လောက်သာ သူတို့၏ ရည် မှန်းချက်များကို လိုက်လုပ်လေ့ရှိ ပြီး ရပ်သွားကြသည်ဟု သုတေသီများ၏ လေ့လာချက်များအရ သိရသည်။

Google အင်တာနက်စာ မျက်နှာက ထုတ်ပြန်ချက်များအရ အောက်ဖော်ပြပါ အချက်များ သည် ၂၀၁၇ မှာ လူအများဆုံး ချ မှတ်ကြသည့် နှစ်သစ်ကူးရည် မှန်းချက်များဖြစ်သည်ဟု ဆိုသည်။

- ကျန်းမာရေးကောင်းအောင် လုပ်ရန်၊

- အစစအရာရာကို စနစ်တကျ လုပ်ဆောင်ရန်၊

- ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေ ထိုင်သွားရန်၊

- ဝါသနာအသစ်များကို စူးစမ်း လေ့လာရန်၊

- နည်းနည်းသုံးပြီး များများစုရန်၊

- ခရီးများထွက်ရန်၊

- စာပိုဖတ်ရန်တို့ဖြစ်သည်။

သည်အချက်များထဲမှာ ကျန်းမာရေးကောင်းရန်ဆိုသည့် အချက်က လူအများစုနှစ်စဉ် ချမှတ်ကြသော နှစ်သစ်ရည်မှန်းချက်ဖြစ်သည်ဟု ဂူးဂဲလ်အင်တာနက်စာမျက်နှာက ဆိုသည်။ သို့ သော် ၂၀၁၇ တွင် လူအများစု သည် အားကစားရုံ (Gym)ဆိုသည့် စကားလုံးကို အင်တာနက်မှာ ရှာဖွေမှု အလွန်များလာသည်ကို တွေ့ရပြီး ယမန်နှစ်ကထက် အဆ ၃၁၅ ဆ ရှာဖွေမှုတက်လာသည်ဟု ဂူးဂဲလ်က သိရသည်။

‘‘ကျန်းမာရေးက မလိုက်စားလို့ မရတော့ဘူး။ အသက် (၄၀) ကျော်လာတာနဲ့ အမောမခံတာ။ သွေးတိုးချင်တာတွေက စလာပြီ။ ဆရာဝန်ကိုပြတော့ ခန္ဓာကိုယ်မှာ အဆီများနေတယ်လို့ ပြောတယ်။ အဲဒါနဲ့ ဒီနှစ်ကစပြီး နေ့စဉ်ပုံမှန် လမ်းလျှောက်သွားမယ်လို့ ဆုံး ဖြတ်တယ်’’ဟု အသက် (၄၃)နှစ် အရွယ် လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်မြင့်မြင့်စိုးက ပြောသည်။

သူ၏ ၂၀၁၇ အတွက် ရည်မှန်းချက်က အဆီကျပြီး ကျန်းမာ ရေးပိုကောင်းလာရန်ဟုဆိုသည်။

နောက်ထပ် လူအများစု ချမှတ်ကြသည့် နှစ်သစ်ကူးရည်မှန်းချက်က စနစ်တကျစုစုစည်းစည်း လုပ်ဆောင်ရန်ဖြစ်သည်။ အလုပ်လုပ်ရာမှာ စနစ်တကျပရမ်းပတာ လုပ်တတ်သော၊ နမော်နမဲ့များ လွန်းသောလူများက သူတို့သည် သာ စနစ်တကျစုစည်းမှုမရှိသူများဟု ထင်တတ်ကြသည်။ မဟုတ်ပါ။ ကမ္ဘာကြီးမှာ သည်လိုလူစားများ အများကြီးဖြစ်သည်။ ထို့ ကြောင့် နှစ်စဉ် လူအများစု၏ နှစ် သစ်ကူးရည်မှန်းချက်မှာလည်း စနစ်တကျလုပ်ဆောင်ရန်က အများစုဖြစ်နေသည်ကို တွေ့ရခြင်း ဖြစ်သည်။

‘‘ဘယ်ကနေ ဘယ်လိုဖြစ်လဲ မသိ။ ကျွန်တော်ကတော့ အရာရာလုပ်လိုက်ရင် ဘယ်တော့မှ စနစ်တကျမရှိ။ အပျောက်အရှအ လေအလွင့်ဆိုတာလည်း မပြော နဲ့တော့။ ၂၀၁၆ တစ်နှစ်တည်းမှာ အိမ်ခန်းသော့ပျောက်လို့ အသစ် ပြန်လုပ်ရတာက နှစ်ခါ၊ ဖုန်းကျန် ခဲ့တာက သုံးခါ၊ လွတ်ကျလို့ မှန် ကွဲတာက နှစ်ခါ၊ အလုပ်တွေဆို ရင် တစ်ခါမှ စနစ်တကျလုပ်ရ တယ်မရှိဘူး။ ဖုတ်ပူမီးတိုက်တွေ ချည်းပဲ။ ဒါကြောင့် သည်နှစ် စနစ် ဇယားလေးချပြီး လုပ်ဖို့ပြင်နေ တယ်’’ဟု နှစ်သစ်မှာ ပိုမိုစနစ် တကျလုပ်ဆောင်နိုင်ဖို့ ပြင်ဆင် နေသည့် အသက် (၂၅)နှစ်အရွယ် မန္တလေးမှ ဈေးချိုသူလေး မမီးမီး က ပြောသည်။

သို့သော် လောလောဆယ် စနစ်တကျအကောင်အထည် ဖော်ရန် အချက်များရေးထားသည့် စာအုပ်ကို မည်သည့်နေရာချထားလိုက်မှန်းမသိသဖြင့် လိုက်ရှာရဦးမည်ဟု ဆိုသည်။

၂၀၁၇ မှာ လူတွေအများဆုံး အကောင်အထည်ဖော်ချင်ကြသည့် နှစ်သစ်ကူးရည်မှန်းချက်တစ်ခုမှာ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရန်ဆိုသည့်အချက်ပဲ ဖြစ်သည်။ သည်အချက်သည် နှုတ်ကဖော်ထုတ်မပြောသော်လည်း လူသားတိုင်း အထမြောက်ချင်ကြ သည့် ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။ ဘဝမှာ ပျော်ပျော်ရွှင် ရွှင်နေထိုင်သွားရန် လူတိုင်းက သူ့နည်းနှင့်သူ ကြိုးပမ်းနေကြသူချည်းဖြစ်သည်။ သည်ရည်မှန်းချက် အထမြောက်အောင် ကြိုး ပမ်းရန် ပညာရှင်များ၏ အကြံပေး တင်ပြချက်များကလည်း တစ်ပုံတစ်ပင်ကြီးဖြစ်သည်။ အချို့ပေးထားသည့် အကြံဉာဏ်များကလည်း အချက် ၁၀၀ ကျော်ရှိသည်။ တချို့အချက်များကလည်း ခဲရာခဲဆစ်များဖြစ်သည်။

ဖရက်ဒ်ကလဒ်ယာဆိုသည့် လူမှုဘဝဆောင်းပါးရှင်တစ်ဦးက သူ့အတွက် ဘဝကို အပြည့်အဝ ပျော်ရွှင်ရန် နည်းလမ်းသုံးခုကိုသာ ကျင့်သုံးသည်ဟု ဆိုသည်။ သူ့နည်းများက ရိုးရှင်းပြီး လွယ်ကူလှ၏။ ထို့ကြောင့် အွန်လိုင်းပေါ်မှာ ဝင်ရောက်ဖတ်သူများ အလွန်များသည်။

(၁) တစ်စုံတစ်ယောက်ရဲ့ဘဝကို တစ်မူခြားနားကောင်းမွန်တာ လေးလုပ်ပေးပါ။ (သည်အချက်မှာ တစ်ယောက်ယောက်ကို ဖော် ဖော်ရွေရွေပြုံးပြနှုတ်ဆက်တာပဲ ဖြစ်ဖြစ်၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ကူညီပေးတာပဲဖြစ်ဖြစ်၊ လမ်းမှားသူတစ်ယောက်ကို လမ်းပြပေးတာပဲဖြစ်ဖြစ် လုပ်ဆောင်ချက် များကို ဆိုလိုသည်)

(၂) ကိုယ်သဘောကျနှစ်သက်တာတစ်ခုကို နေ့တိုင်းလုပ်ပါ။

(၃) ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းစိန် ခေါ်ရင်ဆိုင်ပါ။ (ယခင်က မလုပ်ဖူးသော၊ ကိုယ်မလုပ်နိုင်ဘူးဟု ထင်သော၊ မလုပ်ဖူးသေးသော အရာများကို စမ်းလုပ်ကြည့်ပါ။ အခက်အခဲများကို ရင်ဆိုင်ကြည့်ပါ)

ကမ္ဘာပေါ်မှာ လူသုံးအများဆုံး လူမှုရေးစာမျက်နှာဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကို တည်ထောင်သူ မာ့ခ်ဇူကာဘက်က သူ၏ ၂၀၁၇ ရည်မှန်းချက်မှာ အမေရိကန်နိုင်ငံရှိ ပြည်နယ်အားလုံးကို လည်ပတ် ပြီး လူများနှင့် တွေ့ဆုံစကားပြော ရန်ဟုဆိုသည်။

၂၀၁၇ အမေရိကန်နိုင်ငံက သူမရောက်ဖူးသေးသော ပြည်နယ်များကို သွားမည့်ခရီးစဉ်မှာ ကားလမ်းတစ်လျှောက် သူ့ဇနီး ပရက်ဆဲလာချန်နှင့်အတူ ကား မောင်းသွားတာလည်း ပါမည်ဖြစ်၏။ သူက ဖေ့စ်ဘွတ်ခ်ရုံးခွဲများကို သွားမည်ဖြစ်ပြီး ဆရာများနှင့် သိပ္ပံပညာရှင်များကိုလည်း တွေ့ဆုံမည်။ မြို့ငယ်လေးများနှင့် တက္ကသိုလ်များမှာလည်း ခရီးတစ် ထောက်နားမည်ဟုဆိုသည်။

‘‘ကျွန်တော်ကတော့ ဒီလိုလုပ်ရမှာကို အရမ်းစိတ်အားထက်သန်နေပါတယ်။ တွေ့ကြမယ် နော်’’ဟု မာ့ခ်ဇူကာဘက်က သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့သည်။

သို့ရာတွင် နှစ်သစ်ကူးရည် မှန်းချက်များကို ယခုလို နှစ်ဦးခါစမှာ စိတ်အားထက်သန်စွာ လုပ်လေ့ရှိကြပြီး တဖြည်းဖြည်းအား ပျော့ရပ်တန့်သွားလေ့ရှိသည်။ နှစ်စဉ်နှစ်သစ်ကူးရည်မှန်းချက်များကို ဖြစ်မြောက်အောင်မလုပ်ခဲ့ပါ လျှင်လည်း အားမငယ်ပါနှင့်၊ ကိုယ်တစ်ယောက်တည်းမဟုတ်။ လူအများစုဖြစ်သည်။

ကျွမ်းကျင်သူများ၏ အကြံ ပေးချက်အရ နှစ်သစ်ကူးရည်မှန်း ချက်ဆိုသည်က သုံးခုထက် ပိုမများသင့်ဟု ဆိုသည်။ သုံးခု လောက်ကိုသာ ရည်မှန်းပြီး အ ကောင်အထည်ဖော်ရန်ဖြစ်သည်။ ထိုသို့ အကောင်အထည်ဖော်ရန် မှာလည်း အလောတကြီးဝရုန်းသုန်းကားလုပ်စရာမလို။ တစ်ခု ပြီးတစ်ခု ဖြည်းဖြည်းနှင့် မှန်မှန်ကိုယ်လိုရာရောက်အောင် လုပ် ဆောင်ရမည်ဟု ဆိုသည်။ ဖြည်း ဖြည်းနှင့် မှန်မှန်လုပ်ဆောင်၍ အထမြောက်မလာလျှင်လည်း စိတ်ပျက်စရာမလိုပါ။ ၂၀၁၈ ရည်မှန်းချက်အဖြစ် ဆက်မျှော်မှန်းသွားနိုင်ပါသေးသည်။