လွင်မိုးနှင့် အငြင်းပွားနေသော မြေကွက်ကိစ္စ ဥပဒေဘောင်အတွင်းမှ ဆက်လက်ဖြေရှင်းမည်ဟု KNLA ဗိုလ်မှူးစောနေဗလုပြော

ကျိုက်ထိုမြေကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးစေနေဗလုက သတင်းစာရှင်းလင်းပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ဖြူဖွေးသန့်)

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးဝယ်ယူထားသည့် ကျိုက် ထိုမြေကိစ္စနှင့်ပတ်သက်၍ မသက်ဆိုင်သူများကို ဒုက္ခပေးမည် မဟုတ်ဘဲ ဥပဒေဘောင်အတွင်း ကသာ ဆက်လက်ဖြေရှင်းမည်ဟု မြေယာပိုင်ဆိုင်မှုအငြင်းပွားနေ သော KNLA(KTL) Kaw K'MuKhu Co.Ltd မန်နေဂျင်း ဒါရိုက် တာ ဗိုလ်မှူးစောနေဗလု(ခေါ်) အောင်ဇဗ္ဗူစိုးက ပြောကြားသည်။‘‘အခုကိစ္စကတော့ မီးများမီး နိုင်၊ ရေများရေနိုင် သဘောမျိုး တော့ မဖြစ်ပါနဲ့။ ကိုလွင်မိုးလည်း  မိသားစုအတွက် ဘာမှမစိုးရိမ်ပါ နဲ့။ မူတစ်ခုအတွက်တော့ တိုက်ပွဲ တွေဝင်ခဲ့ဖူးပါတယ်။ မသက်ဆိုင် တဲ့သူတွေအတွက်တော့ ဘယ် တော့မှ ဒုက္ခမပေးသလို ဥပဒေ ဘောင်အတွင်းမှာလည်း မူနဲ့ ဘောင်နဲ့ နေတတ်ပါတယ်။ လမ်း ဘေးက သူတောင်းစားလည်း သူ့ ဂုဏ်သိက္ခာနဲ့သူရှိတာမို့ ကျွန် တော်တို့ ကရင်တိုင်းရင်းသားတွေ လည်း ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာ ကို ထိန်းသိမ်းတတ်ပါတယ်။ ဦး လွင်မိုးပြောတဲ့ ဥပဒေဘောင် အတွင်းက တရားဥပဒေနဲ့ရှင်းမယ်ဆိုတဲ့ စကားတော့ ကျွန်တော်အရမ်းသဘောကျပါတယ်’’ ဟု ဗိုလ်မှူးစောနေဗလုက ပြောသည်။


အဆိုပါခြံမြေကိစ္စနှင့် ပတ် သက်၍ ဗိုလ်မှူး စောနေဗလုနှင့် ယခင်ခြံပိုင်ရှင်ဟုဆိုသူ ဦးအောင် (ခေါ်) ဦးသန်းအောင်အဖွဲ့တို့က ဇန်န၀ါရီ ၅ ရက်တွင် တော်ဝင် နှင်းဆီခန်းမ၌ သတင်းစာရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘၁၉၉၆ ခုနှစ်ကတည်းက ကျွန်တော့်ရဲ့ မယားညီအစ်ကို တော်သူနဲ့အတူ ဒီမြေမှာ ဧက တစ်ရာကျော်စိုက်ပျိုးလုပ်ကိုင် လာခဲ့တာပါ။ လုပ်ကိုင်ခွင့်စာရွက်စာတမ်းတွေ ပြည့်ပြည့်စုံစုံရပြီးဆောင်ရွက်ခြင်းလည်း ဖြစ်ပါ တယ်။ နှစ်စဉ်နှစ်တိုင်းလည်း မြေ ကို သန့်ရှင်းရေးလုပ်၊ ခြံစည်းရိုး ခတ်တာတွေ ရှိခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ ဗိုလ်မှူးစောနေဗလုဆီက နေ အကူအညီတောင်းခဲ့ပြီး ဒီရော်ဘာခြံကို ပေးအပ်ခဲ့တယ်။ ဗိုလ်မှူးက ယုံကြည်စွာနဲ့ ကျွန်တော်တို့ကို အပ်နှံထားတာပါ။ ကျွန်တော်တို့ကလည်း ရန်ကုန်မှာ စီးပွားရေးလုပ်နေခဲ့တာမို့ အမြဲတစေမကြီးကြပ်နိုင်ခဲ့ဘူး’’ဟု အဆိုပါခြံကို ယခင်ပိုင်ဆိုင်သူဟုဆိုသော ဦးအောင်(ခေါ်) ဦးသန်းအောင်က ပြောသည်။

အငြင်းပွားမှုဖြစ်နေသော မြေယာကို ပိုင်ဆိုင်သူဟု ထပ်မံထွက်ပေါ်လာသည့် ဗိုလ်မှူးစောနေဗလုသည် မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကင်မွန်းချောင်းကျေးရွာ ကွင်းအမှတ် (၁၇၅)၊ ကဒတ် ချောင်းကွင်း ဦးပိုင်အမှတ် (N-၁၈) ရှိ မြေဧကနှစ်ဧကခန့်ကို၂၀၀၁ တွင် ဦးအောင် (ခေါ်)ဦးသန်းအောင်ထံမှ ကျပ်သိန်းနှစ် ရာဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ၀ယ်ယူခဲ့သည့် မြေနှင့် ဗိုလ်မှူး စောနေဗလုဝယ်ယူခဲ့သည့် မြေမှာမြေယာနေရာချင်း တူညီသော် လည်း ခြံအမှတ်ကွာခြားနေ ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ဗိုလ်မှူး စော နေဗလုတို့အဖွဲ့သည် လက်နက် ကိုင်မှုဖြင့် တရားစွဲခံထားရပြီး ဇန်န၀ါရီ ၅ ရက်၌ ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲကို အာမခံဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်မြို့ ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပြီး ကျိုက်ထိုမြေ၀ယ်ယူမှုနှင့် ပတ်သက်ပြီး ၎င်း၏ဂုဏ်သိက္ခာကို ထိခိုက်လာပါက ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည် ဟု ပြောကြားခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင်လွင်မိုး သည် မွန်ပြည်နယ် ကျိုက်ထိုမြို နယ် ကင်မွန်းချောင်းကျေးရွာ ကွင်းအမှတ် ၁၇၆(က) ဇရပ်ကွင်း ဦးပိုင်အမှတ် (N-363)ရှိမြေ ကွက်နှစ်ဧကကို ဦးကျော်သူရလှိုင် ထံမှ ၂၀၁၆ မေလအတွင်းက ကျပ်သိန်း ၃,၉၅၀ ဖြင့်ဝယ်ယူရာ လေးလအကြာ၌ ခြံပိုင်ရှင်ဆိုသူ တစ်ဦး ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗိုလ်မှူးစောနေဗလု၏ ဒီဇင် ဘာ ၂၉ ရက်စွဲဖြင့် ဖြန့်ချိထား သည့် သတင်းစာရှင်းလင်းပွဲဖိတ် စာတွင် ယင်းမြေကွက် ၂ ဒသမ ၃၀ ဧကကို ၀ယ်ယူထားပြီး ၎င်း ပိုင်ဆိုင်သည့်မြေကွက်ပေါ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုးနှင့် BGF လက်နက်ကိုင်အဖွဲ့က ကျူး ကျော်ခြံခတ်၍ ၎င်းအပါအ၀င် လူ ပုဂ္ဂိုလ် လေးဦးကိုမတရားအမှု ဆင်တရားစွဲထားသည်ဟု ဖော်ပြထားသည်။

 

More in News Section