မဲသဝေါဒေသတိုက်ပွဲကြောင့် ကျုံထော်ရေတံခွန်သွားသည့် ခရီးသွားအဖွဲ့များ လှည့်ပြန်ခဲ့ရ

လွတ်လပ်ရေးနေ့က ကျုံထော်ရေတံခွန်အနီးရှိ မဲသဝေါ ဒေသတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားသဖြင့် ရေတံခွန်သို့ သွား ရောက်လည်ပတ်သည့် ခရီးသွား အဖွဲ့များ လမ်းတစ်ဝက်မှ လှည့် ပြန်ခဲ့ရကြောင်း ပြည်တွင်းခရီး သွားလုပ်ငန်းများမှ သတင်းရရှိ သည်။

တိုက်ပွဲ မဖြစ်ပွားသည်မှာ နှစ်လကျော် ကြာခဲ့ပြီဖြစ်သော ကရင်ပြည်နယ် မဲသဝေါဒေသ တွင် တပ်မတော်၊ နယ်ခြားစောင့် တပ်ဖွဲ့နှင့် ဒီကေဘီအေခွဲထွက်အ ဖွဲ့တို့အကြား ဇန်န၀ါရီ ၄ ရက် နံနက်က တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

မဲသဝေါဒေသ ကျုံထော်ရေ တံခွန်အထက် ၁၈ မိုင်ခန့်အကွာရှိ ထီကနဲကျေးရွာအနီးတွင် ဇန်န၀ါ ရီ ၄ ရက် နံနက်အစောပိုင်းမှ နံနက် ၈ နာရီခန့်အထိ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသတွင်း တာဝန်ကျပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

‘‘ထီကနဲရွာသွားတဲ့လမ်းမှာ ဖြစ်တယ်ကြားတယ်။ ကျွန်တော် တို့နဲ့ကတော့ အလှမ်းဝေးတယ်။ ဒါပေမဲ့ ဟိုတစ်ခါဖြစ်တဲ့ တိုက်ပွဲ ကြောင့် ကျောင်းတွေတောင်အား လုံးပြန်မဖွင့်နိုင်သေးဘူးဆိုတော့ အခုလိုတိုက်ပွဲဖြစ်တာက မ ကောင်းဘူး’’ဟု ၎င်းကပြော သည်။

တစ်ရက်ခရီးစဉ်အဖြစ် ပြည် တွင်းခရီးသွားလုပ်ငန်းအများစု ပြေးဆွဲလျက်ရှိသည့် မြိုင်ကြီးငူ ကျုံထော်ရေတံခွန်အနီးတစ်ဝိုက် တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ် ပေါ်သဖြင့် ရေတံခွန်သို့ သွားခွင့် မရခဲ့ကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းအချို့မှ တာဝန်ရှိသူများက ပြောသည်။

‘‘ဒီနေ့ ကျုံထော်ခရီးစဉ်ထွက် တာ ပြန်လှည့်လာရတယ်။ ရွှေ ဂွန်းရောက်မှ ပြန်လှည့်ခိုင်းထား ပါတယ်။ သတင်းတွေမှာ ကျုံ ထော်အနီးမှာ ဖြစ်တယ်လို့ တက် လာတယ်။ နယ်ခြားစောင့်တပ် တွေက အသွားမခံတော့ဘူးလို့ ဆိုတယ်’’ဟု Possible Travel & Tour မန်နေဂျင်းဒါရိုက်တာ ကိုမင်း ခန့်က ပြောသည်။

‘‘ဒီနေ့(လွတ်လပ်ရေးနေ့)မှာ ကျုံထော်ရေတံခွန်ခရီးစဉ်ထွက် တဲ့ Tour တွေများတယ်။ ပိတ်ရက် လည်းဖြစ်တော့ ခရီးသွားတွေ လည်းများတယ်။ မနေ့ညကအထိ ဘာသတင်းမှ မကြားရတဲ့အတွက် ခရီးစဉ်တွေပုံမှန်ထွက်ဖြစ်တယ်။ ဒီမနက်ကျမှ လမ်းတစ်ဝက် ရောက်မှ ကျုံထော်ကို သွားခွင့်မ ပြုတာပါ’’ဟု ခရီးသွားဧည့်လမ်း ညွှန် မစုမွန်စိုးက ပြောသည်။

အဆိုပါခရီးစဉ်ဖျက်သိမ်းခဲ့ ရမှုကြောင့် ခရီးသွားလုပ်ငန်းများ က ကျုံထော်ခရီးစဉ်အစား အခြား ပြည်တွင်းတစ်ရက်တာ ခရီးစဉ် များကို ခရီးသွားများအတွက် ပြန် လည်စီစဉ်ပေးမည်ဖြစ်ပြီး လက်ရှိတွင် ကျုံထော်ခရီးစဉ်များ ပြေးဆွဲ ရန် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း သတင်းရရှိ သည်။

ကျုံထော်ရေတံခွန်ခရီးစဉ် ကို ပြီးခဲ့သည့် ၂ နှစ်ကျော်ကစ၍ ပြည်တွင်းခရီးသွားလုပ်ငန်းအချို့ က တစ်ရက်ခရီးစဉ်အဖြစ် ဘားအံ မြို့ပေါ်ရှိ ရွှေယဉ်မျှော်စေတီ၊ ကျုံ ထော်ရေတံခွန်၊ ကော့ကွန်းဂူ၊ ကျောက်ကလပ်စေတီတော် စသည့်နေရာများသို့ တစ်ဦးလျှင် ၃၅,၀၀၀ ကျပ်ဖြင့် ပြေးဆွဲပေးပြီးယခုအခါ ခရီးသွားလုပ်ငန်းအချို့က ကရင်ပြည်နယ်ရှိ တောင်ဝိုင်းတောင်၊ ကျုံထော်ရေတံခွန်၊ ချစ်သူမြိုင်ခရီးစဉ်ဖြင့် ပြောင်းလဲပြေးဆွဲပေးနေခြင်း ဖြစ်သည်။

ဇန်န၀ါရီ ၄ ရက်က ဖြစ်ပွား သော တိုက်ပွဲတွင် နှစ်ဖက်ထိ ခိုက်ဒဏ်ရာရမှုများရှိကြောင်း ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ မဲသဝေါဒေသတိုက်ပွဲများကြောင့် မြိုင်ကြီးငူအထူးဒေသရှိ စစ်ရှောင်စခန်းနှစ်ခုတွင် လူဦးရေသုံးထောင်ကျော် စစ်ရှောင်နေရဆဲဖြစ်ပြီး စာသင်ကျောင်းအချို့ ပိတ်ထားရဆဲဖြစ်သည်။

More in News Section