တစ်ကျော့ပြန် ကူးစက်ရောဂါများနှင့် ကျန်းမာရေးလည်ပြန်

နာဂဒေသရှိ ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ် (ဓာတ်ပုံ−မောင်တာ)

ယခုနှစ်အတွင်း ပြည်သူများကို အထိတ်တလန့်ဖြစ်စေသည့် ကူးစက်မြန်ရောဂါများ တစ်ကျော့ပြန် ခေါင်းထောင်လာခဲ့သည်။ အထူးသဖြင့် အစိုးရသစ်တာဝန်ယူပြီး နောက်ပိုင်းတွင် ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပြီး အဆိုပါရောဂါများအပေါ် အစိုးရ၏လုပ်ဆောင်မှုများအား ပြည်သူများ၏အကောင်းအဆိုးဝေဖန်မှုများ မြင့်တက်ခဲ့သည်။

၂၀၁၂ နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ကာကွယ်ဆေးလွှမ်းခြုံ မှုမှာ ၈၀ ရာခိုင်နှုန်းအောက်ရောက်ရှိလာခြင်းက ဆုံဆို့နာကဲ့သို့ ကူးစက်ရောဂါများကို ယခုနှစ်အတွင်း ပြန်လည်ခေါင်းထောင်လာစေသည်။ စီးပွားရေးမြို့တော် ရန်ကုန်၏ဆင်ခြေဖုံးရပ်ကွက်နှစ်ခုတွင် သုံးလအတွင်း ရောဂါသုံးကြိမ်ဖြစ်ပွားပြီးနောက် ကလေးမိဘအများအား ထိတ်လန့်စေခဲ့သည်။ တစ်ကျော့ပြန် ပြင်းထန်ဆုံဆို့နာရောဂါကြောင့် ဇန်နဝါရီမှ ဇူလိုင်အတွင်း ရန်ကုန်တိုင်းတွင် ရောဂါဖြစ်ပွား သူ ၁၅ ဦးခန့်ရှိပြီး သေဆုံးသူငါးဦး ရှိခဲ့သည်။

ထို့ပြင် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းခြင်း၏အကျိုးဆက်အဖြစ် ဝက်သက်ရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး နာဂဒေသတွင် မေလမှ သြဂုတ်အထိ လူပေါင်း ၆၈ ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ် အပေါ် အစိုးရပိုင်းက တုံ့ပြန်ဆောင်ရွက်သော်လည်း နှောင့်နှေးမှုများကြောင့် ပြည်သူများက ဝေဖန်ခဲ့သည်။

‘‘နာဂဒေသမှာ ဖြစ်သွားတဲ့ ကူးစက်ရောဂါတွေကြောင့် ဝေးလံတဲ့ဒေသက ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို အစိုးရနဲ့ ပြည်သူတွေ သတိပြုမိလာတယ်။ နာဂဒေသ တိုးတက်ဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးက အစကောင်းမှ ဖြစ်မှာပါ။ မူဝါဒတွေ ဘယ်လောက်ပဲချချ လမ်းပန်းဆက်သွယ်ရေးအခက်အခဲသာ ရှိနေရင် အဆင်ပြေမှာမဟုတ်ဘူး။ ကျန်းမာရေးနဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တော်တော်အချိန်ယူ ရဦးမယ်။ နောက်ဆယ်နှစ်ဆိုရင်တောင် ဖြစ်မလာနိုင်သေးဘူး’’ဟု နာဂအမျိုးသားရေးရာကောင်စီအဖွဲ့ဝင် မဆန်းစစ်ရှီးက ဆိုသည်။

တစ်ကမ္ဘာလုံးသို့ ခြိမ်းခြောက်နေသော ကာကွယ်ဆေးမရှိသေးသည့် ဇီကာရောဂါသည်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ ပြန်၏။ မြန်မာနိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံနေရသော နိုင်ငံခြားသူတစ်ဦးတွေ့ရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက်တွင် သ တင်းထုတ်ပြန်ပြီးနောက် ယင်းရောဂါကူးစက်ခံရမည်ကို ပြည်သူများ စိုးရိမ်ကြောက်လန့်မှုငယ်ထိပ် ရောက်သွားသည်။ အထူးသဖြင့် ရင်သွေးယူရန် ပြင်ဆင်နေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်  ယင်းရောဂါပိုးသည် ကိုယ်ဝန်ဆောင်မိခင်တွင် ကူးစက်ခံရပါက ဦးခေါင်းသေးငယ်သော ကလေးငယ်မွေးဖွားလာနိုင်ခြင်းကြောင့်ဖြစ်သည်။

မေလကစ၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန(FDA)က ဈေးကွက်များအတွင်း စံမမီဆေးဝါးနှင့်ဆေးဝါးအတုများကို အရေးယူတိုက်ဖျက်ခြင်း လှုပ်ရှားမှုစတင်လာသောအခါ ဆေးဝါးဈေးကွက်အတွင်း ဂယက်ရိုက်ခဲ့ပြီး စံမမီဆေးဝါးများသည် နှစ်ပေါင်းမြောက်မြားစွာ ကျယ်ကျယ်ပြန့်ပြန့်စိမ့်ဝင် နေသော်လည်း စီမံချက်ချမှတ်၍ လုပ်ခဲ့သည်မှာ ဆေးဝါးလောက၌ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထိုအခါ BPI နှင့် MPF တံဆိပ်ပါ ဆေးဝါးအတုများအပါအဝင် သက်တမ်းလွန်ဆေးဝါးမျိုးစုံ ကျပ်နှစ်ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိပြီး ကျပ်သိန်းပေါင်းရှစ်ထောင်ကျော် တန်ဖိုးရှိ သက်တမ်းလွန်ဆေးဝါးများကိုလည်း ရန်ကုန်တိုင်းထိန်ပင် သုသာန်၌ ဖျက်ဆီးခဲ့သည်။

နှစ်ကုန်ခါနီးတွင် ရန်ကုန်နှင့် မန္တလေးဈေးအချို့၌ လူသေ၊ အသားများကို တောင့်တင်းခိုင်မာရန် နှင့် မပုပ်သိုးစေရန် အသုံးပြုသော ဖော်မယ်လင်ဓာတုပစ္စည်းကို မုန့်ဖတ်၊ ခေါက်ဆွဲဖတ်နှင့်ပဲပြားများ၌ ထည့်သွင်းအသုံးပြုခြင်း၊ အိမ်ရှင်မများ၏မီးဖိုချောင်တွင် မသုံးမဖြစ် အသုံးပြုနေရသည့် ငရုတ်သီးမှုန့်များထဲ၌ အသည်းကင်ဆာဖြစ်စေသော အယ်ဖာတောက်ဆင်ဘီဝမ်း (မှိုအဆိပ်)နှင့် ဆိုးဆေးများပါဝင်နေခြင်းတို့ ကို FDA က ပိုမိုပွင့်လင်းစွာ ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူ အများစု စိုးရိမ်ခဲ့သကဲ့သို့ ပို၍လည်း သတိရှိလာသည်။

ကျန်းမာရေးနှင့် မညီညွတ်သည့် စားသုံးဆီ၊ မုန့်ဖတ်နှင့် ငရုတ်သီးမှုန့်များကဲ့သို့ စားသောက်ကုန်များအား ဖမ်းဆီးစစ်ဆေးအရေးယူမှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး ယခုအချိန်ထိ ကျန်းမာရေးနှင့် မညီညွတ်သော အစား အသောက်၊ ဆေးဝါးနှင့်အလှကုန်များ ထုတ်လုပ်ရောင်းချသဖြင့် FDA က တရားစွဲဆိုမှုမှာ တစ်ရာကျော်ရှိခဲ့သည်။