အတွင်းရေးများဖြင့်လှုပ်ခတ်ခဲ့သည့်အနုပညာရေစီး

ဓာတ်ပုံ−စိုးမြတ်နန္ဒာဖေ့စ်ဘွတ်ခ်

အနုပညာလောကအတွက်တော့ ၂၀၁၆ သည် အလှည့်အပြောင်းအချို့နှင့် အနုပညာရှင်အချို့၏ အတွင်းရေးများဖြင့် လှုပ်လှုပ်ခတ်ခတ်ရှိခဲ့သော နှစ်တစ်နှစ်ဟု ဆိုရမည်။ ရုပ်ရှင်၊ ဗီဒီယိုလောကကို ပွက်လောရိုက်စေခဲ့သည့်အဖြစ်အပျက်က ရုပ်ရှင်လောကကို စိတ်ပျက်လက်ပျက်ဖြစ်နေသော ပရိသတ်များ၏ မြန်မာပေါကားများရပ်ဟူသည့် လူမှုကွန်ရက်မှ ဝေဖန်မှုများပင် ဖြစ်ခဲ့သည်။

အဆိုပါ ဝေဖန်မှုများနှင့်ပတ်သက်၍ ရုပ်ရှင်လောကသားများထဲတွင် ထောက်ခံသူများရှိခဲ့သကဲ့သို့ အချို့ကလည်း ကန့်ကွက်ခဲ့သည်။

သို့သော်လည်း ယင်း Event သည် မြန်မာရုပ်ရှင်ဇာတ်ကားများ၏ အရည်အသွေးပိုင်းကို မြှင့်တင်ရန် လိုအပ်သည်ဆိုသည့်အချက်ကို မီးမောင်းထိုးပြသနိုင်ခဲ့သည်။ ပြောင်းလဲလာမည်၊ မလာမည်ကို လာမည့်နှစ်များအတွင်း ထွက်ရှိ လာမည့် ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကား များ၌ စောင့်ကြည့်ရမည်သာ။

ထို့အပြင် ယခုနှစ်အတွင်း ပရိသတ်များ ထင်မှတ်မထားသည့် အနုပညာရှင်အချို့၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာ သတင်းများ ထွက်ပေါ်ခဲ့ သည်။ အိမ်ထောင်ပြုခဲ့သည်ဟု သတင်းထွက်ပေါ်သည့်အပေါ် နီနီခင်ဇော်နှင့် ၎င်း၏ ခင်ပွန်း ဟောင်းတို့ မီဒီယာအချို့တွင် အ ပြန်အလှန်ဖြေရှင်းမှုများက ပရိ သတ်များအကြား စိတ်ဝင်စားမှု မြင့်မားပြီး မည်သူမှန်သည်၊ မည်သူမှားသည်ဆိုသည့် ဝေဖန်မှု၊ ထောက်ခံမှုများလည်း ရှိခဲ့သည်။

ထို့အတူ အောင်လနှင့် ဝိုင်းစုခိုင်သိန်းတို့၏ အိမ်ထောင်ရေးကိစ္စသတင်းများလည်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာရာ ကာယကံရှင်များက ၎င်းတို့၏ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ပရိသတ်များကို အမှန်အတိုင်း ထုတ်ဖော်အသိပေးခဲ့သည်။

သတင်းများထွက်ပေါ်နေသည်မှာ ကာလကြာမြင့်ပြီဖြစ်သော စိုးသူနှင့် စိုးမြတ်နန္ဒာတို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍ ယခုနှစ်ကုန်တွင် ၎င်းတို့နှစ်ဦး၏ စုံတွဲပုံများကို ကာယကံရှင်များက ဖေ့စ်ဘွတ်ခ်ပရိုဖိုင်များ၊ ကာဗာဖိုတို များအပြောင်းအလဲပြုလုပ်ကာ ပရိသတ်များအား အသိပေးခဲ့ကြသည်။ တစ်ဖက်တွင်လည်း စိုးသူ၏ ဇနီးဟောင်းက ၎င်း၏ လူမှုကွန်ရက်တွင် ဗီဒီယိုဖိုင်များတင်၍ ၎င်းတို့၏ အိမ်ထောင်ရေးအတွင်းရေးများကို ပြောကြားရာ နှစ်ဖက်အပြန်အလှန် ဖြေရှင်းခဲ့ကြပြီး ပရိသတ်များအကြား ရေပန်းစားသည့် အကြောင်းအရာဖြစ်ခဲ့သည်။


ဓာတ်ပုံ−မနောဖေ့စ်ဘွတ်ခ်

ဂီတရေစီးတွင်တော့ ၂၀၁၆တစ်နှစ်တာတွင် အောင်မြင်မှု သရဖူဆောင်းသွားခဲ့သူသည် ‘မနော’ဟု ဆိုရပေမည်။ သင်္ကြန်ကာလတွင် မိချောသီချင်းက မြန်မာနိုင်ငံအနှံ့အပြား၌ နေရာယူထားခဲ့သကဲ့သို့ ကထိန်ကာလတွင်လည်း ဗိုလ်အောင်ဒင်သီချင်းက အောင်ပွဲခံခဲ့သည်။

ထို့အပြင် ယခင်က ပြည်ပဖျော်ဖြေပွဲများ မြန်မာနိုင်ငံတွင် ကျင်းပပါက ကြည့်ရှုသူနည်းပါးခဲ့သော်လည်း ယခုနှစ်အတွင်း ကမ္ဘာကျော် ဒီဂျေများကိုယ်တိုင် လာရောက်ဖျော်ဖြေသည့် အီလက်ထရွန်နစ် ဂီတဖျော်ဖြေပွဲများကို ပရိ သတ်များ စိတ်ဝင်စားခဲ့ပြီးအောင်မြင်သည့် ဖျော်ဖြေပွဲများဖြစ်ခဲ့သည်။


ဓာတ်ပုံ−နစ်ကီ

ထို့အပြင် နှစ်ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့သည့် ဝါရင့်အဆိုတော်ကြီးများ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် အနှစ် ၂၀ ကျော် ကင်းကွာနေသည့် အဆိုတော် အေးချမ်းမေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာလည်း အောင်မြင်သည့်ပွဲဖြစ်ခဲ့သည်။

တစ်နှစ်ထက်တစ်နှစ် ရိုက်ကူးမှုများ များပြားလာသည့် ရုပ်ရှင်ဇာတ်ကားများကြောင့် တန်းစီစနစ်ဖြင့် ရုံတင်ခြင်းအပြင် ရုံတွဲများခွဲ၍ ရုံပြိုင်အနေဖြင့် ပြသခြင်းစနစ်ကို ယခုနှစ်စတွင် စတင်ခဲ့သည်။

ရုပ်ရှင်လောကသားများ အဓိကရပ်တည်နေရသည့် ဗီဒီယို ဈေးကွက်ပျက်နေသောကြောင့်ဆိုကာ ဗီဒီယိုဇာတ်ကားရိုက်ကူးမှုများ လျော့ကျလာပြီး ယခင်နှစ်များထက် ရုပ်ရှင်ဇာတ်ကားရိုက်ကူးသည့် အရေအတွက် အဆမတန် မြင့်တက်လာခဲ့သည်။