ဆယ်စုနှစ်ငါးခုကျော်အတွင်း ပထမဆုံးအရပ်သားအစိုးရနှင့် ကောင်းခြင်း၊ မကောင်းခြင်းများ

သမ္မတအိမ်တော်တွင် ပြုလုပ်သော သမ္မတအာဏာလွှဲပြောင်းပွဲအခမ်းအနား၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်က ခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးသုံးဦး စကားလက်ဆုံကျနေစဉ်။ (ဓာတ်ပုံ-စိုင်းဇော်)

စစ်အာဏာရှင်များ၏ အုပ်ချုပ်မှုအောက်တွင် နှစ်ပေါင်း ၅၀ကျော် နေခဲ့ရသော မြန်မာနိုင်ငံသည် ၂၀၁၆ ရောက်မှသာ ပြည်သူက ရာနှုန်းပြည့် ရွေးကောက်တင်မြှောက်သည့် အစိုးရကို ပြန်လည်ရရှိခဲ့သည်။ သို့သော်  စစ်အာဏာရှင်များအလိုကျ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်၏ ပါဝင်မှုကို ခွင့်ပြုထားရဆဲဖြစ်သည်။

လူထုတင်မြှောက်သည့် အစိုးရလက်ထက်တွင် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)အရသမ္မတဖြစ်ခွင့်မရသဖြင့် သူ၏ မိတ်ဆွေရင်း ဦးထင်ကျော်အား သမ္မတတင်မြှောက်ကာ ၎င်းကိုယ်တိုင်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နေရာရယူ၍ အစိုးရအဖွဲ့ကို ဦးဆောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားရင်ကြားစေ့ရေး ဦးတည်လုပ်ဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင်အချို့ကို အစိုးရအဖွဲ့တွင် ပါဝင်စေခဲ့သည်။ ၀န်ကြီးဌာနများကို လျှော့ချပေါင်းစပ်စေခဲ့ပြီး ပြည်သူ့ဘဏ္ဍာ ခြိုးခြံချွေတာရေး စတင်ခဲ့သည်။ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကို ဦးစား ပေး တိုက်ဖျက်ခဲ့သည်။

စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသော အာဏာလွှဲပြောင်းရေးအခမ်းအနားတွင် သမ္မတနှစ်ဦး၏ပုံထက် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ရယ်မောနေသောပုံများကိုသာ မီဒီယာများက အသားပေးဖော်ပြခဲ့သည်။


အိုဘားမားနှင့်ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - အေအက်ဖ်ပီ)

ယင်းမှာ ဒီချုပ်အစိုးရ လျှောက်ရမည့်လမ်းကို ကြိုတင်နိ မိတ်ပြခဲ့ခြင်းလည်းဖြစ်သည်။ စင်စစ် ၂၀၁၆ မြန်မာ့နိုင်ငံရေးသည် ဒီချုပ်အစိုးရနှင့် တပ်မတော်၏ ဆက်ဆံရေးပင်ဖြစ်သည်။ သို့သော် ရခိုင်အရေးနှင့် ရှမ်းမြောက်အရေးမှာ အစိုးရသက်တမ်း တစ်နှစ်မပြည့်မီမှာပင် စောစီးစွာ ပေါ်ပေါက်ခဲ့ပြီး အစိုးရကို အကျပ်ရိုက်စေခဲ့သည်။ အစိုးရသည် တပ်မတော်နှင့် နီးကပ်စွာ ပူးပေါင်းပြီးယင်းပြဿနာနှစ်ရပ်ကို ဖြေရှင်းနေရဆဲဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် ယခင်အစိုးရလက်ထက်က နှစ်ပတ်တစ်ကြိမ်ခေါ်ယူလေ့ရှိသော ကာလုံအစည်းအဝေးကို တစ်ကြိမ်မျှ မခေါ်ခဲ့ပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လည်ပတ်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်း နှစ်ပေါင်းများစွာ တပ်ချုပ်များ ခြေဦးမလှည့်ခဲ့သည့် အာဇာနည်ကုန်းသို့ ပြန်လည်တက်ရောက်ဂါရ၀ပြုခဲ့ပြီး အပြန်အလှန်ဆက်ဆံရေးကောင်းပြခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် ၂၁ ရာစုပင်လုံကို ကျင်းပနိုင်ခဲ့သော်လည်း ကချင်နှင့် ရှမ်းပြည်နယ်မှ တိုက်ပွဲများနှင့် ရှမ်းမြောက်တိုက်ပွဲများက ပင်လုံကို မှေးမှိန်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အအောင်မြင်ဆုံး ကဏ္ဍက ပြည်ပခရီးစဉ်များဖြစ်ပြီး နိုင်ငံတကာက မြန်မာ၏ အခန်းကဏ္ဍကို ပြန်လည်အသိအမှတ်ပြုစေခဲ့သည်။

အမေရိကန်ပိတ်ဆို့မှု ပယ်ဖျက်ပေးခဲ့ခြင်းက အထင်ရှားဆုံးသက်သေဖြစ်သည်။ ထို့အပြင် တရုတ်နှင့် အမေရိကန်တို့ကြားမြန်မာ၏ အခြေအနေကို ထိန်းညှိနိုင်ခဲ့ပြီး အိန္ဒိယနှင့် ဂျပန်တို့ကလည်း အစိုးရသစ်ကို အပြည့်အဝထောက်ခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုကောင်းလာအောင် မြှင့်တင်နိုင်ခဲ့သည်။

ထိုင်းနှင့် စင်ကာပူခရီးစဉ်များသည်လည်း အောင်မြင်မှုရခဲ့သည်။ သံတမန်ရေးရာကျွမ်းကျင်လိမ္မာလှသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို နိုင်ငံတကာ မီဒီယာအချို့ကပင် ချီးကျူးအသိအမှတ်ပြုခဲ့သည်။

သို့သော် ပြည်ထောင်စုဝန်ကြီးများ ရွေးချယ်ခန့်အပ်မှုနှင့်ပတ်သက်၍ ဝေဖန်မှုများရှိခဲ့သည်။ အစိုးရအဖွဲ့ဝင်အချို့ စတင်ခန့်အပ်ရန် စီစဉ်ကတည်းက ဒေါက်တာဘွဲ့အတုပြဿနာ ပေါ်ခဲ့သကဲ့သို့ အစိုးရသက်တမ်း ရှစ်လခန့်ရှိသည့်တိုင် ဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်၊ ဝန်ကြီးအချို့၏ လုပ်ငန်းမကျွမ်းကျင်မှုအတွက် ဝေဖန်မှုများ မြင့်တက်လာသည်။


ရခိုင်ပြည်နယ်သို့ ကွင်းဆင်းစစ်ဆေးနေသော ကိုဖီအာနန် (ဓာတ်ပုံ - အေအက်ဖ်ပီ)

 နိုင်ငံတကာ ပဋိပက္ခများ စောင့်ကြည့်သောအဖွဲ့ (ICG)က ပင် ဒေါ်အောင်ဆန်းစုကြည်တွင် အလုပ်တာဝန်များပြားလွန်းနေပြီး အစိုးရအဖွဲ့အောင်မြင်၊ မအောင်မြင်မှာ တာဝန်ခွဲဝေနိုင်မှုအပေါ်မူတည်ကြောင်း အကြံပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်အရေးနှင့်  မြစ်ဆုံကိစ္စများကဲ့သို့ အရေးကြီးကိစ္စများကို ကော်မရှင်များဖွဲ့၍ ကိုင်တွယ်ခဲ့သည်။ ရခိုင်အကြံပေးကော်မရှင်တွင် ကိုဖီအာနန်အား ဥက္ကဋ္ဌတာဝန်ပေးအပ်ခြင်းဖြင့် ပြည်ပဖိအားကို တွန်းလှန်ခဲ့ပြီး ပြည်တွင်းကဆန္ဒပြဝေဖန်မှုများကို ကြံ့ကြံ့ခံခဲ့သည်။ မြစ်ဆုံကိစ္စကိုလည်း မြွေမသေတုတ်မကျိုးအခြေအနေအဖြစ် ထိန်းထားနိုင်ဆဲဖြစ်သည်။

ဒီချုပ်လွှတ်တော်သည် ၂၀၁၆ မြန်မာ့နိုင်ငံရေးစင်မြင့်တွင် စိတ်လှုပ်ရှားဖွယ်များဖြင့် အသုံးတော်ခံခဲ့သည့် နေရာဖြစ်သည်။ ခြင်္သေ့ပါတီကြီးစိုးခဲ့သည့် လွှတ်တော်ကို ဒေါင်းပါတီက လွှဲပြောင်းကြီးစိုးခဲ့သည်။

နာမည်ကြီး ၅(ည) ပုဒ်မပါသော ဥပဒေ၊ ဧည့်စာရင်းတိုင်ကြားရသည့်စနစ် ပယ်ဖျက်သော ဥပဒေ၊ ခွင့်ပြုချက်ယူစရာမလိုတော့သည့် ငြိမ်းချမ်းစွာစုဝေးစီတန်းလှည့်လည်ခြင်း ဥပဒေတို့ကို ပြင်ဆင်ပယ်ဖျက်နိုင်ခဲ့သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှလွဲ၍ ကျန်သည့် လွှတ်တော်ဆိုင်ရာ မဲခွဲဆုံးဖြတ်ရသည့်ကိစ္စများတွင် တပ်မတော်၏ ကန့်ကွက်မှုများကို ဒီမိုကရေစီနည်းဖြင့် ကျော်ဖြတ်ပြခဲ့သည်။ သက်ငယ်မုဒိမ်းကိစ္စကို လွှတ်တော်က ကိုင်တွယ်နေပြီ ဖြစ်သော်လည်း ၆၆(ဃ)ကိုမူ မတို့မထိသေးပေ။

၂၀၁၆ သည် ချောက်ချားဖွယ် နာမည်ကြီးမှုခင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြည်သူများ ကျောမလုံခဲ့ရသည့်နှစ် ဖြစ်ခဲ့သည်။ ထို့အပြင် စီးပွားရေးကျပ်တည်းမှုဒဏ်ကို ပြည်သူများ ခံစားခဲ့ရပြီး ဒေါ်လာဈေးမှာလည်းကျပ် ၁,၄၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လက်ရှိအခြေအနေတွင်တော့ စီးပွားရေးဖွံ့ဖြိုးရန်နှင့် ငြိမ်းချမ်းရေးခြေလှမ်း ရှေ့သို့တိုးနိုင်ရေးမှာ အစိုးရ၏ အဓိကဦးစားပေးရမည့်အရာများဖြစ်လာသည်။

မည်သို့ပင်ဖြစ်စေ ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်ခဲ့သည့် ကိုယ်စားလှယ်များက ရွေး ချယ်ခဲ့သော ပြည်သူ့အစိုးရတစ်ရပ်၏ သက်တမ်းသည် ကိုးလတိုင်အောင်ပင် ရောက်ရှိခဲ့ပြီဖြစ်သည်။ တိုတောင်းလှသော အချိန်အတွင်းမှာပင် စွမ်းဆောင်ရည်ကောင်းများ ပြသလင့်ကစား ပြည်သူများ စားဝတ်နေရေး ချောင်လည်ရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့အတွက်ကို အစိုးရသစ်အနေဖြင့် အားစိုက်ရမည်ဖြစ်သည်။