ယခုနှစ်အတွင်း မြိတ်ကျွန်းစုသို့ စက်တပ်ရွက်လှေဖြင့် လည်ပတ်သည့် နိုင်ငံခြားဧည့်သည် ၃,၀၀၀ ကျော်ရှိ

နိုင်ငံခြားဧည့်သည်များ စိတ်ဝင်စားမှုများလာသည့် မြိတ်ကျွန်းစု (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

တနင်္သာရီတိုင်းရှိ မြိတ်ကျွန်းစုများသို့ စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်သည် ယခုနှစ်အတွင်း ၃,၂၀၀ ကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် လည်ပတ်မှုနှုန်း မြင့်တက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘မြိတ်ကျွန်းစုဒေသကို နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားမှု မြင့်တက်နေပြီးလည်ပတ်သူဦးရေကလည်း တစ်နှစ်ထက် တစ်နှစ် ပိုများလာတာကိုတွေ့ရပါတယ်။ ဝန်ကြီးဌာန အ နေနဲ့လည်း မြိတ်ကျွန်းစုခရီးစဉ် တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းရှင်အသင်းတွေ၊ ဈေးကွက်မြှင့်တင်ရေး အသင်း တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောကြားသည်။

၂၀၁၅ တွင် မြိတ်ကျွန်းစုများသို့ စက်တပ်ရွက်လှေ ၃၉၆ စီးဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၃,၂၇၀ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ ဇန်နဝါရီမှ နိုဝင်ဘာအထိ စက်တပ်ရွက်လှေ ၃၉၃ စီးဖြင့် နိုင်ငံခြားသားဧည့်သည် ၃,၂၀၁ ဦး ဝင်ရောက်ခဲ့ကာခရီးသည်အဝင် အများဆုံးဖြစ်သည့် ဒီဇင်ဘာ အဝင်စာရင်းများမှာ ကောက်ယူဆဲဖြစ်၍ မပါဝင်သေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘မြိတ်ကျွန်းစုမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ခရီးစဉ်ဒေသတွေ မပျက်စီးရေးအ တွက် ထိန်းသိမ်းဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင် တာတွေ၊ အဲဒီဒေသမှာ ဆွေးနွေးပွဲ တွေ လုပ်တာမျိုးတွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်’’ဟု ဦးမြင့်ထွေးက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားဧည့် သည်များမှာ တနင်္သာရီတိုင်းဒေသ ကြီးရှိ ခွင့်ပြုကျွန်းများသို့လည်း နေ့ချင်းပြန်ခရီးစဉ်၊ ညအိပ်ခရီးစဉ်များကို စက်တပ်ရွက်လှေများဖြင့် သွားရောက်ကာ အပန်းဖြေခြင်း၊ ငါးမျှားခြင်း၊ ရေငုပ်၍ ရေအောက် ရှုခင်းများကြည့်ရှုခြင်း၊ ဆလုံတိုင်းရင်းသားများ၏ဘဝများကို လေ့လာခြင်းများပြုလုပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

Top News