ဒေါ်လာဈေးအတက်ကြမ်း၍ ပြည်တွင်းမှ ပြည်ပသို့ ထွက်ခွာမည့်ခရီးစဉ်များ ဖျက်သိမ်းမှုရှိလာ

ဗီယက်နမ်ရှိ Titov ကျွန်းကို တွေ့ရစဉ်၊ ယခုနောက်ပိုင်း ဗီယက်နမ်သို့ သွားရောက်သော ခရီးသွားများ ပိုမိုများပြားလာသည်။ (ဓာတ်ပုံ-Alex Stoen)

ဒေါ်လာဈေး အတက်ကြမ်းမှု ကြောင့် နိုင်ငံခြားသားများအား ဝန်ဆောင်မှုပေးနေသော လက်ငင်းငွေပေးချေသည့် ခရီးသွားလုပ်ငန်းများတွင် အကျိုးအမြတ်ရရှိသော်လည်း ပြည်တွင်းခရီးသွားများအား ဝန်ဆောင်မှုပေးနေသည့် Outbound Tour ကုမ္ပဏီများတွင် ခရီးသည်များက ခရီးစဉ်ကိုကြိုတင်မှာယူပြီးမှ ဖျက်သိမ်းမှုများ ပြုလုပ်လာကြောင်း သတင်းရရှိသည်။

 ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်ပခရီးစဉ်သို့ လိုက်ပါမည့် ခရီးသည်များ၏ ၃၀ ရာခိုင်နှုန်းမှာ စာရင်းပေးပြီးမှ ပြန်လည်ဖျက်သိမ်းခြင်းများ ပြုလုပ်လာကြောင်း Outbound Tour ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများထံမှ သိရသည်။

‘‘ဒေါ်လာဈေးက အရမ်းတက်လာတဲ့အတွက် နယ်ကနေ ပြည်ပခရီးစဉ်တွေကိုလိုက်မယ့် ခရီးသည်တွေဆိုရင် မြန်မာငွေနဲ့ ပြန်တွက်လိုက်တော့ ဈေးအရမ်းကြီးတယ်။ မလိုက်တော့ဘူးဆိုတာမျိုးတွေအထိ ရှိလာတယ်။ ခရီးသွားတွေအတွက် ဈေးကြီးသွားသလို ကုမ္ပဏီဘက်မှာလည်း အကျိုးအမြတ်သိပ်မရတော့တဲ့အပြင် အခက်အခဲတွေလည်း ရှိလာပါတယ်။ အခုက ခရီးသွားရာသီဖြစ်တော့ ပိုဆိုးတာပေါ့’’ဟု Tango ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ Tour Leader ကိုရန်နိုင်ဦးက ပြောသည်။

 လက်ရှိတွင် ဒေါ်လာဈေးသည် ၁,၄၀၀ ကျော်ရှိနေပြီး ဒေါ်လာဈေးအတက်အကျကြမ်း နေပါက Outbound Tour ခရီးသွားလုပ်ငန်းများအပြင် ရေရှည်တွင် နိုင်ငံခြားသားခရီးသွားများအား ခရီးစဉ် ကြိုတင်ရောင်းချထားသည့် ခရီးသွား ကုမ္ပဏီများတွင်ပါ ထိခိုက်လာနိုင်၍ ရေရှည်အတွက် စဉ်းစားဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက အကြံပြုသည်။

‘‘ခရီးသွားလုပ်ငန်းတွေဟာ ဒေါ်လာကို အခြေပြုပြီး တွက်ချက်ရတာဖြစ်တဲ့အတွက် နိုင်ငံခြား သားတွေကို ဝန်ဆောင်မှုပေးနေပြီး လက်ငင်းငွေချေရတဲ့ ခရီးသွားလုပ်ငန်းတွေမှာ ရေတိုအနေနဲ့ အကျိုးအမြတ်ရနိုင်ပေမယ့် ပြည်တွင်းက ခရီးသည်တွေအတွက် Outbound Tour လုပ်ကိုင်နေတဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဒေါ်လာနဲ့ ပေးချေရတဲ့အခါ ဈေးပိုကြီးသွားနိုင်တာကြောင့် အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်ပါတယ်’’ဟု ဦးသက်လွင်တိုးက ပြောသည်။