စက်တင်ဘာလကုန်အထိ နိုင်ငံတကာခရီးသွားအ၀င် ယခင်နှစ်ကာလတူထက် လျော့ကျ

ယခုနှစ် နိုင်ငံခြားခရီးသွား ၀င်ရောက်မှုသည် ယမန်နှစ်ကထက် ၁၁ ရာခိုင်နှုန်းလျော့နည်းနေသည်။ (ဓာတ်ပုံ − စိုင်းဇော်)

ပြည်တွင်းသို့ နိုင်ငံတကာ ခရီးသွားအ၀င်သည် စက်တင်ဘာလကုန်အထိ ရရှိထားသော စာရင်းများအရ ယခင်နှစ်ကာလတူထက် ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသတင်းရရှိသည်။

‘‘လောလောဆယ်မှာ နယ်စပ်ဝင်ပေါက်တွေကရော၊ ရေဆိပ်၊ လေဆိပ် ထိုင်းဘော်ဒါ လေးခုကနေ ၀င်ရောက်တာတွေ ရောပါပါတဲ့ စာရင်းတွေအရဆိုရင် စက်တင်ဘာ ၃၀ ရက်အထိမှာ မြန်မာနိုင်ငံရဲ့ အရင်နှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် အနုတ် ၁၁ ရာခိုင်နှုန်း လျော့နေတယ်။ အဲဒီလိုလျော့နေတာကို ကိန်းဂဏန်းအတိအကျနဲ့ မပြောရသေးတဲ့အကြောင်းရင်းကတော့ လ၀ကရဲ့ စာရင်းတွေနဲ့ ကိုက်ညီဖို့လိုတဲ့အတွက်ဖြစ်ပါတယ်’’ဟု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောကြားသည်။

 ခရီးသွားအ၀င် ကျဆင်းရခြင်းမှာ အဓိကအားဖြင့် ဈေးနှုန်းစရိတ်စကများ ကြီးမြင့်ခြင်းနှင့် မြန်မာနိုင်ငံ အမှတ်တံဆိပ်ကို နိုင်ငံတကာတွင် ဈေးကွက်မြှင့်တင်မှု လုပ်ဆောင်ရေး အားနည်းချက်တို့ကြောင့်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့နှင့်ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။

‘‘မြန်မာနိုင်ငံကိုလာတဲ့ ဧည့်သည်တစ်ယောက်က ဒီမှာတစ်ပတ်နေရင် ကျန်တဲ့အာဆီယံနိုင်ငံတွေမှာ နှစ်ပတ်နေလို့ရတဲ့ကုန်ကျစရိတ်နဲ့ တူနေတယ်ဆိုတဲ့အချက်ပါ။ ဒါဟာ အင်မတန်သတိထားရမယ့် အချက်ပါ။ ကျွန်တော်တို့ ဟိုတယ်သမားတွေက ဟိုတယ်ခ လျှော့ပေးရမယ်။ အခုလည်း ကျနေပါပြီ။ ဒါ့ထက် ချပေးဖို့ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ချပေးရမလဲ။ ဒါကို အဖြေရှာဖို့လိုပါတယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းကပြော ကြားသည်။

လေကြောင်းလိုင်းများ ဈေးနှုန်းကြီးမြင့်နေမှုများကို လျှော့ချနိုင်ရေးအတွက်လည်း သက်ဆိုင်ရာ လေကြောင်းလိုင်းများ၊ အဖွဲ့အစည်းများ၊ တာဝန်ရှိပုဂ္ဂိုလ်များ စုပေါင်း၍ ဆွေးနွေးအဖြေရှာရန်လိုကြောင်း ဦးရန်ဝင်းပြောသည်။

နိုင်ငံတကာမှ ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံဟူသည့် အမှတ်တံဆိပ်ကို ပိုမိုသိရှိလာရေး နိုင်ငံတကာ ပြပွဲကြီးများ၌ ၀င်ရောက်ပြသခြင်း၊ အခြားသော ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အစရှိသည်တို့ ဆောင်ရွက်ရမည်ဖြစ်သော်လည်း လက်ရှိတွင် ငွေကြေးရန်ပုံငွေမလုံလောက်မှုကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သက်ဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူအချို့က ပြောသည်။