ရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်နေသော တရုတ်နိုင်ငံ

တရုတ်နိုင်ငံ အနောက် မြောက်ပိုင်း ဆန်ကျန်းကျေးရွာမှ ဒေသခံများသည် နှစ်စဉ်နွေရာသီရောက်တိုင်း သုံးညတာ တရုတ်ရိုးရာ အော်ပရာကြည့်ရှုရန် စုဝေးကြသည်။ ကလေးများစီးရန် ခြားရဟတ်များ၊ ပြောင်းဖူးပေါက်ပေါက်နှင့် ကြက်ကင်ဆိုင်များရှိသည်။ အဘိုး၊ အဘွားများက မြေး၊မြစ်များကို ကြည့်ရှုထိန်းကျောင်းကြပါသည်။

ယခုနှစ်မှာတော့ ကလေးငယ်များ၏ အဖေအမေများပါရှိနေသဖြင့် ထူးခြားပါသည်။ ယခင် နှစ်များကဆိုလျှင်တော့ ငယ်ရွယ်သော မိခင်၊ ဖခင်တို့အနီးအနား မြို့ကြီး၊ မြို့ငယ်များတွင် အလုပ်သွားလုပ်နေကြသောကြောင့် ကလေးများကို အဘိုး၊ အဘွားများ လက်အပ်ထားခဲ့ရသည်။ သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးလာပြီး ရွှေ့ပြောင်းလုပ်သားများ အတွက် အလုပ်ရှားပါးလာသဖြင့် သူတို့တစ်တွေ အိမ်ပြန်နေကြသည်။

တရုတ်အစိုးရ၏ တရားဝင် အလုပ်လက်မဲ့နှုန်းမှာ နှစ်ပေါင်း များစွာပင် ၄ ရာခိုင်နှုန်းဟု ဖော်ပြသည်။ ယင်းမှာ တရုတ်စီးပွားရေး၁၀ ရာခိုင်နှုန်းကျော်ရှိခဲ့ရာမှ ယမန်နှစ်အတွင်း ၇ ရာခိုင်နှုန်းထက် လျော့နည်းလာချိန်အထိပင်ဖြစ် သည်။ ၇ ရာခိုင်နှုန်း အောက်မှာ ၂၅ နှစ်အတွင်း စံချိန်တင်အနိမ့်ဆုံးဖွံ့ဖြိုးတိုးတက်မှုနှုန်းဖြစ်ပါ သည်။

သို့သော်အလုပ်လက်မဲ့နှုန်း (သို့မဟုတ်) အလုပ်အကိုင်လျှော့ ချခန့်ထားမှုနှုန်းအစစ်အမှန်မှာ အစိုးရ၏ တရားဝင်ကိန်းဂဏန်းများတွင် ဇန်စီဟူနှင့် ယူလင်းဒေသ၊ ဆန်ကျန်းကျေးရွာမှ ၎င်း၏ ဇနီးတို့ကဲ့သို့ ရွှေ့ပြောင်းလုပ်သား ၂၇၇သန်းကို ထည့်မတွက်ထားဟူသော အချက်က ဖုံးကွယ်ထားသည်။ တကယ်တော့ နိုင်ငံအ နောက်မြောက်ပိုင်း ရှန်စီပြည်နယ် မှ ယူလင်းဒေသမှာ ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသော ဒေသဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ် ယူလင်းဒေသတွင် အိမ်ခြံမြေလုပ်ငန်းအကြီးအကျယ်ထွန်းကားခဲ့စဉ်က သူတို့လင်မယားနှစ်ယောက် ဆောက်လုပ်ရေးလုပ်သားများအတွက် ကင်န်တင်းစားသောက်ဆိုင်ဖွင့်ရင်း တစ်လယွမ် ငွေတစ်သောင်းရှာဖွေနိုင်ခဲ့သည်။ ရွှေ့ပြောင်းလုပ်သားတစ်ဦး၏ ပျမ်းမျှဝင်ငွေ နှစ်ဆဖြစ်သည်။ ယခုတော့ အိမ်ခြံမြေဆောက်လုပ်ရေး ခေတ်ကုန်သွားပါပြီ။

‘‘ပြီးခဲ့တဲ့နှစ်ကတော့ အမြတ်ရဖို့ အရမ်းခက်လာတယ်။ အဲလိုဆိုတော့ ကျွန်တော်ကင်န်တင်းကို ပိတ်လိုက်ပြီး စားဖိုမှူးအလုပ် လိုက်ရှာခဲ့တယ်’’ဟု လွန်ခဲ့သော ၁၄ နှစ်က ဆန်ကျန်းကျေးရွာမှ ထွက်ခွာခဲ့သော ဇန်က ပြောပြသည်။ ‘‘ဒါပေမဲ့လည်း အလုပ်ရှာ ရခက်တယ်။ ဘယ်သူမှ မခေါ်ကြဘူး။ အလုပ်ရပြန်တော့လည်း သုံး၊လေးလပဲကြာတယ်။ အလုပ်က ထွက်ခွင့်ပေးလိုက်တယ်။ အခုတော့ သူ့ဆိုင်သူပြန်ဖွင့်နေတယ်’’ ဟု ၎င်းက ဆက်ပြောသည်။

ယခုဆိုလျှင် ဇန်နှင့် သူ့ဇနီး တို့ရွာကို ပြန်လာခဲ့ကြပြီး သူတို့၏ ကလေးများ၊ မိဘများနှင့်အတူ မိသားစုလယ်ယာဆီပြန်လာကြကာ ကျွဲ၊ နွား ၂၀၀ မွေးမြူနေကြ သည်။

‘‘ရွှေ့ပြောင်းအလုပ်သမားတွေ မြို့ကြီးတွေမှာ အလုပ်ရှာလို့ မရကြတော့ ကြီးမားတဲ့ ပြဿနာ ဖြစ်နေတယ်။ သူတို့မွေးရပ်မှာ နေကြတော့လည်း သူတို့ဝင်ငွေက အရမ်းနည်းတယ်’’ဟု ယူလင်း ဒေသကူးသန်းရောင်းဝယ်ရေးဗျူရို မှ အစိုးရအရာရှိက ပြောသည်။

ကျယ်ပြန့်သော အလုပ်သ မားဈေးကွက်အခြေအနေကို လစဉ်တိုင်းတာရန် အကောင်းဆုံးဟု စီးပွားရေးပညာရှင်များပြောသော စီးပွားရေးစစ်တမ်းများတွင်လည်း ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုလုပ်ငန်းနှစ်ခုစလုံးတွင် အလုပ်နေရာများ ထပ်မံလျှော့ချ နေသည်ဟု ပြသနေသည်။

‘‘ရွှေ့ပြောင်းလုပ်သားတွေဟာ အလျှော့အတင်းအလွန်များတဲ့ အလုပ်သမားဈေးကွက်ဖြစ်ပြီး အစိုးရရဲ့ စာရင်းအင်းတွေကနေ လွတ်ထွက်နေပါတယ်’’ဟု ဟောင်ကောင် HSBC ဘဏ်အုပ်စုမှ စီးပွားရေးပညာရှင် ဂျူလီယာဝမ်က ဆိုသည်။ လွန်ခဲ့သော ၂ နှစ်အ တွင်း ရွှေ့ပြောင်းလုပ်သားများ၏ အနေအထားကို ကြည့်လျှင် မြို့ ကြီးများသို့ သွားရောက်သူ သိသာစွာ နည်းပါးသွားသည်ဟု ၎င်းက ပြောသည်။

အစိုးရ၏ ကိန်းဂဏန်းများ၌ ၂၀၁၅ အတွင်း ရွှေ့ပြောင်းလုပ်သားအရေအတွက် ၀ ဒသမ ၄ ရာခိုင်နှုန်းများလာသည်ဟု ပြသသည်။ ယင်းမှာပင် ၂၀၀၉ ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်း နောက်ပိုင်း အရေအတွက် အနည်းဆုံးတိုးတက်မှုဖြစ်သည်။ မွေးရပ်  ပြည်နယ်ပြင်ပတွင် သွားရောက် အလုပ်ရှာဖွေသော ရွှေ့ပြောင်း အလုပ်သမား ဦးရေမှာလည်း ၂၀၁၅ တွင် ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်ကျဆင်းသွားသည်။

စီးပွားရေး အခြေအနေမ ကောင်းခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများသာ ဆုံးရှုံးနေသည်မဟုတ်ပေ။ နိုင်ငံပိုင်စက်ရုံများ (SOE) ၏ ၀န်ထမ်းများနှင့် အခြားပိုမိုကြီးမားသော ကုမ္ပဏီများ၏ ၀န်ထမ်းများမှာလည်း လစာနည်းပါးလာမှု၊ အရည်အချင်းနှင့် မကိုက်ညီသော ခန့်အပ်မှု၊ အလုပ်အာမခံချက်နည်းပါးမှုတို့နှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည်လာမည့် ၂ နှစ်၊ သုံးနှစ်အတွင်း အစိုးရအလုပ်သမား ငါးသန်းမှ ခြောက်သန်းအထိ အနားပေးသွားမည်ဟု မတ်လအတွင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါသည်။

ဝမ်မေနှင့် သူမ၏ ခင်ပွန်းမှာ တရုတ်နိုင်ငံ၏ အကြီးမားဆုံးရေနံ နှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်သော ကုမ္ပဏီ Petro China ၏ မွန်ဂိုလီးယားအတွင်းပိုင်းဒေသ၌ လုပ်ကိုင်နေခဲ့ပါသည်။

သို့သော်၎င်းတို့၏ လစာများ ဖြတ်တောက်ခံရပြီးနောက် ၀မ်မေ နှင့် ခင်ပွန်းသည်တို့ ယူလင်းဒေသ ဆူဒီစီရင်စုနေအိမ်သို့ ပြန်ရန်ဆုံးဖြတ်ခဲ့ကြသည်။

‘‘သူ့အလုပ်က ထွက်ဖို့ ဆုံး ဖြတ်ခဲ့တာ ခင်ပွန်းသည်အတွက် ခက်ခဲတယ်လို့ ထင်ပါတယ်။ စီးပွားရေးက အခြေအနေမကောင်းဘူး။ ကျွန်မတို့ကလေးက ဆူဒီမှာ ရှိနေ တယ်။ အဲဒီနေရာဟာ ကျွန်မတို့ ကြီးပြင်းခဲ့တဲ့နေရာ ဒါကြောင့် ကျွန်မတို့ပြန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ တယ်။ နိုင်ငံပိုင်လုပ်ငန်းတစ်ခုမှာ လုပ်တာပိုပြီး တည်ငြိမ်ပါတယ်။  ဒါပေမဲ့လည်း သူ့ရဲ့ လစာက ယွမ် ၄,၀၀၀ ကနေ ယွမ် ၂,၀၀၀ ကိုလျော့ကျသွားတယ်။ ဒါနဲ့ နောက်ဆုံးတော့ သူအလုပ်က ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်’’ဟု ၀မ်မေက ပြောကြားသည်။ ထိုစဉ်က ၀မ်မေမှာ ပြုပြင်ထိန်းသိမ်းရေးဌာနတွင် လုပ်ကိုင်ပြီး ခင်ပွန်းသည်က အိုင်တီဌာနတွင် လုပ်ကိုင်ခဲ့ပါသည်။

Petro China မှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးကမူ မိမိတို့ ကုမ္ပဏီအနေဖြင့် အခြေခံလုပ်သားများ၏ လစာကို တည်ငြိမ်အောင် ကြိုးစားနေသည်ဟုဆိုပါသည်။ သို့သော်ယင်းနှင့် ပတ်သက်၍ နမူနာတစ်ခုပေးရန်နှင့် လက်ရှိ ကုမ္ပဏီ၏ လစာပေးပုံများကို ပြောကြားရန် ၎င်းက ငြင်းဆန်ခဲ့သည်။

ဝမ်မေမှာ ဆူဒီစီရင်စုအစိုးရ ရုံးတစ်ရုံးတွင် ယာယီအလုပ်တစ်ခု ရရှိနေပါပြီ။ သူမ၏ ခင်ပွန်းသည်ကမူ ဘာလုပ်ရမည်နည်းစဉ်းစားနေဆဲဖြစ်သည်။

‘‘သူ့အနေနဲ့ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းတစ်ခုစတင်ကောင်း စတင်နိုင်ပါတယ်။ ဆိုကြပါစို့။ အီလက်ထရွန်နစ် ကုန်သွယ်ရေး စတိုးဆိုင်တစ်ခု။ လူအများအပြား အဲဒီလိုလုပ်နေကြတယ်။ ဒါပေမဲ့လည်း ဘာမှမသိဘဲနဲ့တော့ စီးပွားရေးမလုပ်စေချင်ဘူး။ အဆင်ပြေမှာ မဟုတ်ဘူး’’ဟု ၀မ်မေက ဆိုသည်။

အစိုးရက အလုပ်အကိုင်ရရှိရေး ကူညီပေးရန် ကြိုးစားနေပါသည်။ ယင်းတွင် အမြတ်မထွက်သော အစိုးရလုပ်ငန်းများကို ပြန်လည်တွန်းတင်ခြင်း၊ လေ့ကျင် သင်ကြားပေးရေး အစီအစဉ်များ တိုးမြှင့်ခြင်းနှင့် ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းရှင်များဖြစ်လာရေး အားပေးခြင်းတို့ ပါဝင်ပါသည်။

‘‘ဘယ်လိုလဲဆိုတော့ အလုပ်ကိုရောက်လာ၊ ရောက်တတ်ရာရာစကားတွေပြော၊ လက်ဖက်ရည် သောက်ကြ၊ သတင်းစာဖတ်ကြ၊ ဒီလိုပဲထိုင်နေကြပြီး ဘာမှလည်း ဟုတ်တိပတ်တိမလုပ်ကြ၊ လုပ်စရာမရှိ’’ဟု ၎င်းကိုယ်၎င်း လျူဟု သာ ပြောကြားသော ယူလင်းမြို့ အစိုးရလုပ်ငန်းတစ်ခုမှ အလုပ်သမားတစ်ဦးက ပြောကြားသည်။

‘‘ကျွန်တော်တို့စက်ရုံမှာ လူ သုံးပုံနှစ်ပုံလောက်က ဘာအလုပ်မှ မလုပ်ကြဘူး’’ဟု ၎င်းက ဆိုသည်။

ယူလင်းမြို့တစ်ဝိုက်တွင် စီးပွားရေးလုပ်ငန်းစတင်လိုသူများအတွက် နေရာဌာနများ စတင်ပေါ်ထွက်လာခဲ့ပါသည်။ ယင်းနေရာဌာနများမှာ စီးပွားရေးလုပ်ငန်းသစ်များ ထူထောင်နိုင်ရေး အားပေးအားမြှောက်ပြုရန် ရည်ရွယ် သည်ဟု အစိုးရအရာရှိအများအပြားက ပြောကြားပါသည်။

ဘိုင်ဟူဖန် (၂၅)နှစ်သည် ထိုကဲ့သို့ နေရာဌာနတစ်ခုကို စီမံခန့် ခွဲပါသည်။ ကွန်မြူနစ်ပါတီအ ဆောင်အယောင်များဖြင့် တန်ဆာဆင်ထားသော အဆောက်အအုံတွင် ၂၀၁၅ က လုပ်ငန်းစတင်ခါစ အဖွဲ့ငယ် ၃၂ ခုရှိခဲ့ပါသည်။ သို့ သော်ယင်းတို့အနက် တစ်ခုကို သာလျှင် အောင်မြင်စွာ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့သည်ဟု ဘိုင်က ပြော သည်။

‘‘အစိုးရ ထောက်ပံ့ငွေကြောင့် ကျွန်တော်တို့ဆက်ပြီး ရှင်သန်နေတာပါ။ အစိုးရကလည်း ကျွန်တော်တို့ ရှိနေသေးတာကို ပျော်ရွှင်တယ်။ အကြောင်းကတော့ အလုပ်လက်မဲ့များပြားလာတဲ့ ကိစ္စကို ကိုင်တွယ်ဖို့ သူတို့လည်း မနည်းကြိုးစားနေရလို့ ဖြစ်ပါတယ်’’ဟု ဘိုင်ဟူဖန်က ဆိုသည်။

Ref:Reuters

Top News