ပညာသင်ရေး အသက်ဘေးနှင့် ရင်းနေရသူများ

ပျောက်ဆုံးကျောင်းသူ၊ ကျောင်းသားများကို ရှာဖွေနေသူ ဦးမောင်အေး ဓာတ်ပုံ−မောင်ကံ

‘‘အား...ကယ်ကြပါ၊ ကူကြ ပါ’’ ဆိုသည့် ဂွေးတောက်ချောင်း အတွင်းမှ ထွက်ပေါ်လာသည့် စူးရှသော အသံများက တိုက်ခတ်နေသော လေနှင့် အတူချောင်းကမ်းစပ်တွင် ငါးဖမ်းလှေပြင်နေသည့် ဦးမောင်အေး၏ နားထဲသို့
ဝင်ရောက်လာသည်။


အသံလာရာနေရာသို့ ဦးမောင်အေး လှမ်းကြည့် လိုက်သောအခါ ဂွေးတောက်ချောင်း အတွင်း နစ်မြုပ်နေသည့် ကူးတို့လှေတစ်စီးကို တွေ့လိုက်ရသည်။ ထို့ကြောင့် လုပ်လက်စ ငါးဖမ်းလှေပြင်သည်ကို အမြန်လက်စသတ်ပြီး
ဂွေးတောက်ချောင်းထဲသို့ လှော်ခတ်သွားကာ ရေနစ်မြုပ်နေသော ကျောင်းသား၊ကျောင်းသူများကို သူ့လှေဖြင့် ကယ်တင်တော့သည်။

သြဂုတ် ၁၉ ရက် နံနက် ၉ နာရီကျော်က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ကျေးရွာမှ ကျောင်းသား ၁၇ ဦး၊ ဟွန်ဒါစက်တပ်လှေမောင်းသူ တစ်ဦး စုစုပေါင်း ၁၈ ဦး ပါဝင်သော ဟွန်ဒါစက်တပ် ကူးတို့လှေမှာ
ကုန်းတန်းကူးတို့ဆိပ်မှ ရန်အောင်ပြင်ကျေးရွာ ကူးတို့ဆိပ်သို့ ဖြတ်ကူးစဉ် တစ်ဖက် ကမ်းစပ်သို့ မရောက်မီ ပေ ၁၀၀ ခန့် အလိုတွင် လှေဦးပိုင်းပေါက်ကာ ရေနစ်မြုပ်ခဲ့သဖြင့် အသက် (၄၇) နှစ်အရွယ် ဦးမောင်အေး ကယ်ဆယ်
ကူညီခဲ့ခြင်းဖြစ်သည်။

 ဦးမောင်အေးမှာ ရသေ့တောင်မြို့နယ် ကုန်းတန်းကျေးရွာတွင် ငါးဖမ်းသည့် အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပြီး ရေကူးကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်သည်။ လှေနစ်မြုပ်သည့်နေ့မှာ ဒီရေထရက်ဖြစ်၍
ချောင်းတွင်ရေများ ပြည့်လျှံနေချိန်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

‘‘ပေါက်နေတဲ့လှေကို ဖာဖို့ တစ်တောင်လောက် ရှိမယ့် သစ်သားပျဉ်ပြားကို ဖြတ်နေတဲ့ အချိန်မှာပဲ ချောင်းထဲက ကလေးတွေ အော်သံကို ကြားခဲ့ပါတယ်။ အသံကြားလို့ ကူးတို့ဆိပ်ဘက်ကို လှည့်ကြည့် လိုက်တဲ့အခါ ကူးတို့လှေဟာ တစ်ဖက်ကမ်းကို ရောက်ဖို့ ရှစ်တောင် ဝါးလေးပြန်လောက် အလိုမှာ  မြုပ်နေတာကို တွေ့ခဲ့ရပါတယ်။ အဲဒါနဲ့ ဖာထေးနေတဲ့ ကျွန်တော့်လှေကို မြန်မြန် သံရိုက်လိုက်ပြီး ရေနစ်မြုပ်နေတဲ့ နေရာကို
လှေနဲ့သွားခဲ့တာ ဖြစ်ပါတယ်’’ ဟု  လှေနစ်မြုပ်မှုကို ကယ်ဆယ်ခဲ့ရသည့် ၎င်း၏ အတွေ့အကြုံကို ပြန်လည် ပြောပြသည်။

 လှေပေါ်တွင် ပါလာသည့် ကျောင်းသား ၁၇ ဦးမှာ အလယ် တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားများဖြစ်ပြီး ရန်အောင်ပြင်ကျေးရွာရှိ အထက်တန်း ကျောင်းသို့ ကျောင်းတက်ရန် သွားရောက်ခြင်း ဖြစ်သည်။လှေပေါ်တွင်
ကျောင်းသားသုံးဦးနှင့် ကျောင်းသူ ၁၄ ဦး လိုက်ပါလာပြီး လှေနစ်မြုပ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း န၀မတန်း ကျောင်းသူ တစ်ဦး၊ သတ္တမတန်း ကျောင်းသူတစ်ဦးနှင့် ပဉ္စမတန်း ကျောင်းသူ နှစ်ဦး စုစုပေါင်း ကျောင်းသူလေးဦးမှာ ရေနစ် သေဆုံးခဲ့ရသည်။

 လှေမှောက်သည့် နေရာနှင့် ဦးမောင်အေးရှိရာ နေရာမှာများစွာ အလှမ်းမဝေးသော်လည်း ရေဆန်ဖြစ်နေ၍ လှေမှောက်သည့် နေရာသို့ ဆယ်မိနစ်ခန့် လှော်ခတ်ရသည်။ ကူးတို့လှေမှာ ရေထဲတွင် မှောက်ခုံဖြစ်လိုက်၊ပက်လက်
ဖြစ်လိုက် အနေအထားကို မနီးမဝေးက မြင်ခဲ့ရပြီး လှေအနီး ရောက်ရှိချိန်တွင် မှောက်လျက် ဖြစ်နေသော လှေပေါ်၌ ခွထိုင်နေသည့် အသက် (၁၀)နှစ်ခန့် ကျောင်းသားတစ်ဦး နှင့် အနီးတစ်ဝိုက်တွင် ရေကူးခပ်နေသည့်
ကျောင်းသား လေးငါးဦးခန့်ကို ပထမဆုံး တွေ့ရှိခဲ့သည်ဟု ဆိုသည်။

‘‘မှောက်ခုံ အနေအထား ဖြစ်နေတဲ့ လှေပေါ်မှာ ခွထိုင်နေတဲ့ (၁၀) နှစ်အရွယ်ခန့် ကျောင်းသား တစ်ဦးကို တွေ့ခဲ့ပါတယ်။ သူ့ကို အရင်ဆုံး ကျွန်တော့် လှေပေါ်ကို တင်လိုက်ပါတယ်။ ပြီးတော့ရေကူးနေတဲ့ ကျောင်းသားတွေကို
ကမ်းစပ်နားကို ပို့ပေးခဲ့ပြီးတော့ ပေါ်လိုက်၊ မြုပ်လိုက် ဖြစ်နေတဲ့ ကျောင်းသူတွေကို ဆက်ပြီး ကယ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျောင်းသူနှစ်ဦးကို နှစ်ယောက်ပူးတွဲ တွေ့ခဲ့တော့ လှေပေါ်ကို ဆွဲတင် လိုက်ပါတယ်။ အဲဒီလို
ကယ်ဆယ်ရေး လုပ်နေတဲ့ အချိန်မှာ ကျွန်တော် အလိုလို ၀မ်းနည်းမိလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လှေမြုပ်နေတဲ့ ကျောင်းသားတွေနဲ့ အရွယ်တူ ခုနစ်တန်းအရွယ် သားတစ်ဦး ကျွန်တော့်မှာ ရှိတဲ့အတွက် ဖြစ်ပါတယ်’’
ဟု ဦးမောင်အေးက ကျောင်းသူ၊ ကျောင်းသားများအား ကယ်တင်ခဲ့ပုံကို ပြန်ပြောပြသည်။

နောက်ဆုံး ကယ်ဆယ်လိုက်နိုင်သည့် ကျောင်းသူတစ်ဦးမှာ ၎င်းနှင့် ဆွေမျိုး တော်စပ်သူဖြစ်ကာ သတိလစ်မေ့မြောလုနီးပါး ဖြစ်နေပြီဟု ဆိုသည်။

ဦးမောင်အေးသည် ၎င်းကယ်ဆယ်ထားသော ကျောင်းသားငါးဦးကို သူ၏ လှေငယ်ဖြင့် အနီးအနားရှိ ချောင်းရေတိမ်ပိုင်းတွင် ချထားကာ ကျန်ရှိနေသည့် ကျောင်းသားများကို နောက်တစ်ခေါက် သွားရောက်၍ ဆက်လက်
ရှာဖွေခဲ့သည်။ သို့သော် ကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့တော့ပေ။ ထိုအချိန်တွင်လှေနစ်မြုပ်မှုကို မြင်တွေ့လိုက်ကြသည့် ကုန်းတန်းကူးတို့ဆိပ်မှ ရွာသားများမှာ ဦးမောင်အေး ကယ်ဆယ်ထားသည့် ကျောင်းသား စုစုပေါင်း ၁၃ ဦးကိုစက်လှေဖြင့် တင်ဆောင်၍ ကုန်းတန်းကျေးရွာသို့ ခေါ်ဆောင်ပေးသည်။

ကူးတို့လှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသည့် ကျောင်းသူ လေးဦး အနက် ပဉ္စမတန်း ကျောင်းသူတစ်ဦး၊ သတ္တမတန်း ကျောင်းသူ တစ်ဦးနှင့်န၀မတန်း ကျောင်းသူ တစ်ဦး၏ ရုပ်အလောင်းများကို လှေမှောက်ပြီးနောက် တစ်ရက်ဖြစ်သည့် သြဂုတ် ၂၀ ရက်က ဂွေးတောက်ချောင်းနှင့် မယူမြစ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ထပ်ပျောက်ဆုံး နေသည့် ပဉ္စမတန်း ကျောင်းသူ တစ်ဦး၏ ရုပ်အလောင်းကို သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းက
မယူမြစ် အတွင်းမှ ရှာဖွေတွေ့ရှိခဲ့သည်။

ယခုနစ်မြုပ်မှု ဖြစ်ပွားသော ကျောင်းသားများ တင်ဆောင်သွားသည့် ကူးတို့လှေမှာ ကြံ့ခိုင်မှု နည်းပါးနေပြီး လူဆယ်ဦးခန့်သာ တင်ဆောင်နိုင်သော လှေဖြစ်သော်လည်း လူ ၁၇ ဦးအထိ လူပိုတင်ဆောင်ခြင်းက
လှေနစ်မြုပ်ရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု သေဆုံးသွားသည့် ကျောင်းသားမိဘများက ပြောသည်။

‘‘ကူးတို့လှေက သစ်သားလှေ ဖြစ်ပြီးတော့ ဆွေးမြည့်နေပါပြီ။ တစ်ခါကူးရင် လူဆယ်ယောက် လောက်သာ တင်ဆောင်နိုင်မယ့် လှေပါ။ အသက်ကယ်အင်္ကျီကလည်း မပါတဲ့အတွက် အခုလို ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ရတာ
ဖြစ်ပါတယ်’’ဟု လှေနစ်မြုပ်မှုကြောင့် သေဆုံးခဲ့ရသည့် န၀မတန်း ကျောင်းသူတစ်ဦးနှင့်ပဉ္စမတန်း ကျောင်းသူတစ်ဦး၏ ဖခင် ဦးစိန်ယဉ်မောင်က ပြောသည်။

ရခိုင်ပြည်နယ်မှာ မြစ်ချောင်းများ ပေါများစွာ ရှိသော်လည်း မြစ်၊ ချောင်းနှင့် ဝေးသည့် ကျေးရွာများမှ ကလေးအများစုမှာ ရေမကူးတတ်ကြကြောင်း ဦးစိန်ယဉ်မောင်၏ ဇနီးသည်က ပြောသည်။

‘‘ရွာနဲ့ချောင်းက ဝေးတာကြောင့် ကျောက်စာတိုင်ရွာက မိန်းကလေး တော်တော်များများ ရေမကူးတတ်ကြပါဘူး’’ဟု သမီးငယ်နှစ်ဦး ဆုံးရှုံးခဲ့သော မိခင်ဖြစ်သူက ပြောသည်။

ကျောက်စာတိုင် ကျေးရွာမှာ လူနေအိမ်ခြေ ၁၀၀ ကျော်နှင့် လူ ဦီးရေ ၄၀၀ ကျော်ရှိပြီး ပညာသင်ကြားရန်အတွက် မူလတန်းအဆင့် ကျောင်းတစ်ကျောင်း သာရှိသည်။ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသားများမှာ
ရန်အောင်ပြင်ကျေးရွာ အထက်တန်းကျောင်းသို့ သွားရောက် ကျောင်းတက်နေရကြောင်း ကျောက်စာတိုင်ရွာခံများက ပြောသည်။

အလားတူ ဖြစ်ရပ်ဆိုး မဖြစ်စေရန် ကျောက်စာတိုင်ကျေးရွာတွင် အလယ်တန်းအဆင့် ကျောင်းတစ်ဆောင် ရရှိရန် လိုလားနေကြပြီး ကူးတို့လှေမောင်းသူအနေဖြင့် လှေနှင့် လူဦးရေကို မျှမျှတတ တင်ဆောင် ကူးဖြတ်ပေးရန်
လိုအပ်ကြောင်းနှင့် ကူးတို့လိုင်စင် ရရှိထားသူများ အနေဖြင့်လည်း ကူးတို့လှေမောင်းသူကို သတ်မှတ်ထားသည့် လူထက် ပိုမိုတင်ဆောင်ခြင်း ရှိ၊မရှိ စိစစ်ပေးရန် လိုအပ်နေကြောင်း ကျောင်းသားမိဘများက ပြောသည်။

ယခု လှေမှောက်မှုကြောင့် ရန်အောင်ပြင်ကျေးရွာ အထက်တန်းကျောင်းသို့ ကျောင်းတက်သွားရန် မိဘများက ၎င်းတို့၏ ကလေးများကို မလွှတ်ရဲဖြစ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ကျောက်စာတိုင်မှ ရန်အောင်ပြင်ကျေးရွာ အထက်တန်းကျောင်းသို့ သွားရန် ဦးစွာ ပထမ ကုန်းတန်းကူးတို့ဆိပ်သို့ နှစ်ဖာလုံခန့် လမ်းလျှောက်ရသည်။ ထိုမှတစ်ဆင့် ပေသုံးရာခန့်အကျယ် ဂွေးတောက်ချောင်းကို ကူးတို့လှေဖြင့်
ဖြတ်၍ နေ့စဉ်နှင့်အမျှ ကျောင်းတက်နေကြရသည်ဟု ရွာခံများက ပြောသည်။

‘‘ရန်အောင်ပြင် အထက်တန်းကျောင်းကို တက်နေတဲ့ ကျောင်းသားတစ်ရာကျော်လောက် ရှိပါတယ်။ ကျောက်စာတိုင်ရွာက ကျောင်းသားတွေအပြင် အနီးအနားရွာတွေ ဖြစ်တဲ့ မီးချောင်းရေသောက်၊ကုန်းတန်းနဲ့ စူးခွင်ကျေးရွာက
ကျောင်းသားတွေလည်း ရန်အောင်ပြင်ကိုပဲ သွားတက်ရပါတယ်’’ဟု ကုန်းတန်းကျေးရွာနေ ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

ပညာရှာဖွေရင်း အချိန်မတန်မီ ကြွေလွင့်ခဲ့ရသည့် ကျောက်စာတိုင်မှ ကျောင်းသူလေးဦး၏ ဖြစ်ရပ်ဆိုးမှာ ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။ ယခု ပညာသင်နှစ်စ ဇွန်လ ၁ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီ ပြင် အထက်တန်းကျောင်းခွဲမှ ဂန့်ဂါကျေးရွာသို့ ကျောင်းဆင်းပြန်လာသည့် ကျောင်းသား ၃၅ ဦးပါ ကူးတို့လှေမှာ ပိုးရွီမြစ်(တောဖျားချောင်း) ကိုဖြတ်ကူးစဉ် လှေနစ်မြုပ်၍ ကျောင်းသူခြောက်ဦးနှင့် ကျောင်းသားတစ်ဦး
စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ရပြီး ဖြစ်သည်။

ဂန့်ဂါကျေးရွာမှ ကျောင်းသားများ ရေနစ်သေဆုံးခဲ့စဉ်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက အခင်းဖြစ်ရာ နေရာသို့ ရောက်ရှိလာပြီး သေဆုံးခဲ့သည့် ကျောင်းသား မိဘများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့အပြင် ဂန့်ဂါကျေးရွာ မူလတန်းကျောင်းတွင် အလယ်တန်းအဆင့်ပညာသင်ကြား ပေးနိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။

ထို့အပြင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ၀န်ကြီးကလည်း ရခိုင်ပြည်နယ် အတွင်း ကူးတို့လှေ လိုင်စင် ရရှိထားသည့် လှေများ တွင်ထားရှိရန်အသက်ကယ်အင်္ကျီ အထည် ၂,၃၀၀ ကျော်ကိုဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။
သို့သော်လည်း လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် ကူးတို့လှေတွင် အသက်ကယ် အင်္ကျီတစ်ထည်မှ တင်ဆောင်ထားခြင်း မတွေ့ခဲ့ရကြောင်း ကျောင်းသားများအား ကယ်ဆယ်ခဲ့သည့် ဦးမောင်အေးက ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၄ ဧပြီ ၁၆ ရက်က ဒန်ဝမ် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၂၅ ဦးအပါအ၀င် လူ ၅၀၀ ခန့် တင်ဆောင်လာသည့်MV Sewol ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့်
ကျောင်းသား၊ ကျောင်းသူ ၂၅၀ ကျော်အပါအ၀င် ၃၀၄ ဦးသေဆုံးခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့်စီမံခန့်ခွဲမှု ညံ့ဖျင်းသည် ဆိုကာ ၀န်ကြီးချုပ် ဂျောင်ဟောင်ဝမ်က တာဝန်ယူ၍ နုတ်ထွက်ခဲ့ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဟွန်ဟေးက တိုင်းပြည်ကိုတောင်းပန်စကား ပြောကြားခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေး ညံ့ခဲ့သည့် ကမ်းခြေစောင့်တပ်ကို ဖျက်သိမ်းပြီး ၀န်ကြီးဌာန အသစ်တစ်ခု ပြန်ဖွဲ့ခဲ့သည်။

ယခုကဲ့သို့ ကူးတို့လှေ နစ်မြုပ်ရခြင်း၏ အဓိက တာဝန်အရှိဆုံးလူမှာ ကူးတို့လှေ မောင်းသူဖြစ်ပြီး ကူးတို့လိုင်စင် ရရှိထားသူများတွင်လည်း တာဝန်ရှိသည်ဟုရွာခံအများစုက ပြောသည်။ ထို့နောက် တစ်ရွာနှင့်တစ်ရွာ
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် မလုပ်နိုင်သည့် အစိုးရတွင်လည်း တာဝန်ရှိနေသည်ဟု သုံးသပ်ကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၅ မတ်လ ၁၃ ရက်တွင်လည်း ကျောက်ဖြူမြို့မှ ရေပေါ်မြို့နယ်သို့ ထွက်ခွာလာသည့် အောင်တံခွန် (၃) သင်္ဘော ရခိုင်ပင်လယ်မြောက်ကြိမ်ကျွန်းအနီး နစ်မြုပ်မှုတွင် လူဦးရေတစ်ရာကျော် သေဆုံးခဲ့သည့်
သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့သည်မှာလည်း မကြာသေးပေ။ထို့ကြောင့် မကြာခဏကဲ့သို့ ဖြစ်နေသော သင်္ဘောနစ်စက်လှေများ နစ်မြုပ်မှုကြောင့် အဖိုးတန် လူ့အသက်များစွာ ကြွေလွင့်နေရသည်ကို အစိုးရကစနစ်တကျ ကိုင်တွယ်
ဖြေရှင်းရန် လိုနေပါသည်။ ထို့အတွက် အစိုးရတွင် တာဝန်ယူမှုရော၊ တာဝန်ခံမှုရော ရှိရမည် ဖြစ်သည်။

ကျောက်စာတိုင် ကျေးရွာကူးတို့လှေနစ်မြုပ်မှု ဖြစ်စဉ်တွင်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်တို့
အခင်းဖြစ်ပွားရာ နေရာသို့ ချက်ချင်း ရောက်ရှိလာပြီး သေဆုံးသူ ကျောင်းသူများ၏ မိဘများနှင့် ကျောင်းသားများအား ကယ်ဆယ်ပေးခဲ့သည့် ဦးမောင်အေးက ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ကူးတို့လှေနစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ကျောင်း သူများအတွက် ပြည်နယ်အစိုးရ အဖွဲ့က ငွေကျပ်သုံးသိန်း၊ ပညာ ရေးဌာနက ကျပ်တစ်သိန်း၊ လူမှု ၀န်ထမ်းဦးစီးဌာနက ကျပ်တစ် သိန်း၊ ရသေ့တောင် မဲဆန္ဒနယ်
ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်ဦးသန်းနိုင်က ငွေကျပ် တစ် သိန်းစီ ထောက်ပံ့ပေးခဲ့သည်။

ယခုဖြစ်စဉ်ကြောင့် အသက် ကယ်အင်္ကျီမတင်ထားသည့် ကူး တို့လှေများကို လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူပြီး သက် ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိများကိုလည်း အရေးယူမည်ဟု ပြည်နယ်
စည်ပင် ၀န်ကြီးကပြောကြားထားသည်။

ကျောင်းသူ သမီးငယ်နှစ်ဦးကို ဆုံးရှုံးခဲ့သည့် ဦးစိန်ယဉ်မောင်တွင် အသက်(၉)နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူ တစ်ဦးနှင့် ကျောင်းမတက် ရသေးသည့်(၄) နှစ်အရွယ် သမီးတစ်ဦးတို့ ကျန်ရစ်ခဲ့သည်။ စတုတ္ထတန်း ကျောင်းသူ
သမီးမှာကျောက်စာတိုင်ရွာရှိ မူလတန်းကျောင်းတွင် တက်ရောက် နေရာအလယ်တန်း ရောက်ပါက ရန်အောင်ပြင်ကျေးရွာရှိ အလယ်တန်းကျောင်းသို့ ပို့ရန်ကိုပင် စိုးရိမ် ကြောက်လန့်နေကြောင်း ၎င်းက ပြောသည်။

‘‘ဒီကလေး လေးတန်းအောင်ရင် ရန်အောင်ပြင်ကို ပို့ရပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းကို မပို့ရဲတော့ဘူး။ ကျွန်တော့် မိသားစုတွေကို ဂွေးတောက်ချောင်းကိုလုံးဝမ ဖြတ်ကူးစေချင်တော့ဘူး’’ဟု အသက် (၃၈)နှစ် အရွယ် ဦးစိန်ယဉ်မောင်က ပြောသည်။


ပျောက်ဆုံးကျောင်းသူ၊ကျောင်းသားများကို ဒေသခံများက ရှာဖွေနေစဉ်
မောင်ကံ