"ထိုင်းရောက်မြန်မာအလုပ်သမားကူညီရေးအဖွဲ့နှစ်ဖွဲ့ကို ဖမ်းဆီးစစ်ဆေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြား"

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအရေးအား ကူညီဆောင်ရွက်ပေးနေသော မဟာချိုင်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် AAC မဟာမိတ်အဖွဲ့တို့ မှ တာဝန်ရှိသူများအား ဖမ်းဆီး၍ စစ်ဆေးမှုများပြုရန် ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT နှင့် AAC မဟာမိတ်အဖွဲ့တို့သည် သြဂုတ် ၂ရက်က ရန်ကုန်မြို့သို့လာရောက်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားများ၏ လက်ရှိဖမ်းဆီးခံနေရမှုများ အခြေအနေနှင့် MoU လုပ်သားများ ဒုက္ခရောက်နေရသည့် အခြေအနေများကို သတင်းစာရှင်းလင်းပွဲပြုခဲ့သည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင်ပြောဆိုသည့်စကားများသည် ထိုင်းနိုင်ငံ၏ဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟုဆိုကာ ယင်းအဖွဲ့နှစ်ဖွဲ့အား ဖမ်းဆီး၍စစ်ဆေးပေးရန် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးက DSI အထူးစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့အား သြဂုတ် ၅ ရက်တွင် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း MAT နှင့် AAC အဖွဲ့မှ တာဝန်ရှိသူများက 7Day Daily သို့ပြောသည်။

“ရန်ကုန်မှာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲပြုလုပ်တဲ့နေ့မှာပဲ ထိုင်းအလုပ်သမားဝန်ကြီးက ရန်ကုန်ရောက်နေတယ်။ ကျွန်တော်တို့ ပြောတာထက်ပိုပြီး ဒီဘက်က ထိုင်းဝန်ကြီးကို ပြောလိုက်တာလို့သိရတယ်။ ထိုင်းအစိုးရက မြန်မာအလုပ်သမား တစ်သောင်းကျော်ဖမ်းဆီးပြီး ပြန်ပို့နေတာလို့ သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့က ပြောတယ်ဆိုပြီး ထိုင်းဝန်ကြီးဆီကို ပြန်ပြောတယ်လို့ ကြားတယ်။

တကယ်တော့ ကျွန်တော်တို့က အဲလိုမပြောပါဘူး။ ကျွန်တော်တို့ ရှင်းလင်းတာက အကျင့်ပျက်အေဂျင်ဆီအကြောင်းနဲ့ MoU စနစ်ကြောင့် မြန်မာလုပ်သားတွေ ဒုက္ခရောက်ရတဲ့အကြောင်း ရှင်းလင်းတာပါ”ဟု MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။

“ဒီနေ့ မနက်ပိုင်းထိတော့ ဖမ်းဆီးတာတွေ မလုပ်သေးပါဘူး။ နယ်မြေရဲစခန်းကတော့ ကျွန်တော်တို့ ဘယ်မှာရှိနေလဲလို့ ဖုန်းဆက်ပြီး မေးပါတယ်။ ကျွန်တော်တို့ကလည်း ဖမ်းဆီးစစ်ဆေးခံရဖို့ အသင့်ပါပဲ” ဟု AAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။