ပြည်-အောင်လံလမ်းပိုင်းမြစ်ရေ ၄ ရက်ဆက်နစ်မြုပ်၍ သွားလာရေးအခက်တွေ့

ဓာတ်ပုံ-စိုင်းဇော်

ရန်ကုန်-ပြည်-မန္တလေးလမ်းဟောင်း ပြည်-အောင်လံမြို့လမ်းပိုင်းတွင် ဧရာဝတီမြစ်ရေ ၃ ပေနီးပါးအထိ ၄ ရက်ဆက် နစ်မြုပ်နေသည်။ သြဂုတ်လ ၂ ရက်မှစတင်ကာ ရေနစ်မြုပ်ခြင်းဖြစ်ပြီး ယနေ့(သြဂုတ်လ ၆ရက်)အထိ ပြန်လည်ကျဆင်းခြင်း မရှိသေးပေ။

ယဉ်မောင်းနှင့် ခရီးသည်များ အခက်အခဲ ကြုံတွေ့နေရသလို ရေထဲဖြတ်မောင်း၍ ကားအင်ဂျင်ပျက်စီးမှုများ ရင်ဆိုင်နေရကြောင်း ဒေသခံယဉ်မောင်းများက ပြောသည်။

ကားများ အင်ဂျင်ပျက်စီးမည်စိုး၍ ရေထဲမမောင်းတော့ဘဲ အခကြေးငွေယူကာ ဆွဲသောကားများဖြင့် ယင်းလမ်းပိုင်းကို ဖြတ်သန်းနေကြသည်။

ရေမြုပ်နေသော လမ်းပိုင်းများမှာ အောင်လံမြို့ သရက်တောရပ်ကွက် အေးစေတီဘုရားရှေ့လမ်း၊ အောင်လံမြို့နှင့်ပြည်မြို့ကြား သံကျေးရွာနှင့် ပြင်းပေါက်ကျေးရွာအနီးတွင်ဖြစ်သည်။ ပြင်းပေါက်ကျေးရွာအနီးတွင် အဆိုးဆုံး ဖြစ်ပေါ်နေသည်။

ယင်းမြို့နှစ်မြို့ကြား ရေလွတ်သော ကားလမ်းဘေးနေရာများတွင်လည်း ရေမြုပ်ကျေးရွာအချို့မှ ဒေသခံ လူဦးရေရာနှင့်ချီ၍ ယာယီတဲထိုးကာ လာရောက်နေထိုင်နေကြရသည်။

ကားလမ်းဘေးမှ ပြောင်းနှင့် နှမ်းစိုက်ခင်းအများစုလည်း ရေနစ်မြုပ်နေပြီး ရေမြုပ်ရက်ကြာပြီဖြစ်၍ ပျက်ဆီးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြည်မြို့အပါအဝင် ဧရာဝတီမြစ်ကမ်းဘေးရှိ အနီးပတ်ဝန်းကျင်မြို့များ၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထိ မြင့်တက်နေနိုင်သေးကြောင်း မိုး/ဇလဌာနက သတိပေးထားသည်။