"အမျိုးသမီးတစ်ဦးက လမ်းမပေါ်တွင် ကိုယ့်ကိုယ်ကို ဓားဖြင့်မွှန်း "

ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း

တောင်ကြီးမြို့၊ မိန်းလမ်း၊ အင်းဝဘဏ်အနီးတွင် အသက် ၃၀နှစ်အရွယ် အမျိုးသမီးတစ်ဦးမှ လမ်းလယ်တွင်ထိုင်၍ ၄င်း၏လက်ကိုဓားဖြင့် မွှန်းနေမှု ယနေ့(သြဂုတ် ၅ ရက်) နံနက် ၁၀နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

၎င်းအမျိုးသမီးသည် လမ်းလယ် တည့်တည့်တွင် ထိုင်ကာ အများပြည်သူမောင်းနှင်လျက်ရှိသည့် ကား၊ဆိုင်ကယ်များ သွားလာ၍ မရအောင် ပိတ်ထိုင်ပြီး ဓားဖြင့်မွန်းနေခဲ့ခြင်းဖြစ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲများ လာရောက် လမ်းရှင်းပေးခဲ့ရသည်။

တောင်ကြီးမြို့ ၊မြို့မရဲစခန်းမှ တာဝန်ရှိသူများမှ လာရောက်ဖြောင်းဖြ ပြောဆိုရာ အနားမကပ်ရန် နှင့် အနားကပ်ပါက ၄င်း၏ လည်ပင်းကို ဓါးဖြင့် လှီးမည်ဟု ခြိမ်းခြောက်ခဲ့သည်။

တာဝန်ကျရဲအရာရှိများကချော့မော့ပြောဆိုပြီး အနောက်မှ ၀င်ရောက် ချုပ်နှောင်ဖမ်းဆီး၍ တောင်ကြီးမြို့၊စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

"အခုဆေးကုသပေးထားပါတယ်၊ စိုးရိမ်စရာမရှိပါဘူး၊ စိတ်ဝေဒနာသည်လည်းမဟုတ်ပါဘူး၊ ၊အခုဒီလို အများပြည်သူသွားလာနေတဲ့ လမ်းပေါ်မှာ အများပြည်သူတွေ စိတ်အနှောက်ယှက်ဖြစ်အောင်လုပ်တဲ့အပြင် မိမိကိုယ်ကို စိတ်အထိတ်တစ်လန့်ဖြစ်အောင် ပရိယာယ်သုံးတဲ့အတွက် ရဲအက် နဲ့ အမှုဖွင့်အရေးယူသွားမယ်" ဟု တောင်ကြီးမြို့၊မြို့မရဲစခန်းမှ ရဲအုပ် ထွန်းထွန်းဝင်း ကပြောသည်။

အများပြည်သူ သွားလာနေသည့် လမ်းပေါ်တွင် ယင်းကဲ့သို့ပြုမှုခဲ့သည့်အတွက် ၄င်းအမျိုးသမီးကို ရဲအက်-၄၇ ဖြင့် တောင်ကြီးမြို့၊မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။