မင်္ဂလာဈေးမီး ကျပ်သိန်းပေါင်း လေးသောင်းကျော်ဖိုးဆုံးရှုံးဟု ခန့်မှန်း

ဈေးဆိုင်ပိုင်ရှင်များကမူ ဆုံးရှုံးမှုတန်ဖိုး ယခုပမာဏထက် အဆများစွာပိုကြောင်းပြော
အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းနေသောမီးကို ငြှိမ်းသတ်နေသည့်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြည့်ရှုနေသောပြည်သူများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မင်္ဂလာဈေးမီးကြောင့် ဆိုင်ခန်းပေါင်း ၁,၆၀၀ ကျော် မီး လောင်ပြာကျခဲ့ပြီး ကျပ်သိန်း ပေါင်း လေးသောင်းကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း ခန့်မှန်းထားကာ ဆုံးရှုံးမှု တန်ဖိုးအသေးစိတ်ကို တွက်ချက်နေဆဲဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှရဲမှူး သိန်းအောင်က ပြောသည်။


‘‘အခု ခန့်မှန်းတွက်ချက်တဲ့ စာရင်းအရ ကျပ်သိန်းပေါင်းလေး သောင်းကျော်ဖိုးလောက် ဆုံးရှုံး သွားတယ်။ အသေးစိတ်စာရင်းကို တော့ ထပ်ပြီးတွက်ချက်နေတုန်း ပဲ။ စတုတ္ထထပ်က ဆိုင်ခန်းတံခါး ပြင်ဆင်ရာကနေ စဖြစ်တယ်လို့ တော့ သိရတယ်။ အခုလောလော ဆယ်မှာတော့ အလုပ်သမား ခြောက်ဦးကိုခေါ်ပြီးစစ်ဆေးနေ တယ်’’ဟု ရဲမှူးသိန်းအောင်က ပြောသည်။

သို့သော် မင်္ဂလာဈေး စတု တ္ထထပ်တွင် ဖွင့်လှစ်ထားသည့် ဆေးဆိုင်ခန်းများတွင် တစ်ခန်းလျှင် ပစ္စည်းတန်ဖိုး အနည်းဆုံး ကျပ်သိန်း ၇၀၀ အထက်တွင်ထားရှိ၍ လောင်ကျွမ်းပျက်စီးခဲ့သည့် တန်ဖိုးသည် အစိုးရထုတ်ပြန်သော တန်ဖိုးထက် များပြားနိုင်သည်ဟု အဆိုပါဈေး၌ ဆေးဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသားတစ်ဦးကပြောသည်။

‘‘ဒီမှာရောင်းနေတဲ့ဆေးဆိုင် က ခြောက်ရာကျော်လောက်ရှိ တယ်။ အနည်းဆုံး ဆိုင်ကတော့ သိန်းခုနစ်ရာအထက်မှာ ရှိပါ တယ်။ ဒီမှာကိုတစ်ဆင့်ရောင်းချ သူတွေကို ပြန်ရောင်းတဲ့ဆိုင်တွေ ဆိုတော့ တချို့ဆိုင်တွေ သိန်း ထောင်ချီပြီး ဆိုင်ထဲမှာထား တယ်။ ကျွန်တော်ဖွင့်တဲ့ဆိုင်သုံး ဆိုင်တောင် သိန်းနှစ်ထောင်ကျော် ဖိုးရှိတယ်’’ဟု အဆိုပါအမျိုးသားက ပြောသည်။

ဇန်န၀ါရီ ၉ ရက် နံနက် ၁ နာရီအချိန်မှ စတင်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း မီးလောင်ဆုံးရှုံးခဲ့သည်။ တတိယထပ်တွင် ဖွင့်လှစ်ထားသည့် ၇၉၁ ဆိုင်တွင် အလှကုန်နှင့် မီးဖိုချောင်သုံးပစ္စည်းဆိုင်များ၊ စတုတ္ထထပ်တွင် ဖွင့်လှစ်ထားသည့် ၇၉၇ဆိုင်တွင် အလှကုန်၊ ဆေးပစ္စည်းဆိုင်များနှင့် ပဉ္စမထပ်တွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် ၄၈ ဆိုင် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း ရဲမှူးကပြောသည်။

မီးလောင်ကျွမ်းခဲ့သည့် မင်္ဂ လာဈေးကို မီးသတ်ယာဉ် ၅၈ စီး၊ အထောက်အကူယာဉ် ခုနစ်စီး၊ အုပ်ချုပ်မှုယာဉ် ၁၁ စီး၊ လှေကား တင်ယာဉ် လေးစီး၊ ရေဘောက် ဆာယာဉ် ၂၇ စီး၊ မိတ်ဖတ်ယာဉ် ခြောက်စီး၊ ကြက်ခြေနီယာဉ် ၁၉ စီး၊ Water Tower နှစ်စီး၊ စုစု ပေါင်း ၁၃၄ စီး ဖြင့် မီးငြှိမ်းသတ် ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦး စီးဌာနမှ မီးသတ်အရာရှိတစ်ဦး ကပြောသည်။

‘‘မီးသတ်တပ်ဖွဲ့ဝင် အ ယောက်သုံးရာလောက်နဲ့ မီးငြှိမ်း သတ်ခဲ့ပါတယ်။ လောင်ကျွမ်းချိန် လေးနာရီလောက်အကြာမှာ မီး ထိန်းနိုင်တယ်။ နံနက် ၇ နာရီ ကျော်လောက်မှာတော့ မီးငြိမ်း အောင်လုပ်နိုင်တယ်။ မီးသတ်ရဲ ဘော်တစ်ဦး ဒဏ်ရာရတယ်။ အခုရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသနေပါတယ်’’ဟု အဆို ပါအရာရှိက ပြောသည်။