တိုင်းပြည်ဖွံ့ဖြိုးအောင် အမှန်တကယ် ဆောင်ရွက်မည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အစွမ်းကုန်ကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)ပြောဟု မြေးဖြစ်သူ ဆို

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၀၃ ခုနှစ်က တွေ့ဆုံစဉ်။ ၁၂ နှစ်ကြာ ပြီးနောက် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံ တွေ့ဆုံခဲ့သည်။ (ဓာတ်ပုံ − AFP)

ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ(ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့သည် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏ နေအိမ်၌ နှစ်နာရီခွဲကြာ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း ဦးသန်းရွှေ၏မြေး နေရွှေ သွေးအောင်က ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဒီဇင်ဘာ ၅ ရက် ညပိုင်း၌ ရေးသားခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ကာ နှစ်ဖက်တွေ့ဆုံဆွေးနွေး နိုင်ရေးအတွက် ကြားမှ သတင်း စကားများပါးခဲ့ကြောင်း နေရွှေ သွေးအောင်က ရေးသားထားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ဦးသန်းရွှေအနေဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ကူညီမည်ဟု ပြောကြောင်း ရေးသားထားသည်။

‘‘ရွေးကောက်ပွဲတွင် တရား ၀င်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ ပြည်၏ အနာဂတ်ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ် လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်သည်။ သူ့အနေ ဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အမှန်တကယ်ကြိုးပမ်း ဆောင်ရွက်မည်ဆိုပါက မိမိအ နေဖြင့် တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်’’ ဟု ဦး သန်းရွှေက ပြောကြားခဲ့ကြောင်း  နေရွှေသွေးအောင်က ရေးသား ထားသည်။

 ဦးသန်းရွှေနှင့် တွေ့ဆုံဆွေး နွေးရန် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းနှင့် ပတ်သက် ၍ ‘‘တိုင်းပြည်အကျိုးကို ထိခိုက်  ဆုတ်ယုတ်စေနိုင်သည့် အငြိုးအ တေးနှင့် အာဃာတတရားများ မိမိတွင် လုံးဝမရှိ။ အနာဂတ်မြန်မာ နိုင်ငံတော် အောင်မြင်စွာ တည် ထောင်နိုင်ရေးနှင့် တပ်မတော် အပါအ၀င် အဖွဲ့အစည်းအားလုံး နှင့် လက်တွဲပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူး ကြီး သန်းရွှေနှင့် တွေ့ဆုံဆွေးနွေး လို’’ဟု သတင်းစကားပါးကြောင်း ၎င်းက ရေးသားခဲ့သည်။

နေရွှေသွေးအောင်က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ရသောနေ့အကြောင်းကို အသေး စိတ်ရေးထားပြီး ဒေါ်အောင်ဆန်း စုကြည်၏ သဘောထားအား ၎င်း ၏ အဘိုးဖြစ်သူကို ပြန်ပြောခဲ့ခြင်း နှင့် ပတ်သက်၍ ‘‘အန်တီနှင့်  တစ်နာရီခွဲခန့် တွေ့ဆုံခဲ့ပြီး ထင်တာ ထက် အများကြီး အဆင်ပြေခဲ့၍ ကြည်နူးစွာ အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့ နေ့လယ်တွင် အ ဘိုးကိုလည်း အန်တီ၏ သဘော ထားများကိုလည်း တင်ပြခဲ့ပြီး နောက် လူကြီးက ‘တိုင်းပြည်အ တွက် သားရွှေအိုးထမ်းကိန်းကြုံ လေပြီ’ဟု ပြောကြားခဲ့လေရာ ကျွန်တော်လည်း ခေါင်းဆောင် နှစ်ဦးအဆင်ပြေတော့မည်ဟု အ လွန်ပင် တွေးတောဝမ်းမြောက်ပြီး ထိုနေရာတွင်ပင် အဘိုးကို ဦးသုံး ကြိမ်ချ ရှိခိုးကန်တော့ခဲ့ပါသည်’’ ဟု ဆိုသည်။

၎င်းက ထိုသို့ ရေးသားဖော်ပြမှုကို နှစ်ဖက် ခေါင်းဆောင်များ ၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ တွေ့ဆုံမှုကို မှတ်တမ်းဓာတ်ပုံရိုက်လိုသော်လည်း အခွင့်မရခဲ့သောကြောင့် ခေါင်းဆောင်သုံးဦးလက်မှတ်ရေးထိုးထားသော ငါးထောင်တန်ငွေစက္ကူကို ၎င်းက ဖော်ပြခဲ့သည်။ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ဒေါ်အောင်ဆန်းစုကြည်တို့၏လက်မှတ်များဖြစ်ပြီး လက်မှတ်ထိုးထားသော လူကြီးများအားလုံးသည် တိုင်းပြည်ခေါင်းဆောင်နေရာရောက်ရှိနေချိန်(သို့မဟုတ်)အကြီးအကဲဖြစ်တော့မည့် အချိန်တွင်သာ ရေးထိုးထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ သီးသန့်တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ဒီချုပ်ပါတီ၏ပြောရေးဆို ခွင့်ရှိသူ ဦးဝင်းမြင့်က အတည်ပြု ပြောကြားသည်။

‘‘တွေ့တယ်ဆိုတာ ဟုတ် တယ်။ ဘာတွေဆွေးနွေးလဲဆို တာတော့ ကျွန်တော်လည်း မပါ သွားတဲ့အတွက် ဆွေးနွေးတဲ့အ ချက်အလက်တွေကို မသိပါဘူး’’ ဟု ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၅ရက် ညနေတွင် 7Day Daily သတင်းစာကို အတည်ပြုပြောကြားခဲ့သည်။

 ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေးကိုနေရွှေသွေး အောင် (ဖိုးလပြည့်)ကို ဒေါ် အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ် တွင် လက်ခံတွေ့ဆုံမှုအပြီး ၁၅ ရက် အကြာတွင် ဦးသန်းရွှေနှင့် သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဦးသန်းရွှေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြ ကြောင်း ဒီဇင်ဘာ ၄ ရက် ညက သတင်းများ ထွက်ပေါ်လာခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများထံ 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်း ရာ ၎င်းတို့မသိရှိကြကြောင်း ပြန် လည်ဖြေကြားခဲ့ကြပြီး ဒီဇင်ဘာ ၅ရက် ညနေကျမှ အတည်ပြုဖြေ ကြားခြင်းဖြစ်သည်။

 ‘‘အခုလည်းပဲ တွေ့သင့် တွေ့ထိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ နေတယ်ဆိုတာ ခင်ဗျားတို့အား လုံးအသိပါ။ အဲဒီလိုတွေ့ရတဲ့အ ခြေအနေဟာ အခုကျွန်တော်တို့ ဘာမှမသိငြားသော်လည်း သိလာ တဲ့လေထုဟာ ရှေ့ကိုချောမော ပြေပြစ်စွာ သွားနိုင်မယ့်လေထု၊ တည်ငြိမ်တဲ့လေထု၊ အေးချမ်းတဲ့ လေထု ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ကျွန်တော်တို့ တွက်ဆနေကြတဲ့ အတွက် ပြည်သူတွေဟာ ၀မ်းသာ နေကြပါတယ်’’ဟု သူရဦးတင်ဦး က ဒီဇင်ဘာ ၅ ရက်၌ အထက် မြန်မာပြည်မှ အနိုင်ရ ဒီချုပ်အ မတ်များနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။

ယင်းသို့ တွေ့ဆုံမှုသည် ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်း ချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သမ္မတဖြစ်ပိုင်ခွင့်မရ သဖြင့် ယင်းပြဋ္ဌာန်းချက်ကို ပြင် ဆင်နိုင်ရေး ဒေါ်အောင်ဆန်းစု ကြည်၏ ကြိုးစားမှုလည်း ဖြစ်နိုင် ကြောင်း သတင်းစာဆရာ ဦးစည် သူအောင်မြင့်က ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပါအ၀င် လက်ရှိအစိုးရ အခင်းအကျင်းကို ဦးဆောင်ပေးခဲ့ သူသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေဖြစ်သည့်အပြင် နိုင်ငံ ရေးတွင်  တစ်စုံတစ်ရာအထိ အရေးပါနေသောကြောင့် ဒေါ် အောင်ဆန်းစုကြည် အနေဖြင့် သွားရောက်တွေ့ဆုံခြင်း ဖြစ် သည်ဟု ဦးစည်သူအောင်မြင့်က သုံးသပ်သည်။

လက်ရှိ ဒီမိုကရေစီအခင်း အကျင်းနှင့်ဖွဲ့စည်းပုံအခြေခံဥပ ဒေကို ဦးဆောင်စီမံခန့်ခွဲသူသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်း ရွှေဖြစ်ကာ ၎င်းသည် မြန်မာ့နိုင်ငံ ရေးတွင် အရေးပါသည့် သူဖြစ် သည့်အလျောက် ရွေးကောက်ပွဲ အနိုင်ရပါတီဥက္ကဋ္ဌနှင့် တွေ့ဆုံမှုသည် မြန်မာနိုင်ငံရေးတွင် အ ပြောင်းအလဲကြီးတစ်ရပ်ဖြစ်လာ နိုင်သည်ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က သုံးသပ်သည်။

‘‘သူတို့နှစ်ယောက်တွေ့တာ အင်မတန်မှကိုကောင်းပါတယ်။ အရင်က တွေ့ဆုံမှုတွေနဲ့မတူတဲ့ ရလဒ်မျိုးရလာနိုင်တယ်။ အဲ့ဒီ လောက်ပဲခန့်မှန်းချင်တယ်’’ ဟု ဦးခက်ထိန်နန်က ဆိုသည်။

 ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန်အတွက် တပ်မ တော် အစိုးရ လက်ထက်နံပါတ် သုံးခေါင်းဆောင်ဖြစ်ခဲ့သူ လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းကလည်း ကြား မှ ကြိုးပမ်းပေးခဲ့ရဖွယ်ရှိကြောင်း လည်း သုံးသပ်သူအချို့လည်း ရှိ သည်။ ဒီဇင်ဘာ လဆန်းပိုင်းအ တွင်း သူရဦးရွှေမန်းနှင့် ဒေါ် အောင်ဆန်းစုကြည်တို့သည် မ ကြာခဏ   တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး ဟောင်း ဦးသန်းရွှေနှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည့် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက လည်း တွေ့ဆုံခဲ့သည်။

ယင်းနောက် ဒီဇင်ဘာ ၄ ရက် ညပိုင်း၌ သူရဦးရွှေမန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် လက်ရှိအချိန်၌ တိုင်းပြည်အကျိုး ကို ပြည်သူများအပေါ် သစ္စာရှိစွာ ဆောင်ရွက်ပေးမည့်သူများရှိနေ သောကြောင့် ပြည်သူများအနေ ဖြင့် ၎င်းတို့ကို အားပေးဂုဏ်ပြုကြ ရန် ရေးသားထားပြီး ယင်းသို့ရေး သားမှုသည် ဒီဇင်ဘာ၂၊၃၊၄ ရက် တို့တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဆွေးနွေးမှုများကို အ ခြေခံကြောင်း ဖော်ပြခဲ့သည်။

ဦးသန်းရွှေနှင့် တွေ့ဆုံခြင်း မပြုမီ နှစ်ရက်အလိုဖြစ်သော ဒီဇင်ဘာ ၂ ရက်က နေပြည်တော် တွင် သမ္မတ ဦးသိန်းစိန်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်တို့ နှင့်လည်း ဒေါ်အောင်ဆန်းစုကြည် က သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ သည်။