ပြောင်းလဲချိန်တန်ဖို့ နှလုံးစိတ်ဝမ်း ထိခိုက်ခဲ့ရသူ

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲကြီး

ငြိမ်ငြိမ်ဆိတ်ဆိတ်ဖြင့် ပြီးဆုံးလို့သွားခဲ့ပါပြီ။

လတ်တလောရရှိထားသည့် သတင်းအချက်အလက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာတော်တော်များများတွင် အနိုင်ရရှိထားသည်။

မကြာမီ အဖြေတစ်ခု ပြတ်ပြတ်သားသား ထွက်ပေါ်လာတော့မည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောင်းလဲချိန်တန်ပြီ ဆောင်ပုဒ်က နိုင်ငံတစ်ဝန်းမှာ အတော်လေးရေပန်းစားခဲ့သည်။ ပြောင်းလဲချိန်တန်ပြီဟုယူဆသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးရန် စိတ်အားတွေတက်ကာ စိတ်ဓာတ်တွေသန်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူကိုမကြည့်ဘဲ ပါတီကိုသာကြည့် မဲပေးရန် တိုက်တွန်းနှိုးဆော်မှုကလည်း အတော်လေး အရာရောက်ခဲ့သည်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကိုယ်စားလှယ်တစ်ဦးကိုမူ စိတ်နှလုံး ညှိုးငယ်စွာ မဲပေးခဲ့ကြ သည့် ပြည်သူများရှိခဲ့ပါသည်။

ထိုကိုယ်စားလှယ်က အခြားမဟုတ်။ ရွေးကောက်ပွဲ မရောက်မီကြားတစ်ရက်သာ ကျန်တော့သည့်အချိန် နိုဝင်ဘာ ၆ ရက်က မဲဆွယ်စည်းရုံးရင်း ကွယ်လွန်သွားခဲ့သည့် မြင်းမူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းဦးစိုးမြင့် ပင်ဖြစ်သည်။

ဦးစိုးမြင့်က မြင်းမူမြို့သားပင်ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကာလ တုန်းက မြင်းမူဒီချုပ်၌ ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ထောင်၆လ ကျခဲ့ဖူးသည်။ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အောင်နိုင်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ဖူးသည်။ ထို့နောက် ပါတီလုပ်ငန်းများဆောင် ရွက်နေရင်း လုပ်ငန်းကိစ္စများကြောင့် ရန်ကုန်၌ ပြောင်းနေရသည်။ ရန်ကုန် ပြောင်းတော့လည်း ဗဟန်းမြို့နယ်ဒီချုပ်မှာ အလုပ်အမှုဆောင် တာဝန်တွေ၊ အောင်နိုင်ရေးတာဝန်တွေဆက်လုပ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မြင်းမူဒီချုပ်အတွက် ကိုယ်စားလှယ်တွေ ရွေးကြတော့ ပါတီ တာဝန်ရှိသူတွေက ဦးစိုးမြင့်ကြီးကို ပြေးသတိရကြသည်။ သို့ဖြင့် ဦးစိုးမြင့်ကို ဆက်သွယ်ကာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေရန် ကမ်းလှမ်းကြ သည်။ ဦးစိုးမြင့်ကလည်း ကျေကျေနပ်နပ်ပင်လက်ခံကာ မြင်းမူမြို့ ကလေးဆီ အရောက်ပြန်လာခဲ့သည်။

ဦးစိုးမြင့်က မြင်းမူမှာနေ ကတည်းက ပွဲရုံလုပ်ငန်းတွေ၊ ထီလုပ်ငန်းနှင့် ရေသန့်လုပ်ငန်းတွေလုပ်ခဲ့တာကြောင့် အသက်လေး ဆယ်ကျော်တန်းတွေက ဦးစိုးမြင့်ကိုတန်းသိကြသည်။ နောက်ပြီး ဦးစိုးမြင့်က လူမှုဆက်ဆံရေးလည်းကောင်းမွန်ဖော်ရွေသည်။ မျက်နှာခပ်ဝိုင်းဝိုင်းက အမြဲပြုံးချို နေသည်။

မဲဆွယ်စည်းရုံးရေးကာလမှာလည်း မြို့ပေါ်ရော၊ တောနယ်ပါ တစ်ရွာဝင်တစ်ရွာထွက် တစ်အိမ်တက်၊ တစ်အိမ်ဆင်း မဲဆွယ်သည်။ သူက မဲဆန္ဒနယ် (၁)မှာသာ ရွေးချယ်ခံရမည်ဖြစ်သော်လည်း  မြင်းမူနယ်ထဲ ကရွာတွေကိုပါ ပါတီအတွက် မဲဆွယ်စည်းရုံးရေးဆင်းသည်။ သီချင်းဆိုလေ့ဆိုထမရှိသည့် ဦးစိုးမြင့်က ပါတီအတွက် မဲဆွယ်သီချင်း ကိုယ်တိုင်စပ်ကာဆိုသည်။ မဲဆွယ်ကာလတစ်လျှောက်မှာ နေ့ကောညပါ စည်းရုံးရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ ဒါတောင် သူကသိပ်အားမရ။ အချို့နယ်တွေမှာ မဲပေးစနစ်ကျနမှု မရှိသေးတာတွေ ပြန်တွေးပြီး ရင်မောခဲ့သည်။ ညဘက်ဆို ကောင်းကောင်းအိပ်မပျော်။

ထိုသို့ မဲဆွယ်စည်းရုံးရေးတွေ တက်ကြွစွာတောက်လျှောက် လုပ်လာခဲ့သည့် ဦးစိုးမြင့်တစ်ယောက် မဲဆွယ်ကာလနောက်ဆုံးရက် နိုဝင်ဘာ ၆ ရက်နံနက် မှာတော့ မြင်းမူဆေးရုံအနီးမှာ စည်းရုံးရေးကားပေါ် ဟောပြောအပြီး ထိုင်အချတွင် လဲကျသွားခဲ့သည်။ ဆေးရုံအရောက်ပို့ခဲ့သော်လည်း အသက်ပါမလာတော့။

ဦးစိုးမြင့်ဆုံးသွားတော့ ပြောင်းလဲချိန်တန်ဖို့ မဲပေးကြမည့် မြင်းမူနယ်သူနယ်သားအချို့ စိတ်တွေလေးလံသွားခဲ့ရသည်။

အမတ်တစ်နေရာဆိုလည်း တစ်နေရာ အရေးကြီးလွန်းလှသည့် အတွက် ဘာဆက်လုပ်လို့လုပ် ရမှန်းမသိအောင် ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်ခဲ့ကြသည်။ သို့ဖြင့် ပါတီရုံးဆီ ဖုန်းတွေတဂွမ် ဂွမ်ဆက်ကြသည်။ တစ်ဦးနှင့်တစ် ဦး ဦးစိုးမြင့်နေရာ ဘယ်လိုလုပ် ရင်ကောင်းမလဲ လှမ်းတိုင်ပင်ကြ သည်။ အနှစ်နှစ်အလလက ပေးရန်စောင့်ဆိုင်းကြခဲ့သည့် မျှော်လင့်ချက်မဲတစ်ပြားအား အလဟသမဖြစ်လိုကြ။

ဇဝေဇဝါပေါင်းများစွာဖြင့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ ကြီးကတော့ ရောက်လာခဲ့ပါ သည်။ ဦးစိုးမြင့်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်က ဆန္ဒမဲလက်မှတ် တွေမှာတော့ ဘယ်လိုညွှန်ကြား ချက်ကြောင့်ရယ်မသိ။ ဦးစိုးမြင့် နေရာမှာ ဘောပင်ဖြင့်ခြစ်ထားခဲ့ သည်ကို တွေ့ခဲ့ရသည်ဟု မြင်းမူ နယ်သားများကဆိုပါသည်။ နား လည်သူတွေကတော့ ဆန္ဒမဲလက် မှတ်ပေါ် ဘာမှရေးခြစ်၍မရဆို တာသိထားတော့ မဲလက်မှတ်ပြန် လဲပေးဖို့တောင်းဆိုသည်။ သို့ သော် တခြားမဲလက်မှတ်တွေက လည်း ဘောပင်တွေဖြင့်ခြစ်ထား ပြီးသားဖြစ်နေသည်။

မဲဆန္ဒလက်မှတ်အပေါ် ဘောပင်ဖြင့်ခြစ်ထားသည့် အတွက် ဘယ်ပါတီပေးပေး ထိုမဲ အားလုံး ပယ်မဲဖြစ်မည်ဟုထင် ကြသည်။ ထို့ကြောင့် ဆန္ဒရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကွယ်လွန်သူကိုယ်စားလှယ် ဦးစိုးမြင့်နေရာကိုသာ တံဆိပ်တုံး ထုခဲ့ကြသည်။ တချို့ကတော့ ဦးစိုးမြင့်မရလည်း ပါတီကရမည် ဟုထင်ကာ မဲပေးကြသည်။ တချို့ကတော့ ဦးစိုးမြင့်အား ခင်မင်ရင်း စွဲရှိခဲ့ကြသည်မို့ ‘‘သေသေဟာ စိုးမြင့်ကို ချစ်လို့ကိုပေးတာ’’ဟု မဲပေးခဲ့ကြသူတွေလည်းရှိခဲ့ကြ သည်။ ထိုသူတွေက ဦးစိုးမြင့် အတွက်လည်း စိတ်ထိခိုက်၊ ပါတီ အတွက်လည်း စိတ်မကောင်းဖြစ် ကာ စိတ်နှလုံးထိခိုက်စွာဖြင့် တံ ဆိပ်တုံးထုခဲ့ကြသည်။

နေဝင်ပြီးမကြာခင် မဲရုံ အသီးသီးနားမှာ မဲရလဒ်တွေသိ ချင်၍ လာစနည်းနာကြသူတွေ တဖြည်းဖြည်းများလာခဲ့သည်။ မဲရုံအတွင်းမှ တာဝန်ကျဆရာမ တွေက မဲတွေရေတွက်ဖို့ပြင်ဆင် သည်။ ဦးစိုးမြင့်၏ မဲပုံးကိုဖွင့်ချ တော့ များပြားလှသည့် ဆန္ဒမဲ လက်မှတ်အပုံကြီးကိုကြည့်ကာ ဆရာမလေးတစ်ဦး မျက်ရည်ကျ ခဲ့ရသည်ဟု မြင်းမူနယ်သားတစ် ဦးက ဆိုပါသည်။ ‘‘ဦးစိုးမြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’’ ဟုဆိုသည့် မဲရေတွက်သံတွေက ဆက်တိုက်ထွက်ပေါ်နေတော့ အခြားဆရာမတစ်ဦးမှာလည်း ဆက်မရေနိုင်လောက်အောင် စိတ်ထိခိုက်သွားခဲ့ရသည်ဟု ကြုံ တွေ့ခဲ့ရသူတွေကပြောပြသည်။ မဲရလဒ်များထွက်ပေါ်လာချိန်မှာ တော့ ဦးစိုးမြင့်က ဆန္ဒမဲပေါင်း နှစ်သောင်းကျော်ဖြင့် အများဆုံး ရရှိကာ အနိုင်ရခဲ့လေသည်။

သို့သော် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ နည်းဥပဒေ ၃၆(ဂ) အရ ရွေးကောက်ပွဲမကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်လောင်းကွယ်လွန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည် နယ်ကော်မရှင်အဖွဲ့ခွဲ၏ အတည် ပြုချက်ဖြင့် ထိုသူ၏အမည်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းမှ ပယ်ဖျက် ရမည်ဟု ပြဋ္ဌာန်းထားသည်။ နောက်ပြီး နည်းဥပဒေ ၃၆(ဃ) အရ ကျန်ရှိသည့်ကိုယ်စားလှယ် လောင်းများအနက် ခိုင်လုံသော ဆန္ဒမဲအများဆုံးရသူကို လွှတ် တော်ကိုယ်စားလှယ်အဖြစ် ကြော်ငြာနိုင်သည်ဟုဖော်ပြထား လေသည်။

ထို့ကြောင့် ဆန္ဒမဲပေါင်း ၇,၀၀၀ ကျော်ဖြင့် ဒုတိယမဲအများ ဆုံးရရှိခဲ့သည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်း သေကြီး အမှတ် (၁)မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးသောင်းမြင့်ကိုသာ အနိုင်ပေးခဲ့ရပါတော့ သည်။

မြင်းမူနယ်သားတွေက တော့ ကွယ်လွန်သူကိုယ်စားလှယ် လောင်းကို ချစ်ခင်၍လည်း ကောင်း၊ ပါတီကိုယုံကြည်၍ လည်းကောင်း၊ ပြောင်းလဲချိန်တန် ပြီဟုယူဆ၍လည်းကောင်း သက် ရှိထင်ရှားမရှိတော့သည့် ပါတီ၏ ကိုယ်စားလှယ်တစ်ဦးကိုပင် မျက် စိစုံမှိတ်မဲပေးခဲ့ကြသည်။ မကြာမီ မဲရလဒ်တွေ အပြီးသတ်ထွက်ပေါ် လာတော့မည်။ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း အစိုးရတစ်ရပ်ဖြစ် ပေါ်လာတော့မည်။ တကယ် ပြောင်းလဲချိန်တန်၊ မတန်စောင့် ကြည့်ရပါတော့မည်။