ပစ်သူတစ်ရာ ကောက်သူတစ်ယောက်နှင့် အမှိုက်ပြဿနာ

ချောင်းသာကမ်းခြေရှိအမှိုက်များ/ဓာတ်ပုံ − ချောင်းသာကမ်းခြေသတင်းဌာန

သင်္ကြန်ကာလအတွင်း ချောင်းသာကမ်းခြေသို့ လာရောက်အပန်းဖြေလည်ပတ်ကြသော ခရီးသည်များ ကြက်ပျံမကျအောင် စည်ကားခဲ့ပြီး လာရောက်လည်ပတ်သူ များသည်နှင့်အမျှ နောက်ဆက်တွဲ ကျန်ခဲ့သည့်ဆိုးကျိုးက အမှိုက်များပင်ဖြစ်သည်။ ချောင်းသာတွင် သင်္ကြန်ကာလပြီးရက်တွင် အမှိုက်များစွာ ကမ်းခြေနေရာအနှံ့ ကျန်ရစ်ခဲ့သည်။

သင်္ကြန်ကာလအပြီး ချောင်းသာကမ်းခြေတွင် အမှိုက်များစွာကျန်နေခဲ့ခြင်း အကြောင်းအရာကို ချောင်းသာဒေသခံများက လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်၌် ဓာတ်ပုံများဖြင့် ထုတ်ဖော်ပြသခဲ့ကြသည်။

လူအများ လည်ပတ်မှုများသော နေရာများတွင် အမှိုက်သရိုက်ပေါများနေခြင်းသည် ချောင်းသာကမ်းခြေတစ်ခုတည်းမဟုတ်။ ခရီးသည်အသွားအလာများသော ကျိုက်ထီးရိုး၊ အင်းလေး စသည့်ဒေသများတွင်လည်း တွေ့မြင်ရမှု များလာသည်။
 

ခရီးစဉ်ဒေသတွင် အမှိုက်များ ပေါများနေခြင်းသည် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများလည်း ဖြစ်နိုင်သည်ဟု ခရီးသွားနှင့် သဘာဝပတ်ဝန်းကျင် ကျွမ်းကျင်ပညာရှင်များကဆိုသည်။

‘‘အမှိုက်တွေအများဆုံးကတော့ ကျိုက်ထီးရိုးမှာ။ ဧည့်သည် ၃၃ ရာခိုင်နှုန်းလောက်က  အမှိုက်တွေများနေတာကိုပဲ ပြောကြတယ်’’ဟု Natural Dream ခရီးသွားလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်ကပြောသည်။

အမှိုက်များတွင် ပလတ်စတစ်အမှိုက်များက အဓိကအန္တရာယ်ရှိပြီး အမှိုက်များသော ဒေသများ၏ ခရီးသွားလုပ်ငန်းမှာ သိသိသာသာကျဆင်းသွားနိုင်ကြောင်း ဒေါ်စံပယ်အောင်က သုံးသပ်သည်။

‘‘ချောင်းသာကို ၂၀၀၅တုန်းက တစ်ခေါက်ရောက်သေးတယ်။ အဲဒီတုန်းက ခရုတွေကောက်လို့ရတယ်။၂၀၀၈ နည်းနည်းလျော့သွားပြီ။ အခုဆိုမရှိတော့ဘဲနဲ့ သဲသောင်မြေဆိုတာလည်း နုန်းတွေနဲ့ ရွှံစေးမြေလိုဖြစ်သွားပြီ။ စိမ်းပြီးပြာမနေတော့ဘူး။ ညစ်ပုပ်ပုပ်ကြီး ဖြစ်သွားတယ်။ အနာဂတ်မပြောနဲ့ အခုကိုပဲ ကမ်းခြေကပျက်နေပြီ’’ဟု မြန်မာအစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဒေ၀ီသန့်စင်က ချောင်းသာကမ်းခြေပျက်စီးနေသည့်အကြောင်းကိုပြောသည်။

နိုင်ငံခြားငွေ တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနေသော ချောင်းသာကမ်းခြေပျက်စီးမှုသည် ခရီးသွားလုပ်ငန်းကို ထိခိုက်ခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံခြားဧည့်သည်များသည် ချောင်းသာကမ်းခြေသို့ မသွားကြတော့ဘဲ ငွေဆောင်ကမ်းခြေကို ရွေးချယ်သွားကြကြောင်း  ဒေါ်ဒေ၀ီသန့်စင်ကပြောသည်။


ချောင်းသာကမ်းခြေရှိ အမှိုက်များ

ချောင်းသာတွင် အမှိုက်များကြောင့် မသန့်ရှင်းတော့ဘဲ ပင်လယ်ရေထဲသို့ ဆင်းပြီးပြန်တက်လာလျှင် တစ်ကိုယ်လုံးယားယံလေ့ရှိသည်ဟု ယခုနှစ်တွင် ချောင်းသာသို့ သွားရောက်လည်ပတ်ခဲ့သော ကိုရဲနောင်ကပြောသည်။

‘‘အမှိုက်ကတော့ နေရာတိုင်းပါပဲ။ ဧည့်သည်တွေကတော့ မပြောဘူး။ ဒါပေမဲ့ သူတို့သိကြတယ်။ အမှိုက်ကတော့ ချောင်းသာမှမဟုတ်ဘူး။ ရွှေတိဂုံစေတီပေါ်မှာတောင် နှစ်ဆန်း(၁)ရက်နေ့ပြီးတော့ အများကြီးပဲ တွေ့ရတယ်’’ဟု အီတလီဘာသာစကားကျွမ်းကျင် ဧည့်လမ်းညွှန်ကိုအောင်ထွန်းလင်းက ပြောသည်။

ခရီးစဉ်ဒေသများတွင်သာမဟုတ်ဘဲ နေရာတိုင်း အမှိုက်များနေခြင်းသည် လူတိုင်းနှင့်သက်ဆိုင်ပြီး အထူးသဖြင့် သက်ဆိုင်ရာဒေသမှ တာဝန်ရှိသူများအနေဖြင့် ပိုမိုလှုပ်ရှားဆောင်ရွက်သင့်ကြောင်း ၎င်းကအကြံပြုသည်။

မြန်မာနိုင်ငံ၏ အထင်ကရနေရာများဖြစ်သည့် ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုးကဲ့သို့သော နေရာဒေသများတွင် အမှိုက်စွန့်ပစ်မှု၊ ဟိုတယ်ဇုန်တည်ဆောက်မှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများရှိနေသည်ဟု မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ၏ စစ်တမ်း၌ ထုတ်ပြန်ထားသည်။

MCRBသည် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာ၊ ကျိုက်ထီးရိုးတို့တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လေ့လာဆန်းစစ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

‘‘အင်းလေးဆို ဧည့်သည်တွေ လာတာများတော့ ဟိုတယ်ဇုန်တွေ တိုးချဲ့လာတယ်။ အဲဒီက စွန့်ပစ်ပစ္စည်းတွေက မြစ်ထဲကိုပဲစွန့်ပစ်တယ်။ ဒါတွေကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်စေတယ်’’ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဒေါက်တာသိန်းအောင်ကပြောသည်။

မြန်မာနိုင်ငံ၏ အထင်ကရနေရာများတွင် ခရီးသွားလုပ်ငန်း တိုးတက်လာမှုများနှင့်အတူ နောက်ဆက်တွဲဆိုးကျိုးများအဖြစ် ပတ်ဝန်းကျင်ထိခိုက်မှုများသာမက လူမှုစီးပွားထိခိုက်မှုများရှိနေသည်ဟု ဒေါက်တာသိန်းအောင်က ပြောသည်။

ကျိုက်ထီးရိုးတောင်တန်းတွင် နှစ်စဉ်များပြားလာသည့် ဘုရားဖူးဧည့်သည်များကြောင့် အမှိုက်စွန့်ပစ်မှုများ ပိုမိုများပြားလာသဖြင့် ရင်ပြင်ရှိ ဈေးကော်မတီနှင့် ပူးပေါင်း၍ အမှိုက်စနစ်တကျစွန့်ပစ်စေရန် လုပ်ဆောင်နေသည်ဟုလည်း ကျိုက်ထီးရိုးတောင်တန်းချစ်သူများအသင်းမှ တာဝန်ရှိသူ ကိုမျိုးမျိုးကပြော သည်။

‘‘ကျွန်တော်တို့ အသင်းအနေနဲ့ကတော့  မနှစ်က ကိုယ်ထူကိုယ်ထစနစ်နဲ့ အမှိုက်ကားဝယ်ထားပြီးတော့ လိုက်သိမ်းတာမျိုးရှိတယ်။ ဒီနှစ်မှာတော့ ချောင်းသာသန့်ရှင်းရေးလုပ်တာပေါ့။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ဆောင်ရွက်တာမျိုးမဟုတ်ပါဘူး။ ဒေသခံတွေကပဲ ကိုယ်ထူကိုယ်ထနဲ့လုပ်တာပါ’’ဟု ကိုမျိုးမျိုးကပြောသည်။

ယခုနှစ်တွင် လာရောက်လည်ပတ်သူများက အမှိုက်ပုံးများ၌ စနစ်တကျ စွန့်ပစ်လာသည်ကို တွေ့ရသော်လည်း ကင်းပွန်းချောင်းတစ်လျှောက်တွင် မသန့်ရှင်းမှုကြောင့် သန့်ရှင်းရေးအစီအစဉ်များ ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

ချောင်းသာကမ်းခြေ၌လည်း သင်္ကြန်အပြီး ဧပြီ ၂၂ရက်က ချောင်းသာရွာမကျောင်းဆရာတော် ဦးဆောင်မှုဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဟိုတယ်များမှ တာဝန်ရှိသူများ စုပေါင်းပြီး အမှိုက်ကောက်ပွဲ ပြုလုပ်ခဲ့ကြသည်။

‘‘အမှိုက်ပုံးတွေထားဖို့လည်း လိုတယ်။ အမှိုက်ပုံးတွေရှိပေမယ့် ကိုယ်ရှေ့ကနေရာကို တစ်နိုင်တစ်ပိုင်သန့်ရှင်းရေးလုပ်ဖို့တော့ လိုတယ်။ တချို့ဟိုတယ်တွေက မလုပ်ကြဘူး။ အမှိုက်နဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုကို သေချာလုပ်ဖို့လိုမယ်။ လူဝင်ဖို့တစ်ခုတည်း မကြည့်ဘဲနဲ့ ပင်လယ်ကြီးသန့်ရှင်းဖို့ကို လုပ်သင့်တယ်’’ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။

ခရီးစဉ်ဒေသများတွင် ခရီးသွားများလာသည်နှင့် နောက်ဆက်တွဲအမှိုက်များလာခြင်းကို ဒေသဆိုင်ရာ စည်ပင်သာယာရေးတာဝန်ရှိသူများ ပိုမိုဆောင်ရွက်သင့်ပြီး ခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သောကြောင့် ဟိုတယ်/ ခရီးဝန်ကြီးဌာနအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ဒေါ်စံပယ်အောင်က သုံးသပ်သည်။

‘‘အမှိုက်မပစ်ဖို့အတွက် လက်ကမ်းစာစောင်ဝေတာမျိုး၊ ရုပ်သံအစီအစဉ်ရိုက်ကူးထုတ်လွှင့်အသိပေးတာမျိုးတွေကို လုပ်သင့်တယ်။ ဘုရားဖူးကားတွေကို မြို့အ၀င်တွေမှာတက်ပြီး အသိပေးတာမျိုးလုပ်သင့်တယ်။ ဒီမှာက အဲဒါနဲ့ပတ်သက်ပြီး အသိတော်တော်နည်းတယ်။ သေချာတာတော့ လူတိုင်းနဲ့ဆိုင်တယ်’’ဟု ဧည့်လမ်းညွှန် ကိုအောင်ထွန်းလင်းက အကြံပြုပြောကြားသည်။

ထိုသို့ ခရီးသွားလုပ်ငန်းတိုးတက်လာသည်နှင့်အမျှ အကျိုးအမြတ်တစ်ခုတည်းသာမကြည့်ဘဲ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှု စသည့်အချက်များကို မထိခိုက်အောင် အာဆီယံနိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်မည့် အစီအစဉ်ကို ဆောင်ရွက်ရန် သဘောတူညီထားကြောင်း ဟိုတယ်/ခရီးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်တွင် ရေရှည်တည်တံ့စေမည့် တာဝန်သိခရီးသွားလုပ်ငန်း (Sustainable Responsible Inclusive Tourism)ကို ၂၀၁၆မှ ၂၀၂၅ ခုနှစ်အထိ ၁၀ နှစ်တာသတ်မှတ်၍ ဆောင်ရွက်မည်ဟု ဟိုတယ်/ခရီးဦးစီးဌာန၏ အာဆီယံနှင့် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါ်ခိုင်မီမီအောင်က ပြောကြားထားသည်။

ယခုနှစ်တွင် ချောင်းသာသို့ ခရီးသည်အ၀င်များခဲ့သောကြောင့် အမှိုက်များစွာ ကျန်ရှိခဲ့၍ အမှိုက်ကောက်ပွဲကျင်းပနေသည့်ပုံများကို ချောင်းသာဒေသခံတို့က ဖေ့စ်ဘွတ်ခ်တွင် တင်ပြခဲ့ရာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက ပစ်သူတစ်ရာ ကောက်သူတစ်ယောက် ဘယ်တော့မှမပြီးတဲ့ တို့ကမ်းခြေအမှိုက်ကောက်ပွဲဟူ၍ မှတ်ချက်ပြုခဲ့သည်။

 

Top News