ဂျပန်အလုပ်အကိုင်အတွက် ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ အဆင့် (၃) အောင်ရမည်ဆိုသော သတင်းမမှန်

ဂျပန်နိုင်ငံတွင် လုပ်ငန်းခွင်ဝင်နေသော ပြည်ပနိုင်ငံသားအချို့ (ဓာတ်ပုံ − japandailypress.com)

ဂျပန်လုပ်သားဈေးကွက်တွင် ဘာသာစကားအရည်အချင်းစာမေးပွဲတွင် အဆင့် (၃) အောင်မြင်မှသာ လုပ်ကိုင်ခွင့်ရရှိမည်ဟုထွက်ပေါ်နေသည့်သတင်းမှာ ကောလာဟလသာဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်က ဇန်န၀ါရီ ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၃ မှစ၍ ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်ခွင့်ပြုပြီးနောက် နှစ်နိုင်ငံသဘောတူစာချုပ်လက်မှတ်ရေးထိုးကာ လုပ်သားများစေလွှတ်လျက်ရှိသည်။ လက်ရှိလိုင်စင်ရ အေးဂျင့်ဖြင့် ချိတ်ဆက်သွားရောက်သည့် မြန်မာအလုပ်သမားများကို အေးဂျင့်က ဘာသာစကားသင်ကြားပြီး စေလွှတ်လျက်ရှိသည်။

သို့သော် ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ ဖြေဆိုပြီး အဆင့် (၃) ဖြင့် အောင်မြင်မှသာ သွားရောက်လုပ်ကိုင်ခွင့်ရမည်ဟု ဂျပန်လုပ်သားဈေးကွက်တွင် ကောလာဟလပျံ့နှံ့လျက်ရှိသည်။ ထို့ကြောင့် သွားရောက်လုပ်ကိုင်သူများမှာ ယင်းအပေါ် စိုးရိမ်ထိတ်လန့်လျက်ရှိ၍ အဖွဲ့ချုပ်က ဇန်န၀ါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

‘‘ဂျပန်ကို အလုပ်သွားလုပ်မယ်ဆိုရင် အဆင့် (၃) အောင်မှ သွားခွင့်ပြုတယ်ဆိုတာ မဟုတ်ပါဘူး။ အေးဂျင့်နဲ့ တရားဝင်သွားရင် မလိုပါဘူး။ အဲဒီအဆင့် (၃) အောင်မှဆိုတာက ဂျပန်သံရုံးက စစ်တဲ့ဟာပါ။ အခုက JITCO နဲ့ လွှတ်တာ။ ဂျပန်စာသင်ချိန်နာရီပေါင်း အနိမ့်ဆုံး ၁၆၀ ရှိရင် ထွက်လို့ရပြီ။ သံရုံးမှာဖြေတဲ့ဟာက တစ်နှစ်တစ်ခါဖြေရတာ။ အဲဒါ ဖြေပြီးသွားတဲ့ သူက ကျောင်းတက်ဖို့ ဖြေတာများတယ်’’ဟု ပြည်ပအလုပ်အကိုင်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများ ထွက်ပြေးတိမ်းရှောင်မှုများဖြစ်ပေါ်ခြင်းကြောင့် ဂျပန်ဘက်မှ အလုပ်သမားခေါ်ယူ ကမ်းလှမ်းမှု ထပ်မံထိခိုက်မည်စိုးသောကြောင့် မြန်မာအလုပ်သမားဝန်ကြီးဌာနက အေဂျင်စီအသင်းချုပ်ကို ကြီးကြပ်ရန် ညွှန်ကြားထားသည်။ ထို့ကြောင့် မြန်မာအေဂျင်စီအသင်းချုပ်က ဂျပန်နိုင်ငံရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Japan Myanmar Association (JMA) နှင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ဂျပန်နိုင်ငံတွင် တရားဝင်မြန်မာလုပ်သားတစ်ဦးလျှင် မြန်မာငွေကျပ် ၁၀ သိန်းနှင့်အထက် ရရှိကြောင်းသိရသည်။ ယခုအခါ ဂျပန်နိုင်ငံသို့ တစ်နှစ်ကျော်အတွင်း မြန်မာလုပ်သား ၇၀၀ ကျော် စေလွှတ်ပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတင်းရရှိသည်။

Top News