ကိုယ်ဝန်ဆောင် မိခင်တစ်ဦး ဆွဲကြိုးချသေဆုံး

မုံရွာခရိုင် ဘုတလင်မြို့နယ် မြို့သစ်ချောင်းကျေးရွာအုပ်စု ကိုင်းတောထဲကျေးရွာတွင်နေထိုင်သော အသက် (၃၂)နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဆွဲကြိုးချသေဆုံးမှု ဇူလိုင် ၁၀ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


‘‘ကျန်းမာရေးချို့တဲ့ပြီး ဆေးဝါးကုသမှုခံယူနေရဆဲ ကိုယ်ဝန် ကိုးလလွယ်ထားတဲ့ အမျိုးသမီးပါ။ စီးပွားရေးအခက်အခဲတွေကြောင့် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးတယ်လို့သိရပါတယ်’’ဟု ဘုတလင်မြို့နယ် မြို့မရဲတပ်ဖွဲ့ စခန်း ရဲအရာရှိတစ်ဦးက အတည် ပြုပြောကြားသည်။

 အဆိုပါအမျိုးသမီးသည် ကိုယ်ဝန်ကိုးလလွယ်ထားသူဖြစ်ပြီး ဘုတလင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး မုံရွာပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ဆေးဝါးကုသမှုခံယူရန် ညွှန်ကြားခြင်း ခံထားရသူဖြစ်သည်။ ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးသည် ဆေးရုံမတက်မီ ချေးငှားထားသည့် ငွေကျပ်သုံး သိန်းနှင့် ဆေးရုံဆင်းပြီးငွေကျပ် သုံးသိန်း  စုစုပေါင်းငွေကျပ် ခြောက်သိန်း ပေးဆပ်ရန်ရှိသည့်အကြောင်းနှင့် ပတ်သက်၍ စိတ်ဆင်းရဲမှုဖြစ်ပေါ်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရဲမှတ်တမ်းအရ သိရှိရသည်။  ဘုတလင်ပြည်သူ့ဆေးရုံကြီးမှ နေအိမ်သို့ ဆင်းခဲ့ပြီး သုံးရက်အကြာ  နေအိမ်နှင့် တစ်ဖာလုံခန့်ကွာဝေးသည့် လယ်တောအတွင်း သရက်ပင်တွင် ဆွဲကြိုးချသေဆုံးခြင်းဖြစ်ကြောင်း ဘုတလင်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်