အမျိုးသမီးအငှားယာဉ်မောင်း ဒေါ်ဌေးဌေးပြောပြတဲ့ အမျိုးသမီးများ အလုပ်အပေါ်ထားရမယ့် ခံယူချက် (ရုပ်သံ)

မြန်မာပြည်က ဒရိုင်ဘာကင်မ်

(7Day News Journal အတွဲ (၁၂)၊ အမှတ်(၃၅) တွင် ဖော်ပြပြီး)

 

လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ ဆံပင်ရှည်ရှည် သနပ်ခါးထူထူ လိမ်းကျံထားသည့် အသားခပ်ညိုညို အမျိုးသမီးဖြစ်နေ၍ ရုတ်တရက်အံ့သြစရာပင်ဖြစ်သည်။

သူက “ကျွန်မ တက္ကစီဆွဲနေတာပါ။ ဘယ်သွားချင်လို့ပါလဲ”ဟု ခပ်ပြုံးပြုံးမေးလာသည်။ ၎င်းမှာ ကိုယ်တိုင်ကိုယ်ကျ တက္ကစီမောင်းနှင်သည့်အလုပ်ဖြင့် အသက်မွေးနေသည့် အသက် ၄၇ နှစ်အရွယ် ဒေါ်ဌေးဌေးဝင်းပင်။

သွားမည့်နေရာကို ပြောလိုက်သည့်အခါ (ကက/၈၈၉၉) နံပါတ်ဖြင့် Corona Van အဖြူရောင် ကားဟောင်းလေး မောင်းနှင်နေသည့် ဒေါ်ဌေးဌေးဝင်းက “ဘယ်လောက်မှန်းထားပါသလဲ”ဟု ဆက်မေးလာသည်။ ထို့နောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ရန် ဂီယာကို စထိုးလိုက်သည်။

အမျိုးသမီးများကားမောင်းခြင်းမှာ မဆန်းလှပါ။ သို့သော် မြန်မာနိုင်ငံတွင် အမျိုးသမီးများ တက္ကစီမောင်းနှင်ခြင်းမှာ မကြုံဖူးသူအတွက် ထူးဆန်းပါလိမ့်မည်။ ရန်ကုန်မြို့တွင် အမျိုးသမီးအငှားယာဉ်မောင်းနှင်သူ ငါးဦးခန့်ရှိသည်ဟု တက္ကစီသမားများက ပြောကြသည်။ ဒေါ်ဌေးဌေးဝင်းသည် ထိုအရေအတွက်တွင် တစ်ဦးအပါအ၀င်ဖြစ်သည်။

သားနှစ်ယောက်မိခင် ဒေါ်ဌေးဌေးဝင်းသည် တက္ကစီမောင်းနှင်သည့်အလုပ်ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပါသည်။ ညိုမောင်းသည့်အသားအရေကို သနပ်ခါးထူထူလိမ်းထားပြီး နေလောင်ဒဏ်ခံနိုင်ရန် ရှပ်အင်္ကျီတစ်ထည်ကို အပေါ်မှထပ်ဝတ်ထားကာ ဒီဇယ်ကားလေးကို မောင်းနှင်ရင်း ခရီးသည်များကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယောက်ျားသားများနှင့် ရင်ပေါင်တန်းကာ နေလောင်ဒဏ်ကို အန်တုလျက် မြို့ပြ၏ မွန်းကျပ်သည့်ဘ၀ထဲ သမ္မာအာဇီဝ လုပ်ကိုင်စားသောက်နေသည့် ဒေါ်ဌေးဌေးဝင်းကို လိုက်ပါစီးနင်းဖူးသူ ခရီးသည်တိုင်းက ချစ်ခင်လေးစားကြသည်။

တက္ကစီစတင်မောင်းစဉ်က မီးပွိုင့်တွင်ရပ်လျှင် အနီးအနားကားများပေါ်မှ အထူးအဆန်းအံ့သြကြည့်များကို သိပ်မခံနိုင်ဘဲ မျက်နှာလွှဲထားမိသည်ဟု သူကပြောသည်။ ယခုအခါတော့ မည်သည့်နေရာရောက်ရောက် မျက်နှာပူစိတ်မရှိတော့ဘဲ နေသားကျသွားခဲ့ပြီဟုဆိုသည်။

နံနက် ၃ နာရီထိုးလျှင် ဒေါ်ဌေးဌေးဝင်း အိပ်ရာမှနိုးပါပြီ။     

တစ်နာရီခွဲခန့် ပဋ္ဌာန်းရွတ်ခြင်း၊ ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းတို့ကို ပြုလုပ်ပြီးပါက ကားကို အိမ်မှထုတ်ပါသည်။ လမ်းထိပ်တွင် ရောင်းချသည့် အသုပ်တစ်ပွဲကို စားသောက်ပြီးလျှင် ပေါင်မုန့်ထုပ်နှင့် ရေဘူးကို ကားပေါ်တင်လျက် ဂီယာကို စထိုးလိုက်ခြင်းအားဖြင့် ၎င်း၏ နံနက်ပိုင်းအလုပ်ချိန်ကို စတင်လိုက်ပါသည်။ မည်သည့်နေရာတွင်မှ ဂိတ်မထိုးဘဲ မောင်းရင်းနှင့်ရရှိလာသည့် ခရီးသည်ကို ၀န်ဆောင်မှုပေးတော့မည်ဖြစ်သည်။

နံနက်ပိုင်း ၁၁ နာရီခွဲခန့်တွင် မိမိသတ်မှတ်ထားသည့် ငွေတစ်သောင်းခွဲခန့်ရရှိပါက အိမ်သို့ပြန်ကာ အသက် ၂၁ နှစ်အရွယ် ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရထားသူ သားအကြီး ဈေးမှဝယ်ယူပေးထားသည့် ဟင်းလျာအချို့ကို ချက်ပြုတ်ရဦးမည်ဖြစ်သည်။ ထမင်းစားသောက်ပြီးပါက ခေတ္တအနားယူပြီး နေ့လယ်သုံးနာရီခွဲခန့်တွင် ၎င်း၏ညနေပိုင်းအလုပ်ချိန်ကို ပြန်လည်စတင်လိမ့်မည် ဖြစ်သည်။ ည ၇ နာရီခန့်အထိ တက္ကစီမောင်းနှင်ပြီးပါက ဒေါ်ဌေးဌေးဝင်း၏ တစ်နေ့တာအလုပ်ချိန် ပြီးဆုံးပါပြီ။

တက္ကစီတားမည့် ခရီးသည်တိုင်းသည် ဒေါ်ဌေးဌေးဝင်း ကားရပ်ပြီးမေးမြန်းပါက ရုတ်တရက် အံ့အားသင့်သွားလေ့ရှိသည်။ တချို့က ချက်ချင်းမယုံကြပေ။ ထို့ ကြောင့် ၎င်းက မိမိကိုယ်ကို အရင်မိတ်ဆက်၍ တက္ကစီမောင်းနှင်နေခြင်းဖြစ်ကြောင်း ဦးစွာပြောရလေ့ရှိသည်။ သို့တိုင် တချို့ခရီးသည်က “ရှေ့ခန်းမှာထိုင်လို့ဖြစ်ရဲ့လား”ဟု မေးတတ်ပါသေးသည်။ ထိုအခါ ဒေါ်ဌေးဌေးဝင်းက “ကျွန်မ တက္ကစီမောင်းနေတာပါ။ ဘာမှမဖြစ်ပါဘူး။ ကျွန်မကို စိတ်ထဲမထားပါနဲ့။ စိတ်ချလက်ချစီးပါ”ဟု ပြန်ဖြေရသည်။

၎င်းမောင်းနှင်သည့်ကားက အပ်နှံရမည်ဖြစ်သော်လည်း ထပ်လိုက်ရမည့်စရိတ် မတတ်နိုင်သေးပါဟု သူကပြောသည်။ ဒေါ်ဌေးဌေးဝင်းသည် ယခင်က ကာကွယ်ရေးဝန်ကြီးဌာန (ငွေစာရင်းရုံး)မှ ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၎င်း၏အမျိုးသားမှာလည်း ယင်းဌာနမှ ဦးစီးအရာရှိတစ်ဦးဖြစ်သည်။ ရုံးဝန်ထမ်းအဖြစ် ၁၉၈၆ တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် အိမ်ထောင်ကျခဲ့သည်။ ရုံးဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ် အင်္ကျီချုပ်သည့်အလုပ်ကိုလည်း လုပ်ခဲ့သည်။၂၀၀၁ ခုနှစ်တွင် စီအင်န်ဂျီကားတစ်စီးကို သူတို့ပိုင်ဆိုင်ခဲ့သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့်၂၀၀၉ ခုနှစ်တွင် အိမ်ထောင်ရေးပြိုကွဲသွားခဲ့ပြီး အမျိုးသားမှာလည်း ပြီးခဲ့သည့်ခုနစ်လခန့်က ဆုံးပါးသွားခဲ့ပြီဖြစ်သည်။

“အမျိုးသားဆီက ဘာတစ်ခုမှ အကျိုးမခံစားဖူးဘူး”ဟု သူကပြောသည်။ ထိုစဉ်ကတည်းက သားနှစ်ဦး၏ ပညာရေးနှင့် မိသားစုစားဝတ်နေရေးကို ဒေါ်ဌေးဌေးဝင်း တစ်ဦးတည်း ဒိုင်ခံရုန်းကန်ခဲ့ရသည်။

သို့ပေမဲ့ ဒေါ်ဌေးဌေးဝင်းက သူ့အမျိုးသားနှင့်ပတ်သက်သည့် အချက်အလက်များကို ဘယ်တော့မှမမေ့။ “၁၉၉၁ ခုနှစ် နိုဝင်ဘာ ၂ ရက်မှာ အိမ်ထောင်ကျတယ်။ အမျိုးသားကတော့ ၂၀၁၃ မတ်လ ၃၁ ရက်မှာ ဆုံးသွားပါပြီ”ဟု သူကဆိုသည်။ ယခုတော့ သားကြီးဖြစ်သူက ကုန်သွယ်ရေကြောင်းကောလိပ်မှ ဘွဲ့ရရှိထားပြီး သင်္ဘောတက်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

သားငယ်ဖြစ်သူကတော့ နည်းပညာတက္ကသိုလ် ဂျီတီစီပထမနှစ် တက်ရောက်နေပြီဖြစ်သည်။

ရုံးအလုပ်မှ ပင်စင်ယူလိုက်စဉ်က ရှိသည့်စီအင်န်ဂျီကားလေးကို ဒရိုင်ဘာအငှားချထားခဲ့သည်။ ထိုယာဉ်မောင်းက ညနေပိုင်းတွင် ခပ်စောစော အလုပ်သိမ်းတတ်သည်။ ထိုအခါ ကားမောင်းတတ်နေသည့် ဒေါ်ဌေးဌေးဝင်းက ကားဖြင့် အနီးအနားသို့ ဈေးဝယ်ထွက်ခြင်းမျိုး ပြုလုပ်လေ့ရှိသည်။ တက္ကစီဆိုင်းဘုတ်တပ်ထားသည့် ကားဖြစ်သောကြောင့် မသိသူတချို့က ကားကိုလက်ပြတားတတ်သည်။ သူကလည်း လမ်းကြုံလျှင် လိုက်ပို့လေ့ရှိသည်။ နောက်ပိုင်းတွင် စီအင်န်ဂျီကားလေးကို ၆၅ သိန်းဖြင့် ရောင်းထုတ်လိုက်ပြီး ယခုမောင်းနေသည့် Corona Van ကားလေးကို ၀ယ်ယူခဲ့သည်။

“ကျွန်မအနေနဲ့ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်မယ်ဆိုရင်တောင် တစ်လကို တစ်သိန်းလောက်ပဲရနိုင်မယ်။ တက္ကစီမောင်းရင် တစ်နေ့ကို အနည်းဆုံးခုနစ်ထောင်ဆိုရင် တစ်လကို နှစ်သိန်းလောက်ရနိုင်မယ်ဆိုပြီး ကိုယ်တိုင်ကားမောင်းဖြစ်ခဲ့တာပါ”ဟု သူကရှင်းပြသည်။

သူမောင်းသည့်ကားကို စီးဖူးသူတိုင်းက သူ့ဘ၀ကို စိတ်ဝင်တစားမေးမြန်းလေ့ရှိကြသည်။ သူ့ကားကိုစီးဖူးသူတိုင်းကို သူက မှတ်မိလေ့ရှိသည်။ “အစ်မကားကို ငှားစီးတဲ့သူတိုင်းက အစ်မနဲ့ နှစ်ကြိမ်ပြန်ဆုံတတ်တယ်။ ထူးထူးဆန်းဆန်းပါ”ဟု သူကပြောသည်။ အမျိုးသမီးဖြစ်သည့်အတွက် ညဘက် ၇ နာရီခန့်အချိန် ခရီးသည်ပို့ဆောင်ရလျှင် ရပ်ကွက်လမ်းများအထိ မ၀င်ပေးဘဲ နီးစပ်ရာလမ်းမကြီးပေါ်တွင် ချထားပေးသည်ဟုလည်း သိရသည်။

လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်နေသည့် ဒေါ်ဌေးဌေးဝင်း၏မျက်နှာပေါ်တွင် တက်ကြွသည့်ဟန်ပန်နှင့် ခိုင်မာသည့်စိတ်ဓာတ်ကို မြင်ရသည်။ သွက်သွက်လက်လက်နှင့် ပြတ်ပြတ်သားသား စကားပြောတတ်ပြီး သားနှစ်ယောက်အပေါ်တွင်လည်း ကြီးမားသည့်ရည်မှန်းချက် ထားရှိသည်ကို တွေ့ရသည်။

သားအကြီးဖြစ်သူ သင်္ဘောတက်၍ အဆင်ပြေသည့်အချိန်တွင် တက္ကစီမောင်းနှင်ခြင်းကို အချိန်ပိုင်းသာလုပ်ပြီး အနားယူမည်ဟု သူကစိတ်ကူးထားသည်။ သို့သော်လည်း ဒေါ်ဌေးဌေးဝင်းတစ်ယောက် တက္ကစီယာဉ်မောင်းဘ၀မှ တော်ရုံနှင့်အနားယူမည့်ပုံမပေါ်။

“ယောက်ျားလေးတွေ မွေးထားတဲ့အတွက် သိပ်အားကိုးမရနိုင်ဘူး။ တတ်နိုင်သလောက်တော့ ရှာရမယ်လို့ အစ်မကားကိုငှားစီးဖူးတဲ့ အမျိုးသမီးကြီးတစ်ယောက်က အကြံပေးဖူးတယ်။ နားလို့တော့ရမယ်မထင်ပါဘူး။ စွမ်းဆောင်နိုင်သလောက်တော့ လုပ်မယ်လို့ စဉ်းစားထားတယ်”ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ယခင်က အမျိုးသားများသာ လုပ်ကိုင်ကြသည့် လုပ်ငန်းခွင်အချို့ကို အမျိုးသမီးများ ၀င်ရောက်လာကြပါပြီ။ ၂၁ ရာစုတွင် အမျိုးသမီးတိုင်းသည် အိမ်ထောင်ရှင်မတာဝန်ကိုသာ မထမ်းဆောင်ကြတော့ပါ။ အမျိုးသားများနှင့်အတူ ရင်ပေါင်တန်းလျက် ဖြတ်သန်းနေကြပြီဖြစ်ပါသည်။

အမျိုးသမီးယာဉ်နောက်လိုက်များ ပေါ်လာပါပြီ။ အမျိုးသမီးလေယာဉ်မှူးများ ပေါ်လာပါပြီ။ အမျိုးသမီးရေကြောင်းပညာရှင်များ ပေါ်လာပါပြီ။ အမျိုးသမီးစစ်ဗိုလ်များ ပေါ်လာပါပြီ။ အမျိုးသမီးအဝေးပြေးယာဉ်မောင်းများ ပေါ်လာပါပြီ။ ရန်ကုန်မြို့ ရွှေတောင်ကြားရပ်ကွက်အတွင်း ယောက်ျားသားများနှင့် ရင်ပေါင်တန်းလျက် ဆိုက်ကားနင်းနေသည့် ဒေါ်ခင်နှင်းစိုးက ဥပမာဖြစ်ပါသည်။

အိမ်ရှိ အလုပ်လုပ်နိုင်သည့်သူ အကုန်အလုပ်ထွက်လုပ်ပါမှ စားဝတ်နေရေး အဆင်ပြေနိုင်မည့်အခြေအနေများတွင် အိမ်ရှင်မများလည်း အ၀တ်လျှော်၊ ထမင်းချက် သီးသန့်လုပ်နေ၍ မရတော့ပါ။

“အမျိုးသမီးတွေအိမ်မှာ ယောက်ျားလုပ်စာထိုင်စားနိုင်လောက်တဲ့ ခေတ်မဟုတ်တော့ဘူး။ နောက်တစ်ခုက အမျိုးသမီးတွေရဲ့ ဘ၀ရုန်းကန်မှုပုံသဏ္ဍာန်က ခေတ်အပေါ်မူတည်ပြီး ပြောင်းလဲလာရတယ်။ ပိုပင်ပန်းလာတယ်လို့ တချို့ကပြောပေမဲ့ အမျိုးသားတွေနဲ့ တန်းတူရင်ပေါင်တန်းလုပ်လာနိုင်တော့ အရင်လို အိမ်တွင်းပုန်းအနှိမ်ခံဘ၀က ပိုလွတ်မြောက်လာတာပေါ့”ဟု အမျိုးသမီးသတင်းထောက်တစ်ဦးဖြစ်ပြီး အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်သည့် မအိမ့်ခိုင်ဦးကသုံးသပ်သည်။

အမျိုးသားတက္ကစီယာဉ်မောင်းများကတော့ အမျိုးသမီးတချို့ တက္ကစီမောင်းနှင်နေသည့်အပေါ် ချီးကျူးကြသည်။ “တစ်ခါတလေ လမ်းမှာ ပါစင်ဂျာလိုက်ပို့ရင်း ကြုံဖူးတယ်။ အသက်ငါးဆယ်ကျော်လောက်ရှိပြီ။ အမျိုးသမီးကြီး။ မျက်မှန်အနက်တပ်ထားတယ်။ အစကမသိဘူး။ ရှေ့ကမောင်းတာနှေးနေလို့ အော်ပြီးကလိမလို့ ကျော်တက်လိုက်တာ။ သေချာကြည့်မှ အမျိုးသမီးဖြစ်နေလို့ ကိုယ့်ဟာကိုယ် ခပ်တည်တည်နဲ့ ဆက်မောင်းလာရတယ်”ဟု တက္ကစီသမားတစ်ဦးကပြောပြသည်။

ဒေါ်ဌေးဌေးဝင်းကတော့ သူ့လိုပင် တက္ကစီမောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးနှင့် လမ်းမှာ တစ်ကြိမ်ဆုံဖူးသည်ဟု မှတ်မှတ်ရရဆိုသည်။

“လသာမီးပွိုင့်မှာ ကားပိတ်နေတုန်း ပရိုဘောက်စ်မောင်းလာတဲ့ အမျိုးသမီးတစ်ယောက် ဘေးမှာဆုံဖူးတယ်။ သူရော၊ ကိုယ်ပါ ခရီးသည်ပါတယ်။ သူလည်း ကိုယ့်ကိုတွေ့တော့ လက်မထောင်ပြသွားတယ်။ အရင်က ကိုယ့်ဝမ်းရေးအတွက် တက္ကစီမောင်းနေပေမယ့် သိမ်ငယ်သလိုခံစားရတယ်။ အဲဒီအချိန်ကစပြီး သူလက်မထောင်ပြတာမြင်တော့ ငါ့လိုလူမျိုးရှိသေးပါလားဆိုပြီး အားတက်လာတယ်”ဟု ပြောပြသည်။

တက္ကစီမောင်းနှင်လာသည့်တစ်လျှောက်လုံး ယာဉ်အထိအခိုက်လုံးဝမရှိသေးဟု ဂုဏ်ယူဝင့်ကြွားစွာပြောသည့် ဒေါ်ဌေးဌေးဝင်းတစ်ယောက် ခရီးသည်ကို လိုရာခရီးသို့ ပို့ဆောင်ပြီးသည်နှင့် နောက်ထပ်ခရီးသည်ကို တင်ဆောင်ရန် ဂီယာထိုး၍ ဆက်လက်မောင်းနှင်သွားလေသည်။

လမ်းတွင် တက္ကစီတားနေစဉ် လာရပ်သည့်ကားပေါ်မှ ဒရိုင်ဘာမှာ အမျိုးသမီးတစ်ဦးဖြစ်နေပါက မအံ့သြပါနှင့်။

ရန်ကုန်မြို့လမ်းမများပေါ်တွင် ဒေါ်ဌေးဌေးဝင်းကဲ့သို့ ကြံ့ကြံ့ခံရင်ဆိုင်နေသည့် အမျိုးသမီးတချို့ တက္ကစီမောင်းနေပါသည်။