နိုင်ငံခြားသားအိမ်အကူများကို ပြသငှားရမ်းမှု ဈေးဝယ်စင်တာများတွင်မတွေ့ရကြောင်း စင်ကာပူသံရုံးထုတ်ပြန်

စင်ကာပူလူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန (MOM) က အလုပ်သမားအေဂျင်စီများ ရှိသည့် ဈေးဝယ်စင်တာနှစ်ခုသို့ သွားရောက်လေ့လာခဲ့သော်လည်းမလျော်ကန်စွာပြသထားသော နိုင်ငံခြားအိမ်အကူလုပ်သားများ ကို မတွေ့ခဲ့ရကြောင်း စင်ကာပူသံရုံးကထုတ်ပြန်ကြေညာသည်။

နိုင်ငံခြားအိမ်အကူလုပ်သား များကို ဈေးဝယ်စင်တာများတွင် ပြသ၍ လျှော့ဈေးဖြင့်ငှားရမ်းနိုင် ကြောင်း ဈေးကွက်ရှာဖွေမှုမှာ လက်ခံနိုင်စရာမရှိသောဆောင် ရွက်မှုဖြစ်သည်ဟု ရန်ကုန်မြို့ရှိ စင်ကာပူသံရုံးက ကြေညာချက် ထုတ်ပြန်သည်။

စင်ကာပူနိုင်ငံဈေးဝယ်စင် တာများတွင် မြန်မာ၊ ဖိလစ်ပိုင် စသည့်အိမ်အကူလုပ်သားများကို လျှော့ဈေးဖြင့်ငှားရမ်းနိုင်သောပြ ခန်းများဖွင့်လှစ်ပြသနေကြောင်း အယ်လ်ဂျာဇီးရားသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် ဝေဖန်ပြောဆို မှုများဖြစ်ပေါ်ခဲ့သည်။

စင်ကာပူလူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ ခြားအိမ်အကူလုပ်သားများကို ထိ ခိုက်နစ်နာစေအောင်ပြုမူဆောင် ရွက်သောစင်ကာပူအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများကို စင် ကာပူအလုပ်အကိုင်အေဂျင်စီများအက်ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ စင်ကာပူအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီများ ကိုလည်း အကြောင်းထားကြောင်း စင်ကာပူသံရုံး၏ ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ဖိလစ်ပိုင်အစိုးရကလည်း ဖိလစ်ပိုင်အိမ်အကူလုပ်သားများ ကို လျှော့ဈေးဖြင့် ကုန်ပစ္စည်း အသွင်သဏ္ဌာန် ဈေးကွက်မြှင့် တင်နေမှုကို စုံစမ်းစစ်ဆေးသွား မည်ဟု ကြေညာခဲ့သလို စင်ကာပူ နိုင်ငံရှိ မြန်မာသံရုံးကလည်း မြန်မာအိမ်အကူများကို ရောင်းကုန် သဖွယ် ရောင်းချနေသော သတင်းနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်မှုများ ပြုလုပ်နေကြောင်း ကြေညာထားသည်။

စင်ကာပူနိုင်ငံ ဘူကစ်တီမာ ပလာဇာတွင် ရောင်းကုန်သဖွယ် ခင်းကျင်းပြသခံခဲ့ရသော မြန်မာ အိမ်အကူများကို မြန်မာသံရုံးတာ ဝန်ရှိသူများက ဇူလိုင် ၁ ရက်တွင် သွားရောက်တွေ့ဆုံ၍ ၎င်းတို့၏ အလုပ်သမားရပိုင်ခွင့် အခွင့်အ ရေးများရရှိရန် စတင်စုံစမ်းခဲ့သည် ဟုဆိုသည်။

‘‘တွေ့ဆုံမှုတွေကို အသေး စိတ်မှတ်တမ်းတင်ထားပါတယ်။ သတင်းဌာနတွေမှာ ပါလာတဲ့ Bukit Timar Plaza ကိုဇူလိုင် ၁ ရက်မှာ သံရုံးတာဝန်ရှိသူတွေအဖွဲ့ သွားရောက်ပြီး Maid Agency(အိမ်အကူရှာဖွေပေးရေးအေဂျင် စီ)တွေမှာရှိတဲ့ မြန်မာအိမ်ထောင် မှု အကူအပံ့(မြန်မာအိမ်အကူ) တွေနဲ့တွေ့ဆုံပြီးတော့ အလုပ်သမားရပိုင်ခွင့်အခွင့်အရေးတွေ ရာနှုန်းပြည့်ရရှိစေဖို့ စုံစမ်းဖော်ထုတ် ကူညီဆောင်ရွက်ပေးနေပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူကလည်း အတည်ပြုသည်။ လက်ရှိတွင် မြန်မာအိမ်အကူများနှင့်တွေ့ဆုံမှုကို မှတ်တမ်းသိမ်းထားပြီး စင်ကာပူအစိုးရနှင့် တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စင်ကာပူတွင် မြန်မာ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားမှ အမျိုးသမီး အများစုအိမ်အကူအဖြစ်လုပ် ကိုင်နေပြီး ဖိလစ်ပိုင်မှာ အင်္ဂလိပ် စကား လည်ဝယ်ပါးနပ်စွာပြော ဆိုတတ်၍ မြန်မာနှင့်အင်ဒိုနီးရှား အိမ်အကူများလောက် အနှိပ်စက် မခံရကြောင်း စင်ကာပူမြေအောက်ရထားလိုင်း (SMRT)မှ အင်ဂျင် နီယာကိုဇော်မိုးက ပြောသည်။

စင်ကာပူအိမ်ရှင်များ၏ အ နှိပ်စက်ကိုမခံနိုင်တော့၍ တိုက်ပေါ်မှခုန်ချသူများ၊ ထွက်ပြေးသူများ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သည့် မြန်မာအိမ်အကူများ ကို လစဉ်စောင့်ရှောက်ပေးနေ ကြောင်း စင်ကာပူရောက် မြန်မာနိုင်ငံခြားအလုပ်သမားများအရေး ဆောင်ရွက်နေသည့် Homeအဖွဲ့မှ လုပ်အားပေးမကစ်တီက ပြော သည်။ ‘‘ဒီသတင်းကြားရတာ တ ကယ်ကြည်နူးဝမ်းသာပါတယ်။သံရုံးက အရင်ကလည်း အကူ အညီအနည်းအပါးလုပ်ပေးတာ တွေရှိပါတယ်။ ဒါပေမဲ့ သူတို့က ပွင့်လင်းမြင်သာမှုမရှိဘူး။ လူအင် အားကလည်းနည်းတော့ တခြား နိုင်ငံတွေနဲ့ယှဉ်ရင် မသိသာဘူး ဖြစ်နေတာပါ။ အခုတစ်ခေါက်မှာ တော့ ကျွန်မတို့လိုအဖွဲ့အစည်း တွေကလည်း လိုအပ်တဲ့အပိုင်းက ပူးပေါင်းလုပ်ဆောင်ပေးမှာပါ’’ ဟု ၎င်းကပြောသည်။

စင်ကာပူ ဈေးဝယ်စင်တာ များရှိ အရောင်းပြခန်းတွင် နိုင်ငံ ခြားအိမ်အကူ လုပ်သားများကို ၎င်းတို့လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်ပုံစံများကိုသရုပ်ပြစေပြီး လျှော့ဈေးဖြင့်ငှားရမ်းနိုင်ကြောင်း ဈေးကွက်မြှင့်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွင် မြန်မာအမျိုးသမီး အိမ်အကူလုပ်သား ၄၀ ရာခိုင်နှုန်း ခန့်ပါဝင်ကြောင်း HOME အဖွဲ့ကဆိုသည်။