ဗိုလ်ချုပ်နေအိမ်ပြတိုက်များသို့ လာရောက်လေ့လာသူ သုံးသောင်းခွဲကျော်ရှိ

နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ အာဇာနည်နေ့က လာရောက်လေ့လာနေကြစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဇူလိုင် ၁၉ ရက် (အာဇာ နည်နေ့)တွင် ရန်ကုန်နှင့် နတ် မောက်မြို့ရှိ ဗိုလ်ချုပ်နေအိမ် ပြတိုက်များသို့ လာရောက်လေ့ လာ လည်ပတ်သူများ ယမန်နှစ် ထက် ပိုမိုနည်းပါးခဲ့သည်။

ရန်ကုန်မြို့ နတ်မောက်လမ်း ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်သို့ ယခုနှစ်တွင် လာ ရောက်လေ့လာသူ နှစ်သောင်း ကျော်ရှိပြီး ယခင်နှစ်က သုံး သောင်းကျော်ရှိခဲ့သည်။ 

နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်သို့ ယခုနှစ်တွင် လာရောက်သူ တစ်သောင်းတစ်ထောင်ရှိပြီး ယမန်နှစ်က  တစ်သောင်းခွဲခန့်ရှိခဲ့သည်။

ယခုနှစ်တွင် ရန်ကုန် ဗိုလ် ချုပ်နေအိမ်ပြတိုက် အပေါ်ထပ် ကြံ့ခိုင်ရေး အားနည်းသော ကြောင့် အိမ်ပေါ်သို့တက်ခွင့်မပြု ဘဲ အောက်ထပ်တွင် နေအိမ် အတွင်းပိုင်းကို LED ဘုတ်များနှင့် ပြသခဲ့သည်။ ဗိုလ်ချုပ်၏ အသုံး အဆောင်ပစ္စည်းများ၊ ဈာပနအခမ်းအနားနှင့် မိန့်ခွန်းများကို ၅၂ လက်မတီဗီဖြင့် အထူးခင်းကျင်းပြသထားသည်။

နတ်မောက်မြို့နေအိမ် ပြတိုက်တွင် နေအိမ်ပေါ်သို့ တစ်ကြိမ်လျှင် လူ ၅၀ တက်ရောက် ခွင့်ပြုပြီး ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူများကို အထူးပြသခဲ့ ကာ ဆောင်းပါးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲများလည်း ပြုလုပ်ခဲ့သည်။

ယခုနှစ် လူနည်းပါးရခြင်းသည်ရာသီဥတုကြောင့်လည်းဖြစ် ပြီး ဗိုလ်ချုပ်နေအိမ်ပြတိုက်သို့ ကြားရက်များတွင်လည်း လေ့လာ နိုင်သောကြောင့် အာဇာနည်နေ့ တွင် လူနည်းခြင်းဖြစ်နိုင်ကြောင်း နေအိမ်ပြတိုက်  တာဝန်ခံများက ပြောသည်။

‘‘ဟိုးအရင်နှစ်တွေက ဒီနေ အိမ်ပြတိုက်တွေက အာဇာနည် နေ့မှပဲ ဝင်လို့ရတော့ လူတွေ တိုး မပေါက်စည်တာပေါ့။ အခုက ကြားရက်မှာ ဝင်ကြေးအခမဲ့နဲ့ ဝင်လို့ရတယ်ဆိုပြီး ၂၀၁၇ ကတည်းက ကြေညာခဲ့ပါတယ်။ ဒါကြောင့် အေးဆေးကြည့်ရှုလေ့ လာချင်တဲ့လူတွေက ကြားရက် တွေမှာ ပုံမှန်လာပါတယ်’’ဟု ရန်ကုန်နေအိမ်ပြတိုက်တာဝန်ခံ ဦးခင်မောင်စိုးက ပြောသည်။

နတ်မောက်မြို့ပြတိုက်တွင် အလားတူ ကြားရက်ဖွင့်ပေးထား ၍ လူနည်းခြင်း ဖြစ်နိုင်ကြောင်း နတ်မောက်ပြတိုက် တာဝန်ခံ နေပြည်တော် အမျိုးသားပြတိုက် မှ ဒုတိယညွှန်မှူး ဦးထွန်းထွန်း လွင်က ပြောသည်။

အင်းစိန်မြို့နယ်မှ ဗိုလ်ချုပ် နေအိမ်ပြတိုက်သို့ လာရောက် ကြည့်ရှုသော ဒေါ်နန်းပန်လှက ‘‘မနှစ်က လူတအားများလို့ မဝင်ရဘဲ လှည့်ပြန်ရတယ်။ ဒီနှစ်က လူလည်း သိပ်မများဘူး။ အကုန်အေးအေးချမ်းချမ်းပဲ။ အိမ်ပေါ်တက်ခွင့်မရတော့ဘဲ တီဗီနဲ့ပဲကြည့်ရတာတော့ သိပ်မဟန်ဘူး လေ။ အချိန်ယူပြီး ပြုပြင်ရင် ကောင်းမှာပါ’’ဟု ပြောသည်။ သို့သော် အခြားအခက်အခဲမရှိ ကြောင်း ဒေါ်နန်းပန်လှက ဆက် လက်ပြောသည်။

ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်နေ အိမ်ပြတိုက်၌ အထူးခင်းကျင်း ပြသထားမှုများကို ဇူလိုင် ၂၁ ရက်အထိ ထားရှိမည်ဖြစ်ပြီးနံနက် ၉ နာရီမှ ညနေ ၆ နာရီ အထိ ကြည့်ရှုလေ့လာနိုင်သည်။