ဆယ်စုနှစ် ခုနစ်ဆက်

‘ဆယ်စုနှစ်ခုနစ်ဆက်’ပြပွဲမှ အနုပညာဖန်တီးမှုများအား တွေ့ရစဉ် (ဓာတ်ပုံ−နစ်ကီ)

လွတ်လပ်ရေးရသည့် ၁၉၄၈ မှ လက်ရှိ ၂၀၁၈ အထိ ဆယ်စုနှစ် ခုနစ်ခုအတွင်း ဖြစ်ပွားခဲ့သည့် သမိုင်းဖြစ်ရပ်များကို အမှတ်ရစေ မည့် ပြပွဲတစ်ခု ခုနစ်လပိုင်း ခုနစ်ရက်တွင် သမိုင်းဝင် အဆောက်အ အုံဖြစ်သည့် ၀န်ကြီးများရုံး၌ စတင်ပြသထားပြီး ၃၁ရက်အထိ ခံစားနိုင်မည်ဖြစ်သည်။

ဆယ်စုနှစ် ခုနစ်ခုအတွင်း မြန်မာနိုင်ငံ၏ အထင်ကရဖြစ်ရပ် များကို အနုပညာဖြင့် ပုံဖော်ထား ရာ နှလုံးသားကို ဒဏ်ရာရစေခဲ့ သော အဖြစ်အပျက်များနှင့် ရုန်း ကန်တော်လှန်ခဲ့ရသော  ပုံရိပ် များက စိုးမိုးထားသည်။

‘‘ဆယ်စုနှစ် ခုနစ်ခုအတွင်း မှာ ဘာတွေဖြစ်ခဲ့လဲ။ အဲဒါကို အ နုပညာရှင်တွေကို ပြန်ကြည့်ခိုင်း တာပေါ့။ ဒီပွဲမှာ နိုင်ငံရေးဖြစ်စဉ် တစ်ခုတည်းတော့ မဟုတ်ဘူး။ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေ၊ Social Issue တွေလည်းပါတယ်’’ဟု ပြပွဲစီစဉ်သူ ပန်းချီဆရာထိန်လင်းက ပြောသည်။

၁၉၄၇ ကို အမှတ်ရခြင်း

သံပြားကိုးပြားကို အခြေခံ ပြီး အမှတ်တရ ဗိမာန်ပုံဏ္ဌာန်ဖန် တီးထားသည့် ဆန်နီငြိမ်း၏ လက် ရာသည် အာဇာနည်ကိုးဦး လုပ်ကြံခံရမှုအား အမှတ်ရစေခဲ့သည်။

အဆိုပါ လက်ရာတွင် လှေကားပေါ်ပြေးတက်သည့် ဖိနပ်သံများ၊ သေနတ် ပစ်သံများကိုလည်း အသံဖြင့် ထုတ်လွှင့်ထားသည်။ ပြကွက်အမည်မှာ Martyrs ဖြစ် သည်။

‘‘၁၉၄၇ ဇူလိုင်လ ၁၉ ရက် ကစလို့ အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့ ကျည်ဆန်တွေဟာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်သည့်တိုင် တော်လှန်ရေး ကျည်ဆန်တွေအဖြစ် မြန်မာပြည်မှာ ပျံဝဲနေဆဲ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ’’ဟု ဆန်နီငြိမ်းက ဆိုသည်။

၁၉၄၇ ကို ပြန်အမှတ်ရစေ မည့်နောက်အနုပညာလက်ရာ တစ်ခုမှာ ဇူလိုင် ၁၉ ဟု အမည် ပေးထားသည့် ကြည်ဝင်း၏လက်ရာတစ်ခု ဖြစ်သည်။ ဖန်တီးသူက ကော်ဇောနီ တစ်ခု ခင်းထားပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် လေးထောင့်တုံးငယ်များပေါ်တွင်  အာဇာနည် ကိုးဦး၏ ဓာတ်ပုံများ တင်ထားသည်။ အလယ်တွင် နှင်းဆီပန်းစည်းကိုလည်း ချထား သည်။

‘‘ကျောင်းသားဘ၀ရဲ့ မနက်ခင်း ကျောင်းတက်ချိန်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးများကို အလေးပြုခဲ့ကြဖူး တယ်။ အာဇာနည်နေ့ဟာ မြန်မာနိုင်ငံသားတိုင်းရဲ့  ရင်ထဲမှာရှိနေ တဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါ ကြောင့် ဒီလက်ရာကတစ်ဆင့် ပရိသတ်တွေလည်း အာဇာနည်ကြီးများကို အောက်မေ့သတိရ  အရိုအသေ အလေးအမြတ်ပြု နိုင်ဖို့ ရည်ရွယ်တင်ပြထားခြင်း ဖြစ်ပါတယ်’’ဟု ကြည်ဝင်းက ဆို သည်။

ရှစ်လေးလုံး ကာလများ

ကိုကိုကြီး၊ ဂျင်မီ၊ မိုးသီးဇွန်စသည့်   အမည်များ  ပါဝင်ပြီး ရှစ်လေးလုံး  အရေးတော်ပုံနှင့် ၂၀၀၇  ရွှေဝါရောင်အရေးအ ခင်း ကာလများတွင် ကျောင်းသားလုပ်ရှားမှု၌ ပါဝင်ခဲ့သည့် ကျောင်းသားများ၏ အမည်ကိုရေးထိုးထားသော သစ်သားတုံးများကို ပြသထားသည့်  Artist အေးကို၏ လက်ရာသည်လည်း တော်လှန်ရေးကာလများကို အမှတ်ရစေ ပြန်သည်။

အဆိုပါ လက်ရာနှင့် ပတ်သက်၍ အေးကိုက ‘‘မြန်မာ့သမိုင်းတစ်လျှောက် ဒီမိုကရေစီအရေး စစ်အာဏာရှင် ဆန့်ကျင်ရေး တို့မှာ ရှေ့ဆုံးက စွန့်စားပါဝင်ခဲ့ သူတွေဟာ ကျောင်းသားတွေ ဖြစ်တယ်။ အခြေခံအကျဆုံး စွန့်လွှတ်အနစ်နာခံကြသူ ကျောင်းသားတွေကို မမေ့လျော့နိုင်ရန် ဆက်လက်ချီတက်ရမယ့် ဒီမိုကရေစီခရီးရှည်မှာလည်း ကျောင်းသား တွေ ဆက်လက်ပါဝင် ပေးဆပ်သွားကြဦးမှာပဲလို့ ယုံကြည်တဲ့ အတွက် ဒီအနုပညာလက်ရာကို တင်ဆက်ခဲ့တာပါ’’ဟု ဆိုသည်။

၁၉၈၈ အရေးတော်ပုံ မတိုင်မီကာလတွင် မြန်မာပြည်စီးပွား ရေး ကျဆင်းမှုနှင့်အတူ ထိုင်းနိုင်ငံမှ ၀င်လာသည့် ချဲထီလောင်းကစားများ ခေတ်စားလာခဲ့သည်။ ထိုင်းချဲထီ လောင်းကစားသူတွေ ၏ ချိုင်းဟုခေါ်သည့် အတိတ်စိမ်း နံပါတ်ပေးသည့် ကားချပ်များမှ နံပါတ်များကို မြန်မာနိုင်ငံ မြေပုံဖြင့် တွဲဖက်၍  MPP ရဲမြင့်က ရေးဆွဲထားသည်။ ထို့အပြင် အစိုးရကတရားမ၀င် ကြေညာခဲ့သော နှစ်ဆယ့်ငါးကျပ်တန်၊ သုံးဆယ့်ငါးကျပ်တန်နှင့်  ခုနစ်ဆယ့်ငါးကျပ် တန်များကို အလံပေါ်တွင် မြေပုံပုံဖော်ပြီး ကြေညာခဲ့သော ရက်ဖြစ်သည့် ၁၉၈၇ စက်တင်ဘာ၅ ရက်ကို ကြက်ခြေခတ်ပြီး သရုပ်ဖော်ထားသည်။  

အဆိုပါ လက်ရာကို MPP ရဲမြင့်က ကင်ဆာ ၁/၂/ ၃/ ၄  ဟုအမည်ပေးထားသည်။ ‘‘ဆိုရှယ် လစ် အစိုးရလက်ထက်က တရားမ၀င် ငွေစက္ကူတွေ ကြေညာတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက်ခဲ့တဲ့အကြောင်းကို ဆိုရှယ်လစ်ခေတ်မှာ အသုံးပြုခဲ့ တဲ့အလံနဲ့ ငွေစက္ကူတွေကို ပြန်လည်အသုံးပြုပြီး ရေးဆွဲဖန်တီးထားပါတယ်’’ဟု ဆိုသည်။

ရွှေဝါရောင် တော်လှန်ရေး

‘ချစ်ခြင်းမေတ္တာ’ဟု အမည်ရသည့် ချမ်းအေးနှင့် ဖြူမွန်၏လက်ရာတွင် သံဃာတော်များ တရားထိုင်ရာတွင်အသုံးပြုသည့် ဇာခြင်ထောင်များ၊  မှောက်ထားသော သပိတ်များ၊ သာသနာ့အ လံနှင့် ခေါင်းလောင်းငယ်ကို ချိတ်ဆွဲထားသည်။ ထို့အပြင် ၂၀၀၇ တွင် ဖြစ်ပေါ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်များကို လည်း ပရိုဂျက်တာဖြင့် ပြသထား သည်။

အဆိုပါ အနုပညာလက်ရာ နှင့် ပတ်သက်၍ ‘‘ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ၊   နိုင်ငံရေးအရ သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံအတွက် အလွန်ကြီးမားလှပါတယ်။ ၂၀၀၇ ခုနှစ်စက်တင်ဘာမှာတော့ သံဃာတော်များအနေနဲ့ ပြည်သူလူထုအတွက် စစ်တပ်ချုပ်ကိုင်မှုကြောင့် စီးပွားရေး အကျပ်အတည်း ပြင်းထန်လာမှုအပေါ်မှာ မခံမရပ်နိုင်တဲ့ ပြည်သူများအတွက် ရှေ့ကနေ ရဲရဲ ၀ံ့ဝံ့ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့ရာမှာ သံဃာတော်အမြောက်အမြား သွေးမြေခခဲ့ရပါတယ်’’ ဟု ဖန်တီးသူများက ဆိုသည်။

ပုဂံပြည့်ရှင် တရုတ်ပြေးမင်း လက်ထက် ရှင်ဒီသာပါမောက္ခ ဆရာတော်  သံအမတ်ကြီးအဖြစ် ဦးဆောင်ခဲ့သည့် မြန်မာသံအဖွဲ့ သည် တရုတ်နိုင်ငံသို့သွားပြီးနိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် အစဉ်အလာ ရှိခဲ့ဖူးကြောင်း၊ထို့ကြောင့် ငြိမ်းချမ်းရေးကို ဦးဆောင်ခဲ့သည့် သံဃာတော်များ၏ ဂုဏ်ကျေးဇူးကအစပြု၍ ၂၀၀၇ စက်တင်ဘာတွင် ပြည်သူလူထု အတွက် သွေးမြေကျခဲ့သည့် သံဃာတော်များအထိ သံဃာတော် များ၏ ဂုဏ်ကျေးဇူးကိုရည်စူး၍ အဆိုပါ လက်ရာကို ဖန်တီးခဲ့သည်ဟု ဆိုသည်။

အကျဉ်းထောင်များ

ဝိမုတ္တိရသ (လွတ်မြောက်ခြင်း Emancipation) ဟု အမည်ပေးထားသည့် မောင်ဒီ၏လက်ရာတွင် အကျဉ်းထောင် သံတိုင်များကို လေးဖက် လေး တန်ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံတွင် သမ္မတတစ် ဦး တက်လာလျှင် မကြာမီပင် အကျဉ်းထောင်အသီးသီးတို့မှ အကျဉ်းသားများကို လွှတ်ပေးတတ်ပါသည်။ ယခုသမ္မတကြီးဦးဝင်းမြင့် တက်လာချိန်၌လည်း အကျဉ်းသားအချို့တို့ကို လွှတ်ပေးခဲ့ ကြောင်း၊ ထိုအချိန်တွင် ယခုလက်ရာကို ပြုလုပ်ရန် စိတ်ကူးရခဲ့ ကြောင်း မောင်ဒီကဆိုသည်။

IN ISOLATION ဟု အမည်ပေးထားပြီး အင်းစိန်ထောင်ပုံစံ ငယ် ကို ပြသထားသည့် ပန်းချီစံမင်း၏ လက်ရာသည်  ထောင်တွင်းမြင်ကွင်းများကို အခြေခံ၍ ပုံဖော်ထားခြင်း ဖြစ်သည်။

‘‘ထောင်ကျလိုက်တဲ့အ တွက် လွတ်လပ်မှုရဲ့အရသာ၊ လွတ်လပ်မှုရဲ့ တန်ဖိုးကို ပိုနားလည်ခွင့် ရခဲ့တယ်။ ဒါကြောင့် အကျဉ်းထောင်ကနေ လွတ်လပ်မှုအကြောင်း ကျယ်ကျယ် လောင်လောင် ဆွေးနွေးကြည့်တာ’’ဟု  စံမင်းက ဆိုသည်။

ထို့အပြင် တံခါးပေါက်များ နှင့် ပြတင်းပေါက်ပုံများကို ရေးဆွဲထားသည့်  မသိင်္ဂီ၏ လက်ရာကို လည်း ခံစားနိုင်သည်။ အဆိုပါ ကားများထဲမှ RED GATE ဆိုသည့် ကားကိုထောင်ထဲတွင် နေ့စဉ်မြင်တွေခဲ့ရသည့် တံခါးကို ထောင်အပြင်ရောက်မှ ပြန်လည် ပုံဖော် ရေးဆွဲထားခြင်းဖြစ်သည် ဟု ဆိုသည်။

ကိုယ်လုံးတီးများ

အနုပညာရှင် စန္ဒာခိုင်၏ သတင်းစာများဖြင့် ဖန်တီးထား သည့် ကိုယ်လုံးတီး ခပ်၀၀ အမျိုးသမီးပုံတူသည် သတင်းနှင့် လူသားဆက်နွှယ်နေပုံကို ဖော်ညွှန်းထား ပြီး စာဖတ်သူများဟု အမည်ပေး ထားသည်။

၂၀၁၅ လက်ပံတန်းကျောင်း သားအရေးအခင်း ဖြစ်ချိန်တွင် လူတိုင်းသည် သတင်းစာ၊ ဂျာနယ်များ အလုအယက် ၀ယ်ဖက်ကြ သည်ကို သတိထားမိရာက သတင်းများနှင့် လူသားအကြားအပြန်အလှန် ဆက်နွှယ်နေမှုကို ဆင်ခြင်သုံးသပ်မိပြီးနောက် ယခုကဲ့ သို့ ကိုယ်လုံးတီးပုံများ လက်ထဲတွင် သတင်းစာ၊ ဂျာနယ်များ ထည့်သွင်းရေးဆွဲထားကြောင်း ဖန်တီးသူက ဆိုသည်။

‘‘လူတိုင်း လူတိုင်းဟာသတင်းတွေကို စိတ်ဝင်စားကြတယ်။ နေ့စဉ်သတင်းစာတွေကို စောင့်ပြီး ဖတ်ကြတယ်။ ကမ္ဘာကြီးတည်ရှိနေသမျှ သတင်းစာတွေ၊ သတင်းတွေဟာရှိနေမယ်။ သတင်းတွေဟာ လူသားနဲ့အတူ တကွ ရှင်သန်နေမယ်’’ဟု ၎င်းက ဆိုသည်။

နောက်ထပ် ကိုယ်လုံးတီးလက်ရာအဖြစ် ဒေါက်တာဆန်း မြင့်၏ ပန်းချီကားများကို မြင်တွေ့ရမည် ဖြစ်သည်။ ၁၉၇၄ တွင် ပြပွဲတစ်ခု၌  ပြသရန် စီစဉ်ထားသော ဒေါက်တာဆန်းမြင့်၏ အမျိုးသမီး ကိုယ်လုံးတီး ပန်းချီကားများတားမြစ်ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ထို့နောက် ၁၉၇၅ တွင်  ကိုယ်လုံးတီးပုံများ ထပ်မံရေးဆွဲပြီး ပြသရန် တင်သွင်းသည့်အခါ ပြသခွင့်ရရှိခဲ့သည်။ ယခုလက်ရာများ သည် ၁၉၇၅ မှ လက်ရာဟောင်း များကို ပြန်လည်မွမ်းမံထားခြင်း ဖြစ်သည်။

ပရိုဂျက်တာဖြင့် ခံစားခြင်း

ပြပွဲ အတွင်း  အခန်းတစ်ခုထဲ တွင် ငှက်တစ်ကောင်၏ မီးခိုးတန်းများအမည်ရှိ ဆရာကြီး ဦးဝင်းဖေ၏ လက်ရာရုပ်ရှင်တစ်ကားကို ပြသထားသည်။ ၁၉၉၃ တွင် မြန်မာ့ရုပ်မြင်သံကြားဌာနက ဦးဝင်းဖေကို စစ်အစိုးရ ၀ါဒဖြန့်ချိရေးအတွက် မဟုတ်ဘဲ အနုပညာ သက်သက် ရုပ်ရှင်ဇာတ်လမ်းတို ရိုက်ကူးပေးရန် ကမ်းလှမ်းခဲ့သည်။ ထို့ကြောင့် ဆရာကြီး ဦးဝင်းဖေက သူကိုယ်တိုင်ရေးသားခဲ့သည့် ၀တ္ထုတိုကို ရိုက်ကူးထုတ်လုပ်ပေး ခဲ့သည်။ သို့သော် အဆိုပါ ရုပ်ရှင်ကို ပြသရန် မြန်မာ့ရုပ်မြင်သံကြား ဌာနက ငြင်းဆိုခဲ့သည်။

‘‘ဒီကားက ရိုးရိုးလေးပါ။ လူတစ်ယောက်ဟာ စိတ်ထဲမှာ မကြည်မလင်ဖြစ်လာရင် ဘာမှလုပ်လို့ မရတော့ဘူး။ အကုန်ပျက် ကုန်တယ်လို့ ပြောချင်တာပါ’’ဟု ဆိုသည်။

ပရိုဂျက်တာဖြင့် ခံစားရမည့် နောက်ထပ် လက်ရာတစ်ခု မှာ ကာတွန်းဆရာ ဦးဖေသိန်း၏ သားဖြစ်သူ ဖေမောင်စိမ်း၏ လက်ရာတစ်ခု ဖြစ်သည်။ အဆိုပါ လက်ရာတွင် သမိုင်းဝင်ကာတွန်းများ နှင့် ကာတွန်းဆရာ ဦးဖေသိန်း၏ အသံဖိုင်ကို တွဲစပ်ထားသည့် ဗီဒီယိုတစ်ခုကို ကြည့်ရှုနိုင်မည် ဖြစ် သည်။

ဖခင်ဆုံးပါးပြီးနောက် စားပွဲကို မွှေနှောက်ကြည့်သည့်အခါ ဖခင်စုဆောင်းထားသည့် ကာတွန်းဆရာကြီး ဦးဘကလေး၊ ဦးဘဂျမ်း၊ ဦးဟိန်စွန်းနှင့် ဦးဖေသိန်းေ ရးဆွဲခဲ့သည့် ကာတွန်းများ ကို တွေ့ရှိခဲ့ရသည်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီ ဒေါ်အောင်ဆန်းစုကြည် ခြံထဲတွင် ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ဦးဖေသိန်း ဟောပြောခဲ့သည့်‘သတင်းနဲ့ ကာတွန်းပညာ’ဆိုသည့် အသံဖမ်းကက်ဆက်ခွေ ကိုလည်း တွေ့ ရှိခဲ့၍ ဖန်တီးနိုင် ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်၂၀၀၀ ပြည့်နှစ်လွန်များ၏ ရန်ကုန်မြို့အခြေအနေကို ထင်ဟပ်ပြထားသလို ဖြစ်သည့်  တိုက်ခန်းတွဲ တစ်ခုလုံးကို နေထွက်သည့်အချိန်ကစ၍ နေ၀င်ချိန်အထိ ရိုက်ကူးထားသည့်  ၀ါနု၏ အလင်းရောင်လိုဘ၀များအမည်ရှိ ဗီဒီယိုဖိုင်ကိုပြသထားသည်။ ဗီဒီယိုမှာ ၂၀၀၄က ရိုက်ကူးထားခြင်း ဖြစ်သည်။

အဆိုပါ လက်ရာနှင့်ပတ်သက်၍ ‘‘သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ တော်တော်များများ ခေတ်အခြေအနေဆိုးရဲ့ အမှောင်ထဲမှာ စိတ်ဓာတ်ကျ လမ်းပျောက်နေကြတာကို တွေ့ခဲ့ရတယ်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာကို ကြည့်ရင်လည်း လူအများစုဟာ အဲဒီအခြေအနေထဲမှာပဲ မဟုတ်လား။ အဲဒီလူတွေအားလုံး အတွက် ရည်ရွယ်ပြီး ဒီလက်ရာကို ဖန်တီးဖြစ်ခဲ့တာ ဖြစ်ပါတယ်’’ ဟု ၀ါနုက ဆိုသည်။

အခြားသောအရာများ

အိမ်သာကြွေခွက်များကို အင်္ဂတေပေါ်တွင် တင်ထားပြီး ဘေးတွင် ရေဘုံပိုင်များဖြင့်  ပြသထားသည့်  စန်းဦး၏ လက်ရာသည်ပြပွဲတွင် အထူးခြားဆုံး ဖြစ်သည်။

ဖန်တီးသူက ၎င်းဖြတ်သန်းခဲ့သော ခေတ်၏ လူသားလွတ်လပ်ခွင့်၊ အနုပညာပန်းတိုင်၊ ငြိမ်းချမ်းရေး၊ သမ၀ါယမစနစ်၏ စားသုံးသူဝေစုအတွက် စောင့်ဆိုင်းရခြင်းများကို မအောင့်အည်းနိုင် ဘဲ ရုန်းကန် တိုက်ပွဲဝင်ခဲ့ရခြင်း များအကြောင်းကို မြန်မာ့ဓလေ့ အတိုင်း အိမ်သာထိုင်ခဲ့ကြသည် အိမ်သာကြွေခွက်များကို အသုံးပြု၍ ပြသထားသည့် လက်ရာဖြစ် သည်။ အဆိုပါ ပြကွက်ကို ‘အတူတူစောင့်နေကြတယ်’ဟု အမည် ပေးထားသည်။

ယူနီဖောင်းဟု အမည်ပေးထားသည့် စိုးနိုင်၏ ရေနံဆီမီးခွက်များ လက်ရာသည်လည်း ထူးခြားသည်။ ပန်းချီစိုးနိုင်မွေးဖွား ကြီးပြင်းခဲ့သည့် ဆိုရှယ်လစ်ခေတ် တစ်ခေတ်လုံးသည် တောရော မြို့တွင်ပါ အလင်းရောင်ရရန်  အိမ်တိုင်း ရေနံဆီမီးခွက် ဆောင်ထားကြရသည်။ ပန်းချီစိုးနိုင်ဖန်တီးထားသည့် မီးခွက်များသည် ရေနံဆီနှင့် မီးစာမပါရှိပေ။  ‘‘အမှောင်ထဲမှာ အလင်းပြရမယ့် မီးခွက်ကစပြီး မီးစာပါမလာတဲ့ အခြေအနေမျိုး ဖြစ်နေတဲ့ အဲဒီခေတ်အခြေအနေကို ညွန်းဆိုခဲ့တာ ပါ’’ဟု စိုးနိုင်က ဆိုသည်။

SOLD ဟူသည့် စာလုံးကိုနွားသားရေအစစ်ပေါ်တွင်ရေးသားထားပြီး နွားရိုးများ ပါဝင်သောစားမြုံ့ပြန်ခြင်းဟု အမည်ပေးထားသည့် ငုအိမ်ထက်မြက်၏လက်ရာသည်လည်း တစ်မူထူး ခြားသည်။

ဖန်တီးသူက ၎င်းမွေးဖွားကြီးပြင်းခဲ့ရာ ကျေးရွာများက ခိုင်းနွားများအား ဘေးမဲ့လွှတ်သော ဓလေ့ထုံးစံအပေါ် အခြေခံပြီး သူဖြတ်သန်းခဲ့သည့်ခေတ်အတွင်း သိမြင်ခဲ့ရသမျှကို တနုံ့နုံ့စားမြုံ့ပြန်ကာ ဖြစ်ပေါ်လာသည့် လက်ရာ ဖြစ်သည်။

ထို့အပြင် အစက်အပြောက်လေးများ၊ ထုထည်များပုံကို ပြသထားသည့်  ‘အစက်ပြောက်ရဲ့အား’ဟု အမည်ပေးထားသည့် အောင်မြင့်၏ လက်ရာကိုလည်း ခံစားနိုင်မည် ဖြစ်သည်။

‘‘ဒီလက်ရာမှာ အစက်အ ပြောက်လေးတွေကနေ မျဉ်းကြောင်းတွေထိ ဖြစ်လာပုံကိုဗုဒ္ဓ ဟောကြားတဲ့ ပရမာအဏုမြူဆိုတဲ့ သဘောတရားကိုပါ ညွန်းဆိုထား တာ ဖြစ်ပါတယ်’’ ဟု ဆိုသည်။

ပြပွဲအခန်း၏ ခေါင်းရင်းတွင် ဘုရားဆင်းတုတော်နှင့် ပန်းအိုး များကို ပြသထားသည့် ချောအိ သိမ်း၏ ဘေးရန်ခပ်သိမ်း ငြိမ်းပါ စေဆိုသည့် ပြကွက်ကိုလည်း တွေ့ မြင်ရမည် ဖြစ်သည်။

အဆိုပါ လက်ရာနှင့်ပတ်သက်၍ ‘‘ဒီဟာရဲ့အစက ကျွန်မမေမေရဲ့ ဘုရားစင်က အစပြုပါတယ်။ ဘုရားစင်က ပန်းအိုးတွေ က ကြေးနဲ့လုပ်ထားတဲ့ အမြောက်ကျည်ဆန်ခွံတွေပါ။ နောက်တော့ရောက်ဖူးတဲ့ အိမ်တော်တော်များများမှာလည်း ဒီလိုကျည်ဆန်ခွံ ပ န်းအိုးတွေနဲ့ပဲ ဘုရားပန်း ကပ်ကြတာကို ခဏခဏတွေ ရပါတယ်။ဒီဖန်တီးမှုဟာ ကျွန်မငယ်ငယ် ကတည်းက အခုချိန်ထိ နေ့စဉ်မြင်ကွင်းတွေထဲမှာ ကျွန်မတို့ တွေ့နေရတဲ့ ရုပ်ပစ္စည်းရဲ့ မတွေ့ရပေမယ့် တွေးကြည့်လို့ရတဲ့ အဲဒီပစ္စည်းရဲ့ အတိတ်တန်ဖိုးတွေကို ပစ္စုပ္ပန်မှာ တွေ့မြင်ရတဲ့ တည်ရှိမှုကို ဆက်စပ်ကြည့်တဲ့ အကြောင်းအ ရာတစ်ခုပဲ ဖြစ်ပါတယ်’’ဟု ၎င်း ကဆိုသည်။  ။