မာန်အောင်တွင် တစ်ရက်အတွင်း အလောင်း နှစ်လောင်းတွေ့

 မာန်အောင်မြို့တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး၏ ရုပ်အလောင်းများကို ဇူလိုင် ၁၁ ရက် တစ်ရက်တည်း၌ ချောင်းအတွင်းမှ တွေ့ရှိခဲ့ကြောင်းမာန်အောင်မြို့မရဲစခန်းမှ ရဲအုပ်စံရွှေလှက ပြောသည်။

အသက် (၄၀) ခန့်အရွယ် အမျိုးသား၏ အလောင်းကို ကမာချောင်းထဲမှ တွေ့ရှိကာ အသက် (၃၀) ခန့်အရွယ်အမျိုးသမီး၏ အလောင်းကို ပြားကြီးချောင်းတံတားအောက်တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူ အမျိုးသားသည် ဇူလိုင် ၉ ရက်က လယ်တောသို့ ညအိပ်သွားပြီး ဇူလိုင် ၁၀ ရက်၌ နေအိမ်သို့ ပြန်မရောက်သဖြင့် လိုက်လံရှာဖွေရာမှ အလောင်းတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကမာ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြော သည်။

သေဆုံးမှုများနှင့် ပတ်သက် ၍ မာန်အောင်မြို့မရဲစခန်းက သေမှုသေခင်း ဖွင့်လှစ်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း ရဲအုပ်စံရွှေလှက ပြောသည်။