မုတ္တမပင်လယ်ကွေ့၌ ငါးသယံဇာတထိန်းသိမ်းရေး ဒေသခံများအား သင်တန်းပေးမည်

 မုတ္တမပင်လယ်ကွေ့၌ ငါး တိုးပွားရေး၊ ထုတ်လုပ်မှုမြင့်တက် ရေးနှင့် ဒေသတွင်း ရေလုပ်ငန်း ရှင်များကို ပြန်သင်ပေးနိုင်ရန် ငါးမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ သင် တန်းနည်းပြများ မွေးထုတ်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က ပြောသည်။

ဇူလိုင် ၉ ရက်က သထုံမြို့ နယ်၌ ကျင်းပခဲ့သည့် ငါးလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲတွင် အမြဲ တမ်းအတွင်းဝန်က ပြောသည်။

‘‘ငါးလုပ်ငန်းနဲ့အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိ ဖို့ ဒီသင်တန်းကျောင်းက ဖော် ဆောင်မှာဖြစ်သလို ငါးလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ဘွဲ့ရလူငယ်တွေ ကို ငါးသယံဇာတထိန်းသိမ်းနည်း နဲ့ ရေရှည်ထုတ်လုပ်နိုင်ဖို့ မျိုးဆက် သစ်တွေ မွေးထုတ်သွားမှာပါ’’ဟု ဒေါက်တာခင်ဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်း ဖွံ့ဖြိုးရေး ငါးသင်တန်းကျောင်း များကို ရန်ကုန်၊ စစ်ကိုင်းနှင့် ဖျာပုံမြို့တို့တွင် ဖွင့်လှစ်ပြီး စတုတ္ထမြောက် ငါးသင်တန်းကျောင်း (သထုံ)ကို ဆွစ်ဇာလန်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် မုတ္တမပင်လယ်ကွေ့ စီမံကိန်းက ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ငါးလုပ်ငန်း ရေရှည်ဖွံ့ဖြိုး တိုးတက်စေပြီး ငါးရိက္ခာဖူလုံစေ ရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏လူမှု စီးပွားဘဝမြင့်မားလာစေရန်နှင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်နေကြောင်း ဒေါက်တာခင်ဇော်ကပြောသည်။

‘‘မုတ္တမပင်လယ်ကွေ့မှာ ငါးသယံဇာတတွေကို ဘယ်လို ထုတ်ယူသုံးစွဲမလဲ၊ ရှိနေတဲ့ သယံဇာတတွေကို ဘယ်လိုထိန်းသိမ်း ပြီး ရေရှည်မှာ ဘယ်လိုထုတ်ယူ သုံးစွဲမလဲဆိုတာတွေကို ဒီသင် တန်းကျောင်းကနေ ဖော်ဆောင် ပေးလာတော့မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံပိုင်ပင်လယ်ပြင်မှ ငါး အပါအဝင် ရေသယံဇာတများကို ထိန်းသိမ်းခြင်းနှင့် ရေရှည်ထုတ် ယူသုံးစွဲနိုင်ရန် အမျိုးသားအဆင့် ကမ်းရိုးတန်းဒေသ သယံဇာတ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီက ရေရှည်စီမံသုံးစွဲမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်နေ ကြောင်း အမြဲတမ်းအတွင်းဝန်က ပြောသည်။