ဗေဒင်ဆရာအောင်ချစ်ပိုအမှုကို မြို့နယ်တရားရုံးသို့ စွဲတင်ဟုဆို

 ဗေဒင်ဆရာ အောင်ချစ် ပိုထံတွင် ဗေဒင်မေးစဉ် လိင်ပိုင်း ဆိုင်ရာ စော်ကားခံရသည်ဆိုကာ အမျိုးသမီးနှစ်ဦးက အမှုဖွင့်ရာ ငါးလကြာပြီးနောက် အမှုကို စမ်းချောင်းမြို့နယ်တရားရုံးသို့ စွဲတင်ပြီးဖြစ်ကြောင်း စမ်းချောင်း မြို့နယ်ရဲစခန်း စခန်းမှူးကပြော သည်။


 ကိုးထပ်ကြီးဘုရားတွင် ဗေဒင်ဟောခန်း ဖွင့်ထားသော ဗေဒင်ဆရာ အောင်ချစ်ပိုထံ၌ နည်းပညာတက္ကသိုလ်ကျောင်းသူ တစ်ဦးက ဗေဒင်မေးရာတွင် လိင် ပိုင်းဆိုင်ရာ စော်ကားခံရကြောင်း ဇန်နဝါရီက ဖေ့စ်ဘွတ်ခ်တွင် ပို့စ် တင်ရေးထားခဲ့သည်။

 အမျိုးသမီး ၁၀ ဦးခန့်က ၎င်းတို့လည်း ထိပါးခံရဖူးကြောင်း ရေးသားကာ အဆိုပါပို့စ်ကို ပြန် လည်မျှဝေခဲ့သည်။

ထို့ကြောင့် ဗေဒင်ဆရာက ၎င်းတို့ကို တရားစွဲမည်ဟု ခြိမ်း ခြောက်ပြီးနောက် ဖေ့စ်ဘွတ်ခ် ပေါ်တွင် ပထမဆုံးရေးသားသူ နည်းပညာတက္ကသိုလ် ကျောင်းသူ က ဗေဒင်ဆရာအောင်ချစ်ပိုကို ကာယိနြေ္ဒပျက်စီးရန် လက် ရောက်ကျူးလွန်မှုဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် အမှုဖွင့်ခဲ့သည်။ ထို့အပြင် ရုပ်ရှင်သရုပ်ဆောင် ဒိန်းပိုပိုဒေါင်ကလည်း ဗေဒင် ဆရာ၏ လိင်ပိုင်းဆိုင်ရာ စော် ကားခံရဖူးသည်ဆိုကာ ဗေဒင် ဆရာ အောင်ချစ်ပိုကို ကာယိနြေ္ဒ ပျက်စီးရန် လက်ရောက်ကျူးလွန် မှု ပုဒ်မ ၃၅၄၊ ရာဇဝတ်မကင်း သောခြောက်လှန့်မှု ပုဒ်မ ၅၀၆ ဖြင့် ဖေဖော်ဝါရီ ၇ ရက်တွင် ထပ်မံအမှုဖွင့်ခဲ့သည်။

ဗေဒင်ဆရာ အောင်ချစ်ပိုက အဆိုပါ အမျိုးသမီးနှစ်ဦး အပါ အဝင် အမျိုးသမီးများ၏ ရေးသား ချက်ကို ပြန်လည်မျှဝေသည့် သတင်းထောက် တစ်ဦးကိုပါ အသရေဖျက်မှုပုဒ်မ၊ ဆက်သွယ် ရေးပုဒ်မများဖြင့် တန်ပြန်အမှုဖွင့် ခဲ့သည်။

စမ်းချောင်းမြို့နယ် ရဲစခန်း တွင် အပြန်အလှန်အမှုဖွင့်ထားပြီး ငါးလခန့်အကြာ၌ ရဲစခန်းက အမှုကို တရားရုံးသို့ စွဲတင်ခဲ့သည်။

‘‘ဇူလိုင် ၆ ရက်က တင်လိုက် ပါပြီ။ တရားရုံးက ခေါ်စစ်ပါလိမ့် မယ်’’ဟု စမ်းချောင်းမြို့နယ် ရဲ စခန်းမှူးက ပြောသည်။ တရားရုံး တွင် စွဲတင်သည့် ပုဒ်မများကို စခန်းမှူးက အလုပ်မအား၍ ပြော ဆိုနိုင်ခြင်းမရှိပေ။

 အမှုဖွင့်ထားသူများနှင့် တရားလိုရှေ့နေများက တရားရုံး ရုံးချိန်းကို မသိရှိသေးကြောင်း ပြောသည်။