မှုခင်းသတင်းတိုများ

မုံရွာတွင် ကိုယ်ပိုင်ယာဉ်ရှေ့ဘီးပေါက်၍ ဆိုင်ကယ်ငါးစီးကို ၀င်တိုက်မိသဖြင့် နှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မုံရွာ - မုံရွာမြို့ အိုးဘိုတောင်ရပ် ကွက်တွင် လက်ထောက်လ၀ကမှူး မောင်းနှင်လာသော ယာဉ်ရှေ့ဘီးပေါက်၍ ဆိုင်ကယ်ငါးစီးကို ၀င်တိုက်မိသဖြင့် နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောသည်။ ဖြစ်စဉ်သည် အိုးဘိုတောင်ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ပိတောက်လမ်းထိပ်တွင် ဇူလိုင် ၁၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှုကြောင့် မုံရွာမြို့မရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာနေ အမျိုးသား နှစ်ဦးထိခိုက်ဒဏ်ရာရပြီး အသက် (၇) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် (၃၅) နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။


ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ပေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းသော အမျိုးသားကို မုံရွာမြို့မရဲစခန်းက ယာဉ်တိုက်မှုကြောင့် သာမန်နာကျင်စေမှု၊ ပြင်းထန်နာကျင်စေမှုနှင့် လူသေဆုံးစေမှုများဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေသည်။