တန်ဖိုးသင့် Hybrid Tablet ဈေးကွက်ကို စိန်ခေါ်မယ့် Microsoft Surface Go

လက်ကိုင်မိုဘိုင်းနည်းပညာ ကိရိယာတွေနဲ့ပတ်သက်ရင် စမတ်ဖုန်းတွေက လူသုံးအများဆုံးဖြစ်နေပေမယ့် Tablet ကွန်ပျူတာငယ်တွေရဲ့ ဈေးကွက်ကလည်း အတိုင်းအတာတစ်ခုထိ ကျယ်ပြန့်နေဆဲပါ။ ပေါ့ပါးပြီးအလွယ်တကူသယ်ယူနိုင်သလို Keyboard နဲ့ တွဲဆက်ပြီး အလုပ်လုပ်နိုင်တဲ့ Hybrid မျိုးစပ်Tablet တွေဆို ပိုပြီးတောင် အသုံးတွင်ကျယ်ပါသေးတယ်။ စမတ်ဖုန်းနယ်ပယ်မှာ Apple ရဲ့ iPhone က လူကြိုက်အများဆုံးအဖြစ် ပြတ်ပြတ်သားသားရပ်တည်နေပေမယ့် Tablet ဈေးကွက်မှာတော့ အဲဒီလို အသာစီးအနေအထားမျိုးကို Apple ရဲ့ iPad က မဖန်တီးနိုင်ပါဘူး။


iPad တွေကို အဓိက စိန်ခေါ်နေတာက Microsoft ရဲ့ Surface အမျိုးအစား Tablet တွေပါ။ စွမ်းဆောင်ရည်ပိုင်းနဲ့ ဈေးနှုန်းမှာ ကွဲပြားတဲ့ ရွေးချယ်ခွင့် အမျိုးမျိုးဖန်တီးပေးထားခြင်းက Surface တွေကို သုံးစွဲသူ လူတန်းစားမျိုးစုံဆီ စိမ့်ဝင်ရောက်ရှိစေပါတယ်။ အခုတော့ Microsoft အနေနဲ့ ပိုမိုပေါ့ပါးပြီး ဈေးနှုန်းအရလည်း ပိုသက်သာမယ့် Surface မျိုးကွဲတစ်ခုကို မိတ်ဆက်လိုက်ပါပြီ။ Surface Go ဟာ တန်ဖိုးသင့် Tablet ဈေးကွက်ရဲ့ ပြိုင်ဆိုင်မှုအရှိန်အဟုန်ကို အချိုးအကွေ့တစ်ခုဆီ တွန်းပို့ပေး မယ့် ထုတ်ကုန်လို့ ယူဆရပါမယ်။

၁၀ လက်မအရွယ် Screen ကို အသုံးပြုထားတဲ့ Surface Go ဟာ၁၂ လက်မအရွယ် Screen ပါဝင်တဲ့ Surface Pro ထက် ပိုသေးငယ်ပါ တယ်။ ဒီ Tablet ရဲ့ အားသာချက်က ပိုကျစ်လျစ်ပြီးသယ်ဆောင်ရ ပိုလွယ်ကူတာဖြစ်ပါတယ်။ ဈေးနှုန်းကလည်း သင့်တင့်တဲ့ ၃၉၉ ဒေါ်လာဆိုတဲ့ သတ်မှတ်ချက်ကနေ အစပြုပါတယ်။ ဒါပေမဲ့ စွမ်းဆောင်ရည်ပိုင်းမှာ တော့ Surface Pro ထက် ပိုအားနည်းမှာပါ။ တောင်းဆိုမှုအရမ်းများတဲ့ App တွေ၊ Software တွေ မသုံးဘဲ ဈေးလည်းသိပ်မများတဲ့ HybridTablet မျိုး ရွေးချယ်လိုသူတွေအတွက် အဆင်ပြေဆုံးဖြစ်အောင် Microsoft က Surface Go ကို ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

Surface Go ဟာ ၁ ဒသမ ၁၅ ပေါင်ပဲလေးလံပြီး အထူက ၈ ဒသမ ၃ မီလီမီတာသာ ရှိပါတယ်။ Processor အတွက် Intel ရဲ့ PentiumGold 4415Y ကို သုံးထားပါတယ်။ RAM နဲ့ သိုလှောင်မှုစွမ်းရည်ပမာဏ ကိုတော့ အတွဲလိုက်ရွေးချယ်ခွင့် နှစ်မျိုးပေးထားပါတယ်။ RAM ပမာဏ4GB နဲ့ သိုလှောင်မှုစွမ်းရည် 64GB ပါဝင်တဲ့ အမျိုးအစားက ၃၉၉ ဒေါ်လာကျသင့်ပါတယ်။ RAM ပမာဏ 8GB နဲ့ သိုလှောင်မှုစွမ်းရည် 256GB အမျိုးအစားက ဈေးနှုန်း ၅၄၉ ဒေါ်လာ ဖြစ်ပါတယ်။ သိုလှောင်မှုကို မြှင့် တင်ဖို့ Micro SD အထောက်အပံ့လည်း ပါဝင်နေပါတယ်။ ဒီ Tablet တွေ ကို ဩဂုတ် ၂ ရက်စပြီး ရောင်းချမယ်လို့ Microsoft က ကြေညာထားပါတယ်။

Surface Go ဟာ တွဲဆက်နိုင်တဲ့ စမတ် Keyboard နဲ့ မျက်နှာပြင်ပေါ်ထောက်ပြီး ရေးခြစ်နိုင်တဲ့ ကညစ်တံ Stylus ပါဝင်ပါတယ်။ အဲဒီ Stylus ဟာ ဖိအားအခြေအနေ ၄,၀၉၆ မျိုးထိ အာရုံခံခွဲခြားသိနိုင်အောင် တီထွင်ထားပါတယ်။ Surface Go ရဲ့ Screen အချိုးအစားကိုတော့ ၃း၂ အဖြစ် အထိုင်ချထားပြီး အမြင့်ဆုံး Resolution ကို 1800x1200 megapixel အထိ ထောက်ပံ့ပေးနိုင်မယ်လို့သိရပါတယ်။

Tablet ကို အားသွင်းဖို့အတွက် Microsoft ရဲ့ ကိုယ်ပိုင် Connector ကိုရော၊ USB-C 3.1 စနစ်ကိုပါ လိုသလိုအသုံးပြုနိုင်ပါတယ်။ External Hard Disk၊ Mouse တွေနဲ့လည်း အလွယ်တကူအသုံးပြုနိုင်တာကြောင့် ကွန်ပျူတာတစ်လုံးအနေနဲ့ အလုပ်လုပ်ဖို့လည်း အဆင်ပြေပါတယ်။

ဘက်ထရီကတော့ ပုံမှန်လုပ်ငန်းတာဝန်တွေ အတွက်ဆိုရင် ကိုးနာရီလောက် ဆက်တိုက်အသုံးခံမယ်လို့ Microsoft က ပြောပါတယ်။ PentiumGold Processor ရဲ့ စွမ်းအင်သုံးစွဲမှု နည်းပါးတာရော၊ Windows 10 SCombo ရဲ့ အထောက်အပံ့ကြောင့်ပါ ဘက်ထရီကို ချွေတာပေးနိုင်ပါ တယ်။

Windows 10 S ဟာ သမားရိုးကျ Windows 10 OS ကို ချုံ့ထားတဲ့ ဗားရှင်းလို့ သတ်မှတ်နိုင်ပါတယ်။ App တွေကို Built-in အဖြစ် ထည့်ထားတဲ့ Microsoft Store ကနေပဲ ထည့်သွင်းနိုင်မှာပါ။ ဒီအချက်က အကန့်အသတ်တွေ ကြုံစေနိုင်ပေမယ့် ဘက်ထရီသက်တမ်းကို မြှင့်တင်ဖို့ အထောက်အပံ့ကောင်း ရစေမှာပါ။ ဒါပေမဲ့ ဝယ်ယူသူတွေဘက်က ဆန္ဒ ရှိရင် Windows 10 စနစ်ကို အခမဲ့မြှင့်တင်ခွင့်ပေးမယ်လို့ Microsoft ကပြောထားပါတယ်။

Surface Go မှာ ကင်မရာပိုင်းကိုလည်း Microsoft က သင့်တင့်မျှတတဲ့ အတိုင်းအတာမျိုး ထည့်သွင်းပေးထားပါတယ်။ Video Chat တွေအတွက် 5 megapixel Windows Hello ကင်မရာကို ရှေ့ပိုင်းမှာ တပ်ထားပြီးTablet ရဲ့ ကျောဘက်မှာတော့ 8 megapixel Autofocus ကင်မရာ ပါရှိနေပါတယ်။

ဈေးကွက်ထဲမှာတော့ တန်ဖိုးသင့် Tablet မျိုး ရှာဖွေနေပြီး WindowsOS ကို ချောချောမွေ့မွေ့အသုံးပြုလိုသူတွေအတွက် အသစ်ထွက်လာ တဲ့ Surface Go ဟာ မျက်စိကျစရာ ဖြစ်လာမှာပါ။ Microsoft က အ စောပိုင်းမှာတော့ WiFi အင်တာနက်ချိတ်ဆက်နိုင်တဲ့ အမျိုးအစားတွေပဲ ရောင်းချမှာဖြစ်ပြီး အဲဒီနောက်မှာတော့ LTE အထောက်အပံ့ပါ ပါဝင်တဲ့ ဗားရှင်းကို ထုတ်လုပ်မယ်လို့ဆိုပါတယ်။ ဩဂုတ် ၂ ရက်ကျရင် အမေရိ ကန်၊ ဗြိတိန်နဲ့ ဩစတြေးလျအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံတချို့မှာ ဒီ Tablet တွေကို စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

—Ref: Tech Radar