မျက်စိကလွဲရင် အကုန်ဆဲပစ်

(တစ်)

ဆရာဇော်ဂျီ၏ ကဗျာက လေးနှင့်ပဲ ယခုဆောင်းပါးကိုစ, လိုက်ချင်ပါသည်။ ကဗျာကတိုတို ကလေး။ အချိုးကဗျာအုပ်စုထဲ တွင် ဒွေးချိုးဟုဆိုမှဖြင့်တိုတိုက လေးဖြစ်နေရသည်မှာ ဘာမှ မဆန်း။ ကဗျာအမည်က ‘အပ်န ဖား’တဲ့။

ထိုးသော်တဲ့ထိုးသော်

ကြိုးချော်လို့ သွား။

အမေအို အမြင်ကတ်တယ်

အပ်ရွှေနဖား။

ကဗျာကလေးက ချစ်ဖို့ ကောင်းပါတယ်။ ကျေးလက် (သို့ မဟုတ်) ရှေးဟောင်းလူ့အဖွဲ့အ စည်းတွင် မြင်လေ့၊ တွေ့လေ့ရှိ သည့်ရှုခင်းကလေးတစ်ကွက်။ အ ဘွားအိုတစ်ဦး အပ်နဖားထိုးနေ သည့်မြင်ကွင်း။ လက်ချုပ်အပ်က လေးက တစ်ချောင်း၊ အပ်ချည်က လေးက တစ်လုံးနှင့်။ ထုံးစံအတိုင်း အပ်ချည်စကလေး၏ အဖျားကို တံတွေးကလေးဆွတ်ပြီးနောက် အပ်နဖားပေါက်ကို မျက်စိကလေး တစ်ဖက်မှိတ်ကာ အသေအချာ ကြည့်ပြီးသော် ထိုးထည့်ရသည့် မြင်ကွင်း။ အဘွား၏ အပ်ချည်စ က အပ်နဖားပေါက်ထဲသို့တစ်ခါ လည်းမ၀င်၊ နှစ်ခါလည်းမ၀င်။ ထို အခါ အဘွားစိတ်တိုလာပါသည်။ အမြင်ကတ်လာပါသည်။ အဆို အဆဲကလေးပါ ဖက်လာပါသည်။ ကမြင်းမ အပ်နဖားပေါက်ဘာညာ စသည်။

ကဗျာချစ်သူ ကျွန်တော်တို့ ပြုံးကြရပါသည်။ အမေရိကန် ကဗျာဆရာရောဘတ်ဖရော့စ် (Robert Frost)၏ Poetry begins in wisdom ဟူသည့်စကား အတိုင်း ကဗျာဟူသည်နှစ်သက် ကြည်နူးမှုဖြင့်စကာ ဉာဏ်ပညာ ဖြင့် ဆုံးမြဲဟူသည့်အဆိုအမိန့်အရ ဆရာဇော်ဂျီ၏ ကဗျာကို နှစ်သက် ခြင်း၏နောက်၌ ဉာဏ်ပညာကပါ ဆက်လိုက်လာပါသည်။

အပ်နဖားပေါက်ထဲသို့ အပ် ချည်က ဘာကြောင့်ခပ်လွယ်လွယ် မ၀င်တာပါလိမ့်။ အပ်နဖားပေါက် တွေက ကျဉ်းကုန်လို့လား။ သို့ မဟုတ် အဘွား၏မျက်စိတွေက မှုန်ကုန်လို့လား။ ဖြစ်ခြင်းဖြစ် အ ဘွားကသာ မျက်စိမှုန်သွားခြင်း ဖြစ်တန်ရာသည်။ အပ်နဖား ပေါက်တွေကမူ ကျဉ်းသွားစရာအ ကြောင်းမရှိ။ ဒါဆို အဘွားကဘာ ဖြစ်လို့ အပ်နဖားပေါက်တွေကို အမြင်ကတ်နေရပါလိမ့်။ ကိုယ့် မျက်စိ၊ ကိုယ့်အမြင်၊ ကိုယ့်အခြေ အနေကိုသာ အမြင်ကတ်ရမှာ မဟုတ်ဘူးလား။ ငါအသက်ကြီး ပြီ၊ ငါ့မျက်လုံးတွေမကောင်းတော့ ဘူး၊ ငယ်ငယ်ကလို မဟုတ်တော့ ဘူး စသည်စသည်။

(နှစ်)

ယခုရက်ပိုင်းများအတွင်း စည်ပင်သာယာက တချို့တချို့ သောရပ်ကွက်များအတွင်းသို့ ဆင်းပါသည်။ ရေစီးရေလာ ကောင်းစေဖို့၊ ရေမြောင်းများကို ဖော်ကာ မြောင်းပေါင်များကိုစနစ် တကျပြန်ခင်းဖို့လုပ်ပါသည်။ ရပ် ကွက်သူ၊ရပ်ကွက်သားတချို့က ကက်ကက်လန်အောင် ရန်တွေ့ ကာ ဒေါသတကြီးဖြင့် တုံ့ပြန်ပါ သည်။

ကိုယ့်အိမ်နယ်နိမိတ်ကို ကျော်ကာ စည်ပင်သာယာပိုင် မြောင်းတစ်ခုလုံးကို ကျော်ပြီး ခြံ စည်းရိုးခတ်ထားသူက ဘယ်သူ လဲ။ အများပြည်သူသွားလာဖို့ရာ ခင်းထားသည့် ပလက်ဖောင်းပေါ် ၌ ဈေးဆိုင်ထွက်ခင်းထားသည်က ဘယ်သူလဲ။ အများပိုင်လမ်းမ ပေါ်အထိဆင်းကာစားပွဲ၊ကုလား ထိုင်တွေ ခင်းကျင်းပြီးရောင်းဝယ် ဖောက်ကားနေသူက ဘယ်သူလဲ။ ရမ်းကားသူက သူလား၊ ကိုယ် လား။ ကိုယ်ကစိတ်ဆိုးရမယ့်လူ လား၊ တောင်းပန်ရမယ့်လူလား။ အပ်ပေါက်ကို ဆဲမလား၊ ကိုယ့် မျက်စိကိုယ်ဆဲမလား။

ထိုသဘောထားမပြတ်သား သရွေ့၊ အမှန်၊အမှားကိုဉာဏ် ပညာဖြင့် ရှုမြင်တတ်သောလူထု မဖြစ်သရွေ့ ကျွန်တော်တို့နည်း နည်းကြာဦးမည်ထင်ပါသည်။

ရန်ကုန်ဆေးရုံကြီးဝင်းအ တွင်းက ပျံကျဈေးသည်များကို စနစ်တကျဖြစ်ဖို့ စီစဉ်ကြသောအခါ ပြန်၍တုံ့ပြန်သူများ၏အသံက တစ်သက်လုံး ရောင်းချစား သောက်လာတာတဲ့။ သူတို့၌ မည် သည့်အပြစ်မှမရှိသည့်ပုံစံမျိုး။ အပ်နဖားပေါက်တွေက ကျဉ်းတာ နေမှာ။ တို့မျက်စိတွေက အ ကောင်းပကတိဟူသည့် သဘော ထား။

ပလတ်စတစ်သုံးစွဲမှုကို လျှော့ချရန် ကြိုးပမ်းသူတို့က ကြိုး ပမ်းသည်။ တချို့က ယင်းကိုရန် လုပ်သည်။ ကွမ်းစားခြင်းကို ရှောင်ကြဉ်ဖို့ရာ ကြိုးစားသူတို့က ကြိုးစားသည်။ တချို့က ယင်းကို နှာခေါင်းရှုံ့သည်။ နောက်ဖေး လမ်းကြားများသန့်ရှင်းဖို့ရာ အား ထုတ်သူတို့က အားထုတ်သည်။ တချို့က ယင်းကိုကဖျက်ယဖျက် လုပ်သည်။ ရပ်ကွက်အတွင်း၌ အ သံဖြင့်ဒုက္ခမပေးဖို့ လုံးပန်းသူတို့က လုံးပန်းသည်။ တချို့က ယင်းကို ကန့်လန့်တိုက်သည်။

လူထု၌ ဒါငါမှားနေပြီဟူ သောအသိ၊ ငါလုပ်တာရှက်စရာ ကြီးပါလားဟူသော အမြင်မ၀င် ရောက်မချင်း လူအဖွဲ့ပြောင်းလဲဖို့ ရာ ကြာနိုင်ပါသည်။

(သုံး)

အပြောင်းအလဲနှင့် ပတ် သက်၍ ရုရှားစာရေးဆရာကြီးလီ ယိုတော်စတွိုင်း(Leo Tolstoy)၏ စကားတစ်ခွန်းကို အမှတ်ရပါ သည်။

Many people have ideas on how others should change; 

Few people have ideas on how they should change; ....ဟူ၍။

လူအများစုကြီး၌ လူတွေ မည်သို့ပြောင်းလဲသင့်ကြောင်း စိတ်ကူးရှိပါလေသတဲ့။ လူနည်း နည်းကမူ မိမိတို့ကိုယ်တိုင်မည်သို့ ပြောင်းသင့်ကြောင်း စိတ်ကူးရှိ ကြသည်တဲ့။

မှန်ပါသည်။ လူတိုင်းလိုလို က သည်အတိုင်းပဲဖြစ်ပါသည်။ အများကိုသာ ပြောင်းလဲဖို့စိတ်ကူး ရှိသည်။ ကိုယ်ကိုယ်တိုင်ပြောင်း ပစ်ဖို့ စိတ်မကူးမိကြ။

ပညာနှင့်သဘောထားကြီး သောနိုင်ငံသားများဖြစ်လာစေရန် ပြုစုပျိုးထောင်ပြီးသောနိုင်ငံများ၌ နိုင်ငံသားတို့ကို ကိုယ့်မျက်စိမှုန် ကြောင်း လက်ခံရှုမြင်နိုင်သောသူ များအဖြစ် တည်ဆောက်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် သူတို့ သည် အပ်နဖားပေါက်ကိုအ ကြောင်းမဲ့သက်သက် ထိုင်ဆဲနေ သော စိတ်မျိုး နည်းပါးသွားကြပြီ ဖြစ်ပါသည်။

ကျွန်တော်တို့ကမူ အပ်နဖား ပေါက်ကို ဆဲ၍ကောင်းတုံး။ ထို့ အပြင် အပ်ချည်ကိုလည်း ဆဲချင် ဆဲပါလိမ့်မည်။ ထို့အပြင် အပ် ချည်ရရှိရာ ၀ါပင်ကိုပါ လှမ်းဆဲ ချင်ဆဲပါလိမ့်ဦးမည်။ ကိုယ့်မျက်စိ မှတစ်ပါး အကုန်လုံး။ အယုတ္တ အနတ္တ။ မကြားဝံ့ မနာသာ။  ။

(စာရေးဆရာမောင်သာချိုသည် ကဗျာ၊ ၀တ္ထုတို၊ ခရီးသွား၊ စာပေ၊ လူမှုရေး၊ ပညာရေး၊ စာပေရေးရာဆောင်းပါးများရေးသားနေသူ ဖြစ်သည်)