အိုး... ဆန်းဆန်းပြားပြား

စာရေးသူသည် လွန်ခဲ့သော သုံးရက်ခန့်က လှိုင်သာယာမြို့သို့ သွားရောက်ခဲ့၏။ ဘုရင့်နောင် တံတားကို ကျော်ဖြတ်၍ လှိုင်သာ ယာသို့ ချဉ်းကပ်မိသည်နှင့် စက်မှု ဇုန်ကြီးက ကြိုဆိုနေ၏။ စက်မှုဇုန် နှင့် ညောင်တုန်းလမ်းမကြီးကြား တွင် ဓနိမိုး၊ထရံကာ ကျူးကျော်တဲ အိမ်များဖြင့် ပြည့်ကျပ်ညပ်သိပ်နေ သော မြင်ကွင်းကို အထင်အရှား တွေ့မြင်ရ၏။ တဲတစ်လုံးနှင့်တစ် လုံး နံရံမျှခြားပြီး ပူးကပ်နေ၏။ အ ညစ်အကြေးစွန့်ရန် အိမ်သာများ မှာလည်း တဲအိမ်များအကြား ကျဉ်းကျဉ်းကျပ်ကျပ် တည်ရှိနေ ၏။ သောက်ရေသုံးရေမရှိ၊ လျှပ် စစ်မီးမရှိ၊ လုံခြုံမှုမရှိ၊ ပြီးစလွယ် တည်ဆောက်ထားသလို သန့်ရှင်း မှုဆိုသည်မှာ ချိုနဲ့လားဟုမေးရ မည့်ကိန်းဆိုက်နေ၏။ တဲအောက် ၌ ပုပ်သိုးနေသော ရေများသာ မင်းမူနေ၏။ ဤတဲများအတွင်း ကလေးသူငယ်နှင့် သက်ကြီးရွယ် အိုများသည် အဘယ်သို့ လူသား ဆန်စွာ နေထိုင်နိုင်ပါအံ့နည်းဟု မေးရန်မလိုသော အခင်းအကျင်း ဖြစ်၏။ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီကျွန်း စသည့်ပင်လယ် ကမ်းခြေများသာမက ငပလီသို့ ငါးသိုင်းချောင်း- ဂွလမ်းမှ သွား ရောက်လည်ပတ်သမျှ နိုင်ငံခြား သားများကို လမ်းမကြီးတစ် လျှောက်ကြီးမားရှည်လျားသော ကျူးကျော်တဲအိမ်များဖြင့် လူနေမှု စုတ်ချာနိမ့်ကျပုံကို နီးနီးကပ်ကပ် ပြည့်ပြည့်ဝဝ မြင်နိုင်တွေ့နိုင်၊ လေ့လာနိုင်အောင် ခင်းကျင်းပြသရာ ပြပွဲကြီးအလား တည်ရှိနေပေသည်။

‘လာလော့ မိတ်ဆွေ-ရှု လော့မိတ်ဆွေ-ကမ္ဘာထုအတွင်း မြန်မာ့ရှုခင်း-အိမ်ရာမဲ့ခြင်း အခင်း တွေ့ရမလေ’ဟု ဖိတ်ခေါ်နေ သကဲ့သို့လည်းရှိ၏။ ထို့အပြင် ညောင်တုန်းသွားလမ်းမကြီး၏ လမ်းပခုံးမြေသားတွင် အဝီစိတွင်း များ တူးဖော်ကြပြန်၏။ အင်ဂျင် များ မောင်းနှင်ပြီး ရေတင်၍ မော် တော်ကား ရေဆေးသည့်လုပ်ငန်း ကို ပြောင်ပြောင်တင်းတင်း လုပ် ကိုင်ခွင့်ရနေသည်မှာလည်း အံ့ဩ ဖွယ်ကောင်းလှ၏။ လမ်းဘေးမြေ လွတ်မျှသာမက အဝေးပြေးလမ်းမကြီး၏ လမ်းပခုံးမြေသည်ပင် No Man Land ဖြစ်ရသည်မှာ လှိုင် သာယာမြို့သစ်ကြီး အမှတ်တရ၊ အနတ္တမြင်ကွင်းများ (သို့မဟုတ်) ရိက္ခာမလုံသည့် အနိဋ္ဌာရုံဘဝ မြင် ကွင်းများပေလောဟု စောကြော နေမိ၏။

ပစ္စုပ္ပန်နှင့် အနာဂတ်ကျူး ကျော်အိမ်ရာများ၏ အလားအ လာကို စဉ်းစားတွေးတောရင်း လှိုင်သာယာမြို့ ကျန်စစ်သားအိမ်ရာ တွင် ဖွင့်လှစ်ထားသော စာရေးသူ ၏ မိတ်ဆွေဟောင်းကြီးရှိရာ ဆိုင် ခန်းသို့ ရောက်ရှိခဲ့၏။ မိတ်ဆွေ ကြီးက ‘‘ခင်ဗျားလာတာ အတော် ပဲ၊ ကျုပ်တို့ လှိုင်သာယာပတ်ဝန်း ကျင်မှာ လယ်သမားတွေ ချမ်းသာ ကုန်ပြီဗျ။ အဲဒီသတင်းထူးကို ပြော ချင်နေတာ။ မြန်မာတစ်နိုင်ငံလုံး မှာ ဘယ်ဒေသနဲ့မှ မတူဘူး။ ဦးနေ ဝင်းခေတ်က လယ်သမားတွေ ချမ်းသာရမယ်ဆိုတဲ့ မူဝါဒက ‘လေ’ပဲ။ အခုခေတ်မှ ‘လက်တွေ့’ ဖြစ်လာ တာဗျို့’’ဟု စကားနိဒါန်းပျိုးလိုက် ရာစာရေးသူ၏ စိတ်ထဲမှ ‘အိုး... ဆန်းဆန်းပြားပြား’ဟု ရေရွတ် လိုက်မိ၏။ သူကား ပြောပြောဆို ဆို ဈေးဝယ်သူများ ရောက်ရှိလာ သဖြင့် ‘‘ခဏနော် နောက်ပြီးမှ ဆက်ပြောမယ်’’ ဟုပြောကာ ဈေး ရောင်းနေပြန်၏။ စာရေးသူသည် လယ်သမားများ ချမ်းသာကုန်ပြီဟူ သော စကားအဓိပ္ပာယ်ကို မိမိဘာ သာစဉ်းစားရင်း နားမလည်နိုင် အောင် ဖြစ်မိ၏။ သည်နှစ်စပါးတွေများစွာ အထွက်တိုးပြီး စပါးဈေး ကောင်းလို့လားဟု စဉ်းစားကြည့် မိ၏။ အမှန်အားဖြင့် လယ်သမား ဘဝတွင် စပါးဈေးကောင်းသည် ဆိုခြင်းမှာ ကြွေးကျေရန် နီးစပ်ခြင်းမျှသာဖြစ်ပြီး စပါးဈေးကျသည်ဆို ခြင်းမှာ ကြွေးလည်ပင်းခိုက်နေ ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရ၏။ ဘယ်သောအခါမျှ ချမ်းသာပြီဟု မကြားမိပါ။

လယ်သမားတို့အတွက် ယခု နှစ်သည် စပါးဈေးကောင်းသော နှစ်ဟုဆို၏။ တရုတ်က စပါးတွေ လှိမ့်ဝယ်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပေသည်။ သို့သော် စပါး တွေ တရုတ်ပြည်သို့ လှိမ့်ဝင်သွား လျှင် မြန်မာပြည်၌ ဆန်ရှားတော့ မည်။ ထိုအခါ လက်ကျန်စပါးရှိ သော လယ်သမားတို့အတွက် ဆန်ဈေးကောင်းကောင်းရဦးမည်။ စာ ရေးသူ၏ မိတ်ဆွေက ၎င်းအချက် များကို ဆိုလိုခြင်းပေပဲလားဟု ရေ နွေးကြမ်းသောက်ရင်း တွေးနေမိ ၏။ မည်သို့ဆိုစေ လယ်သမားတို့ ၏ ဘဝထုံးစံမှာ စပါးဈေးကောင်း လျှင် စရိတ်ကျေ၍ ကြွေးဆပ်နိုင်ရုံ မျှရှိသည်မှာ အမှန်ပင်တည်း။ လယ်များကို ခေတ်အဆက်ဆက် ဖဲ့ရောင်းပြီး အကြွေးဆပ်ရင်း သား သမီးများကို အမွေခွဲပေးရင်းဖြင့် လယ် ၁၀ ဧကကျော်ရှိသည့် လယ် သမား အလွန်ရှားပါးသောခေတ် သို့ ရောက်လာ၏။ တစ်ဧက တင်း ၅၀ ထွက်လျှင် ၁၀ ဧကတင်း ၅၀၀၊စပါး ၁၀၀ ကို လေးသိန်းဈေးရ လျှင် ငွေသိန်း ၂၀၊ စိုက်စရိတ်နှင့် အကြွေးဆပ်လျှင် ၁၀ သိန်းမျှ ကျန်သူအလွန်ရှား၏။ စပါးတင်း ၁၀၀ ထွက်၍ သိန်း ၂၀ မျှ အသားတင်ရ သည်ထားဦး မိသားစုဝင်ငွေက တစ်လနှစ်သိန်းမျှပင်မရှိပေ။ အကုန်စားပစ်၊ သုံးပစ်၍လည်းမဖြစ်။ လာမည့်နှစ်အတွက် ရင်းနှီးရန် ချန်ထားရဦးမည်။ အဘယ်မှာ လျှင် ချမ်းသာနိုင်ပါအံ့နည်းဟု စဉ်းစားနေမိပြန်၏။ 

စာရေးသူမိတ်ဆွေက အပြင် မှ ပြန်လာသည့်သားအား သူ၏ ဆိုင်ခန်းအလုပ်ကို လွှဲပေးပြီး နောက် နှစ်ဦးသား နီးရာလက်ဖက် ရည်ဆိုင်သို့ လျှောက်လှမ်းလာကြ ၏။ ‘‘ဆိုစမ်းပါဦး၊ ခင်ဗျားပြောတဲ့ လယ်သမားတွေ ချမ်းသာတယ်ဆို တာ ဘာကြောင့်လဲ၊ ဘယ်လိုချမ်း သာတာလဲ၊ စပါးဈေးကောင်းလို့ တော့ မပြောနဲ့နော်’’ဟု စာရေးသူ က မြန်မြန်သွက်သွက် ထပ်မံမေး မြန်းမိ၏။ ထိုအခါ စာရေးသူ၏ မိတ်ဆွေက ‘‘မဟုတ်ပါဘူးဗျာ၊ လှိုင်သာယာပတ်ဝန်းကျင်မှာ လယ်သမားတွေ ချမ်းသာတာက ဒီမိုကရေစီခေတ်ရဲ့ ကျေးဇူး ကြောင့် ချမ်းသာတာဗျ။ ကဲ... လက်ဖက်ရည်သောက်ရင်း ခင် ဗျားကို ဆက်ပြီးရှင်းပြမယ်’’ဟု ပြောပြောဆိုဆို နှစ်ဦးသား လက် ဖက်ရည်ဆိုင်အတွင်း၌ နေရာယူ ပြီးသည်နှင့် သူ၏ စကားကို ဆက် လေ၏။

‘‘ဒီလိုဗျ၊ ၂၀၁၂ ခုနှစ် လယ် ယာမြေဥပဒေပေါ်လာတော့ လယ်ယာမြေတွေကို အခြားနည်းသုံးခွင့် ဆိုတာ ပေါ်လာတယ်။ အဲဒီမှာပဲ ညောင်တုန်းသွားတဲ့ လမ်းမကြီး ဘေးမှ လယ်တွေ၊ တွံတေးဘက် သွားတဲ့ လမ်းမကြီးဘေးမှ လယ် တွေ ဗွေဆော်ဦး အလုအယက် ဈေးကောင်းပေးပြီး ဝယ်သူတွေ ပေါ်လာပါရော။ အဲဒီလယ်တွေကို တစ်ဧက သိန်းရာချီပြီး ဈေး ကောင်းရလို့ ရောင်းလိုက်တဲ့ လယ်သမားတွေ ချမ်းသာကုန်တာပေါ့။ တစ်သက်လုံးရှာလို့ ၁၀ သိန်း တောင်အထုပ်အထည်နဲ့ မမြင်ဖူး တဲ့လယ်သမား၊ သိန်းကို ထောင်နဲ့ ချီ ချမ်းသာသွားကြတာဗျို့။ တချို့ လည်း အသုံးအစွဲမတတ်လို့ ဒုံရင်း ရောက်တာပေါ့။ ဒါပေမဲ့ လယ် သမားဆိုတာ ရိုးသားပြီး ကြိုးစား သူကများပါတယ်။ လယ်ရောင်း ပြီး အရင်းအနှီးလုပ်ရင်း ကြီးပွား သွားသူက အများစုပေါ့ဗျာ။ နောက်တစ်ခါ လှိုင်သာယာမှာ ကျူးကျော်တွေဝင်လာတော့ အိမ် ရာပြဿနာ အကြီးအကျယ်ပေါ် လာပြန်ရော။ အဲဒီအခါ လှိုင်သာ ယာနဲ့ ထန်းတပင်အစပ်၊ အနော် ရထာလမ်းမကြီးရဲ့ အနောက် ဘက်က လယ်တွေကို လယ်သမား ကိုယ်တိုင် မြေကွက်ရိုက်၊ မြေသား လမ်းဖောက်ပြီးရောင်းတာဗျ။ ပေ ၂၀ × ပေ ၆၀ တစ်ကွက်ကို ငါး သိန်းနဲ့ လယ်တစ်ဧကကို အကွက် ၃၀ ကျော်လောက်ရှိတော့ သိန်း ၂၀၀ လောက်အထိ ရတာပေါ့။ ငါးဧကဆို သိန်း ၁,၀၀၀ လေ။ ဒီ လိုနဲ့ ချမ်းသာကြပြန်ရော။ ညောင် တုန်းလမ်းဘေးတွေမှာ ထန်းတပင်မြို့မရောက်ခင် အဲဒီလိုအကွက် ရိုက်ရောင်းတာတွေ ရှိသေးတယ် ဗျ။ ဟော... အခု လာပြန်ပြီ၊ မြို့ သစ်တဲ့။ အဲဒီမှာ လယ်သမားတွေ ပိုပြီးချမ်းသာကုန်ပြန်ရောဗျ’’ဟု ပြောပြီး လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြန်၏။

စာရေးသူက မြို့သစ်အသံ ကြား၍ ခေါင်းထောင်လာမိ၏။ ‘‘ကြည့်မြင်တိုင်တစ်ဖက်ကမ်းက မြို့သစ်ကိုပြောတာလား’’ဟု မေး လိုက်မိ၏။ မိတ်ဆွေက ‘‘ဒါပေါ့ဗျ။ အဲဒီမြို့သစ်ကို သမ္မတကြီး ဦးသိန်းစိန်က စလိုက်တာ။ သူက ပထမ ဆုံး လယ်သမားတွေရဲ့ ကျေးဇူး ရှင်လို့ ခေါ်ထိုက်တယ်။ ကြည့်မြင် တိုင်တစ်ဖက်ကမ်းမှာ ရန်ကုန်မြို့ သစ်တည်မယ်ဆိုတာနဲ့ လယ်မြေ တွေ အလုအယက်ဆင်းဝယ်ကြပါ လေရော။ လမ်းမတန်းမှာ တစ်ဧကသိန်း ၁,၀၀၀ အထိရတယ်။ အ တွင်းပိုင်းမှာလည်း တစ်ဧက သိန်း ၄၀၀ မှ သိန်း ၈၀၀ အထိ ဈေး ကောင်းရခဲ့တာဗျ။ အဲဒီမှာ သုံး ဧက၊ လေးဧကလောက်ရောင်း တာနဲ့ လယ်သမားတွေ သိန်း ထောင်ချီပြီး ချမ်းသာကုန်ရော။ ဘာအမြတ်တော်ကြေးမှလည်း မပေးရဘူး။ ပွဲကြီးပွဲကောင်းပေါ့ ဗျာ။ အဲဒီမှာ မြို့သစ်တည်တာကို ဆိုင်းငံ့ထားလိုက်ပြီလည်းဆိုရော ဝယ်သူတွေ ပိုက်ဘောမိကုန်တာ ပေါ့။ နောက်တစ်ခါ လက်ရှိအစိုးရက မြို့သစ်ကြီး ပြန်တည်မယ် လည်းဆိုရော မြေဝယ်လှောင်ထားတဲ့သူတွေ လက်ခမောင်းထခတ် ကြရုံမကဘူး။ နောက်ထပ်လယ် တွေလည်း ရောင်းကြ၊ ဝယ်ကြပြန်ရော။ အခုဆို အတွင်းထဲမှာပဲ တစ် ဧက သိန်း ၂၀၀၊ သိန်း ၂၅၀ အနည်းဆုံးပေးရမယ်။ ပန်းလှိုင်တံတားထိပ် တွံတေးကားလမ်းအနောက် ခြမ်းဆိုရင် တစ်ဧက သိန်း ၁၀၀ ကျော် ဈေးပေါက်တယ်။ မူလအရင်ဝယ်ထားတဲ့ လူတွေကတော့ လုံးဝပြန်မရောင်းဘူး။ သူတို့ကလယ်လည်းမစိုက်ဘူး။ ဒီအတိုင်းလှောင်ထားလိုက်တာဗျ’’ဟုပြော ရင်း ခေတ္တနား၍ စာရေးသူ၏ မေး ခွန်းကို စောင့်နေ၏။

 ‘‘လယ်မစိုက်တာတော့ မကောင်းဘူးဗျ။ သီးစားချပေးရင် ရတာပဲ’’ဟု မေးလိုက်ရာ မိတ်ဆွေ ထံမှ ‘‘သူတို့က ငွေကြေးချမ်းသာ တယ်လေ။ လယ်စိုက်ပြီး စပါး ရောင်းတာလုပ်ဖို့မလိုဘူး။ ဒါ ကြောင့် ပုံစံ (၇)ကိုင်ပြီး ပစ်ထား လိုက်တာဗျ’’ဟူသော အဖြေကို ကြားသိရလေ၏။ ဆက်လက်ပြီး သူက လယ်သိမ်းခံရမည့်သူအများ စုမှာ လယ်သမားထံမှတစ်ဆင့် ဝယ်ထားသူတွေပါဝင်ကြောင်း၊ ဝယ်ထားတဲ့ လယ်တွေရဲ့ ၂၀ ရာ ခိုင်နှုန်းကို မြို့မြေအဖြစ် ပြန်ရမှာ ဖြစ်လို့ စီးပွားရေးအရ အဲဒီလူတွေ ပါ တွက်ခြေကိုက်ကုန်ကြောင်း ပြောကြားပါတယ်။ ‘‘အစိုးရက သိမ်းတဲ့လယ်ရဲ့ ၂၀ ရာခိုင်နှုန်းကို စည်ပင်ဖွံ့ဖြိုးပြီး မြို့မြေအဖြစ် ပြန် ပေးမယ်ဆိုတယ်ဗျ။ နောက်ပြီး မြို့သစ်မြေဈေးနဲ့ ပတ်သက်ပြီး တစ်ဧကကို သိန်း ၄,၀၀၀ ကျော် ရမှ ရောင်းနိုင်မယ်လို့ တာဝန်ရှိသူ တစ်ဦးက ကြိုပြောထားကြောင်း သိရတယ်။ ဒီတော့ တစ်ဧကကို အမြင့်ဆုံးဈေး သိန်း ၁,၀၀၀ နဲ့ ၁၀ ဧကဝယ်တဲ့သူဟာ မြို့မြေ နှစ်ဧကပြန်ရမယ်လေ။ အဲဒါ တစ် ဧက သိန်း ၄,၀၀၀ ကျော် ၅,၀၀၀ အထိရရင် သူတို့အရှုံးမရှိတော့ ဘူး။ မရောင်းဘဲလှောင်ထားရင် ဆက်ပြီး မြတ်နိုင်သေးတယ်ဗျ။ သိန်း ၂၀၀၊ သိန်း ၃၀၀ နဲ့ ဝယ် ထားတဲ့ လူတွေအတွက်တော့ အ တိုင်းထက်အလွန်ပေါ့ဗျာ။ သိန်း ထောင်ချီပြီး မြတ်ကြဦးမှာပေါ့။ ရောင်းသွားတဲ့လယ်သမားတွေက လည်း လောလောဆယ် လယ်တွေရောင်းပြီး ချမ်းသာကုန်ကြတာ အ မှန်ပဲ။ တိုက်တွေဝယ်၊ ကားတွေ ဝယ်ပေါ့ဗျာ။ ဟိုတုန်းက လယ် သမားတွေဟာ ကျူးကျော်ဘဝ ရောက်ရရှာတယ်။ အခုတော့ လယ်ရောင်းပြီး သူဌေးဖြစ်ကုန် တယ်။ အဲဒါ ပြောင်းလဲမှုအမှန်ပဲ ဗျ’’ဟု ရှည်လျားစွာရှင်းပြပြန်၏။

စာရေးသူသည် လယ်သိမ်း ပြီးလျှင် လယ်ယာမြေလျော်ကြေး အဖြစ် ၂၀ ရာခိုင်နှုန်းဖွံ့ဖြိုးပြီး မြေ ပေးမည်ဟူသော မူသည် အဘယ် သို့ ပေါ်ပေါက်လာရသနည်းဟု လေ့လာဆန်းစစ်မိ၏။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ ၂၆ အရ လယ်ယာမြေသိမ်းဆည်း လျှင် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင် ရွက်ခြင်း ပြုလုပ်ပေးရမည်ဟုဆို ထား၏။ ‘လျော်ကြေး’နှင့် ‘အခြား နည်းလမ်း’ ဟု နည်းနှစ်သွယ်ကို ဖော်ညွှန်းထား၏။ လျော်ကြေးနှင့် ပတ်သက်၍ နည်းဥပဒေတွင် အ များပြည်သူ အကျိုးစီးပွားသက် သက်အတွက်ဖြစ်လျှင် ကာလ ပေါက်ဈေးပေးရန်၊ ငွေကြေးအ ကျိုးအမြတ်ရှိသော လုပ်ငန်းလုပ် ဆောင်ရန်ဖြစ်လျှင် ညှိနှိုင်းသဘောတူညီသည့် ငွေကြေးပမာဏဖြစ် ရန်၊ ၎င်းပမာဏသည် ကာလ ပေါက်ဈေးအောက် မနိမ့်သော ငွေကြေးပမာဏဖြစ်ရန် ပြဋ္ဌာန်း ချက်အတိအလင်းပါရှိ၏။ သို့ သော် ‘အခြားနည်းလမ်း’ဖြင့် ပေး ခြင်းမှာ မည်သည့်နည်းလမ်းဟု ဥပဒေက မရှင်းသကဲ့သို့ နည်း ဥပဒေကလည်း ဖော်ပြခဲ့ခြင်းမရှိ သဖြင့် ပဟေဠိဆန်နေ၏။ ဤနေ ရာတွင် ၁၈၉၄ ခုနှစ် မြေသိမ်း အက်ဥပဒေပုဒ်မ ၃၁ (၃)အရ ဆောင်ရွက်သည်ဟူသော တာဝန် ရှိသူတို့၏ ရှင်းလင်းချက်ကို ကြား ရပြန်၏။ ၂၀၁၂ ခုနှစ် လယ်ယာ မြေဥပဒေ၌ လယ်ယာမြေသိမ်း ဆည်းခြင်းအတွက် လျော်ကြေး ပြဋ္ဌာန်းချက် သီးခြားဖော်ပြထားရုံ မျှမက နောက်ဆုံးပေါ်ပေါက်သည့် ဥပဒေဖြစ်သဖြင့် လယ်ယာမြေ လျော်ကြေးနှင့်ပတ်သက်၍ ယခင် မြေသိမ်းဥပဒေကို လွှမ်းမိုးပြီးဖြစ် ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ဝေဖန်မှုများရှိ၏။ လယ် ယာမြေဥပဒေပုဒ်မ (၂၆)၌ ‘တည်ဆဲဥပဒေတစ်ရပ်ရပ်တွင်  မည်သို့ တွင်ပါရှိစေကာမူ’ ဟုလည်း ပြဋ္ဌာန်းချက်ပါရှိသဖြင့် မြေသိမ်း ဥပဒေအရ လျော်ကြေးနည်းလမ်း အစား ၂၀၁၂ လယ်ယာမြေဥပဒေ ၏ လျော်ကြေးပြဋ္ဌာန်းချက်ကိုသာ လိုက်နာဆောင်ရွက်ရန် လိုအပ် မည်ဖြစ်ပေသည်။ လျော်ကြေးကို ကာလပေါက်ဈေးအစား ၎င်း ဥပဒေပါ ‘အခြားနည်းလမ်း’ ဆို သည်မှာ ၂၀ ရာခိုင်နှုန်းဖွံ့ဖြိုးပြီး မြေပေးသည့်နည်းလမ်းကို ဆိုလို ခြင်း ဟုတ်၊ မဟုတ် ရှင်းရှင်းလင်း လင်းသိရှိရန် လိုအပ်မည်ဖြစ်၏။ ထို့အပြင် လောလောဆယ် တစ် နိုင်ငံလုံးအတွက် ဥပဒေနှင့်ညီ သော လယ်ယာမြေလျော်ကြေး ‘မူသစ်’ တစ်ရပ်အဖြစ် တည်ရှိလာ မည်လောဟူသော မေးခွန်းကိုပါ ဖြေကြားရန်လိုအပ်မည်ဟု ယူဆ ပါသည်။

မည်သို့ဆိုစေ လှိုင်သာယာ မြို့၏ ပတ်ပတ်လည်တွင် လယ် သမားများ လယ်မစိုက်တော့ဘဲ လယ်ယာမြေရောင်း၍ ချမ်းသာ ကုန်ကြသည်ဆိုခြင်းမှာ ဆန်းဆန်း ပြားပြားဖြစ်ရပ်ဟု ဆိုသင့်၏။ ဤ အကြောင်းကို အတွေးနယ်ချဲ့စဉ်း စားရင်း စဉ်းစားရင်း အောက်ပါ တေးသံလေးက ရင်ထဲသို့ ရိုက် ခတ်လာပါတော့သည်။

လယ်တွေရောင်း... 

တစ်နယ်ပြောင်း

အိမ်ဝယ်ပြီး... ကားတွေစီး

ချမ်းသာနေတာ

အိုး... ဆန်းဆန်းပြားပြား... ။

ဝယ်လှောင်ထား... အမြတ်များ

သုံးဆတိုး... လေးဆတိုး

မြတ်နေပြီဗျာ

အိုး... ဆန်းဆန်းပြားပြား... ။

(ဆောင်းပါးရှင် မြင့်မိုရ်ဆွေသည် မြို့ပြရေးရာ၊ ယဉ်ကျေးမှု၊ ခရီးသွား၊ စာပေနှင့် မျက်မှောက်ရေးရာများကို ရေးသားနေသူဖြစ်သည်)