ပုဂံမြေက ငုတ်တုတ်မေ့သူများ

ခရီးသွားကျဆင်းသွားသဖြင့် အလုပ်ပါးနေသော ပုဂံမြို့ဟောင်းရှိ ပို့စကတ်ရောင်းသည့် ကလေးငယ်များ (ဓာတ်ပုံ - ညီညီဇော်)

အပိုင်း(က)

ဇူလိုင်လကို မိုးတွင်းကာလ ထဲ ထည့်ထားသော်လည်း အညာ ပုဂံမြေမှာတော့ နွေခေါင်ခေါင်ပူမြဲ ပူဆဲ။ ထိုအပူဒဏ်ကို ကာကွယ်ဖို့ အာနန္ဒာဘုရား အပေါက်ဘေးရှိ အရိပ်ရသော သစ်ပင်ချုံတန်းပုပု ကလေးဘေးတွင် ကလေးငယ်နှစ် ဦးထိုင်နေသည်။ ပထမကလေးကအသက်(၁၁)နှစ်ခန့် အရွယ်ရှိပြီး ဆံပင်ကိုက်ညှပ်ခြင်းမရှိ၍ ဘုတ် သိုက်ဖြစ်နေသလို ဆီနှင့်ကာလ အတန်ကြာ ဝေးနေ၍ထင်သည်။ ခြောက်သယောင်းကာ ဖွာလန်ကြဲ နေသည်။ နောက်တစ်ယောက်က တော့ အသက်(၁၃)နှစ်အရွယ်ဖြစ် ပြီး ခေါင်းတုံးဆံပင်ပေါက်ကိုမှ နည်းနည်းရှည်နေပြီဖြစ်သည်။ နှစ်ယောက်စလုံး ပေရေနေသော အင်္ကျီနှင့်ဘောင်းဘီတို ကိုယ်စီ ၀တ်ထားပြီး လွယ်အိတ်အသေး လေးတစ်လုံးစီကိုလည်း ရှေ့တွင် ချကာ လွယ်ထားသည်။ နည်း နည်းကြီးသည့် ကလေးငယ်၏ လွယ်အိတ်သေးလေးမှာ ချုပ်ရိုးပြဲကာ တွဲကျနေပြီး အထဲတွင် ထည့်ထားသည့် ပုဂံဘုရားပုံတွေပါ သော ပို့စကတ်တစ်အုပ်ကို တွေ့ ရသည်။

နှစ်ယောက်စလုံး၏ လက်ထဲ တွင် ဘတ်ခွ(လေးခွ) ကိုယ်စီဖြင့်။ ‘‘မနှစ်က ဒီလိုချိန် ဘယ်နေရာ ကြည့်လိုက်၊ ကြည့်လိုက် ဧည့်သည်ချည်းပဲ။ ဒီနှစ်မရှိဘူး’’ဟုပြောရင်း အသက်(၁၃)နှစ်အရွယ် ဝေယံဦးက လေးခွကို ချိန်ရွယ်ပြီးမှ ပြန်ချထားသည်။ သူနှင့်အတူပါလာသည်က (၁၁)နှစ်အရွယ် ဇေအောင်ဖြစ်သည်။ သူတို့နှစ် ယောက်စလုံးက ပုဂံမြေ တောင်ဘီလယ်ယားရွာကဖြစ်သည်။ ဝေယံဦးက ခုနစ်တန်း၊ ဇေအောင်က ငါးတန်းဖြစ်သည်။ ယနေ့တနင်္ဂနွေ နေ့ဖြစ်သဖြင့် ကျောင်းပိတ်ရက် အာနန္ဒာဘုရားမှာ သူငယ်ချင်းနှစ် ယောက် ပို့စကတ်လာရောင်းနေ ခြင်းဖြစ်သည်။ သို့သော် ညနေ ၃ နာရီ ထိုးတော့မည်။ အခုချိန်ထိ သူငယ်ချင်းနှစ်ယောက်စလုံး ဈေး ဦးမပေါက်သေး။

သူတို့လို ပို့စကတ်ရောင်းသူ တွေက ပြည်ပဧည့်သည်တွေကို အဓိကထားရောင်းချရသည်။ ပို့စကတ်ဈေးတွေ မေးတော့ နှစ် ယောက်စလုံး ပြုံးသည်။ ‘‘ဧည့် သည်အပေါ် မူတည်ပြီး ရောင်းရ တာပေါ့။ တစ်ခါတလေ ငါး ထောင်၊ ခြောက်ထောင်၊ ဈေးဆစ် ရင်လည်း သုံး၊ လေးထောင်နဲ့ပေး ရတာပဲ’’ဟု အကြီးလေးက ဖြေ သည်။

ဈေးရင်းက ဘယ်လောက် ပေးရတုံးလို့မေးတော့ အကြီးလေးက ‘‘ဟီး... ၁၀ ခုပါတဲ့ အကြီးက တစ်ထောင်ပဲ ပေးရတာ။ ဧည့်သည်ကို ဂျင်းထည့်ရတာပေါ့’’ဟု ပြုံးပြုံးကြီးပြောသည်။

ဈေးဝယ်အား အမြတ်ကြီး စားပြီး ဈေးတင်ခြင်းကို ခေတ်စကားနှင့်အညီ ဂျင်းထည့်သည်ဟုသုံးနှုန်းသော်လည်း ကျေကျေနပ်နပ် ဂုဏ်ယူသည့် အနေအထားမျိုး တော့မဟုတ်ပါ။ သူရပ်တည်နေရ သည့် အနေအထားကို ရိုးရှင်းစွာ ဖွင့်ထုတ်ပြခြင်းသာ ဖြစ်ပါလိမ့် မည်။ ‘‘ဧည့်သည်ကချည်း ဂျင်း ပြန်ထည့်သွားတာပါကွာ’’ဟု ဘေး က အငယ်လေးက ၀င်ထောက် သည်။ ဘယ်လိုဂျင်းပြန်ထည့်တာ လဲမေးတော့ ဈေးတအားဆစ်တာတွေ၊ ပိုက်ဆံတစ်ထောင်ပဲပေးပြီး ပို့စကတ်အုပ်ကို ဆွဲယူသွားတာမျိုးတွေဟု ပြောပြသည်။ ‘‘အစ်ကိုလိုချင်ရင် ဟိုနားကဆိုင်မှာ ရ တယ်။ အကြီးကတစ်ထောင်၊ အ သေးလေးတွေက သုံးရာ့ငါးဆယ်။ ကျွန်တော်တို့လည်း အဲဒီဆိုင်ကနေပြန်ယူရောင်းတာ’’ဟု ထနောင်းပင်နားက ဆိုင်တစ်ဆိုင်ကို ညွှန်ပြ ရင်းပြောသည်။

 ကျောင်းပိတ်ရက်တွေမှာ အာနန္ဒာဘုရားမှာ လာရောင်းလေ့ ရှိပြီး ကျောင်းဖွင့်ရက်တွင်ကျောင်းဆင်းမှ အိမ်နှင့်နီးသည့်နတ်ထောင် ကျောင်းတွင် ပို့စကတ်ရောင်းပါသတဲ့။ နတ်ထောင်ကျောင်းတွင် ညနေဘက်ဆန်းဆက်ကြည့်သည့် ဖော်ရိန်နာတွေကို ရောင်းပါသတဲ့။ ဧည့်သည်ကျသည့် ကာလတွေ တုန်းကတော့ တစ်ရက်၊ တစ်ရက် တစ်သောင်းဆိုလည်းဟုတ်၊ တစ် သောင်းခွဲဆိုလည်းဟုတ်။ ခုကာ လမှာတော့ ပြည်ပဧည့်ပါးလွန်းသ ဖြင့် ဈေးဦးတောင်မပေါက်တဲ့ရက် တွေရှိသည်တဲ့။ ‘‘လူကြီးတွေပြော တာကြားတာပေါ့နော်။ ရာသီဥတု နဲ့ နိုင်ငံရေးအခြေအနေကြောင့် ဧည့်သည်မလာတာလို့တော့ ပြော တာပဲ’’ဟု အကြီးလေးက ပြော သည်။ ‘‘အာရှတွေ လာနေတာပဲ’’ ဟုပြောတော့ ‘‘သူတို့က ကပ်စေး နည်းတယ်’’ဟုပြောရင်း နှစ် ယောက်စလုံး ရယ်ပါသည်။


ပြည်ပခရီးသွားကျဆင်းသွားသဖြင့် ပြေးဆွဲမှုလျော့ကျနေသော ပုဂံရှိ မြင်းလှည်းများ (ဓာတ်ပုံ-ညီညီဇော်)

အပိုင်း(ခ)

 ဂေါတောပလ္လင်ဘုရား၏ ဘေးလမ်းသွယ်ထဲ ၀င်လိုက်သည် နှင့် အပင်များတွင် ချည်ထားသော မြင်းများ၊ မြေပေါ်တွင် အရုပ်ကြိုး ပြတ်သလို ချထားရသော လှည်း အိမ်များကို တွေ့ရသည်။ ပိန်လှီ ကာ အရိုးပေါ်အရေတင် ဖြစ်နေ သော မြင်းများက ပြောင်ရှင်းနေ သော အစာခွက်ထဲကိုပင် အစာ တွေ့လိုတွေ့ငြား ခေါင်းထိုးနေပြန်သည်။ 

 သူတို့အနားတွင် လက် တောက်ခုံတစ်ခုရှိပြီး မြင်းလှည်း သမားနှစ်ဦး ထိုင်ဆော့နေကာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းသော တတောက်တောက်အသံ ထွက် ပေါ်လာနေသည်။

ပုဂံမြို့ဟောင်းအခြားနေရာ များရှိ မြင်းလှည်းများလည်း ထို အတိုင်း။ အချို့က ထနောင်းပင် ရိပ် လှည်းထိုးပြီး အိပ်မောကျနေ သည်။ အချို့က ဧည့်သည်လာ ခေါ်နိုးနိုးဖြင့် နိုင်ငံခြားဧည့်သည်တစ်ယောက် ၀င်လာတိုင်း ဟယ်လို ဟယ်လို လုပ်ကြရသည်။ သူတို့ မြင်းလှည်းတွေဘေးကနေ အီး ဘိုက်ဟုခေါ်သည့် လျှပ်စစ်ဆိုင် ကယ်လေးတွေက တဝေါဝေါဖြတ် သန်းသွားနေသည်။

နဂိုကမှ အီးဘိုက်တွေ၊ တုတ်တုတ်တွေကြောင့် မြင်းလှည်းစီးသူ နည်းသွားရသည့်ကြားထဲ အခုလို အနောက်နိုင်ငံက ဧည့်သည် တွေ မလာတော့သည့်အချိန်တွင် မြင်းလှည်းသမားတွေ ငုတ်တုတ် မေ့ရပြီဖြစ်ကြောင်း တစ်ခေါင်းလုံးဖြူနေပြီဖြစ်သည့် အသက်(၇၀)အရွယ် ပုဂံမြို့ဟောင်းက မြင်းလှည်းဆရာ ဦးမျိုးညွန့်က ပြောပြ သည်။ သူ အသက်(၁၈)နှစ်က တည်းက မြင်းလှည်းမောင်းလာ သဖြင့် မောင်းသက်(၅၀)ကျော်ပြီ ဖြစ်ပြီး ‘‘ဒီနှစ်အဆိုးဆုံးပဲ’’ဟု ဆို သည်။

‘‘ငါ့တူရာ ကားတို့ ဘာတို့ဆို တာ မသွားရင် စက်ရပ်ထားလို့ရ တယ်။ မြင်းကရပ်ထားလို့မရဘူး။ အစာဖိုးက တစ်နေ့၊ တစ်နေ့ ငါး ထောင်လောက် ထွက်နေတာ။ မင်းသူငယ်ချင်း အမြင်ကတ်ရင် မြင်းသာဝယ်ပေး။ ပါးစပ်ကစား ဖင်ကထွက် အစာဖိုးနဲ့မွဲမှာပဲ’’ဟု ဦးမျိုးညွန့်က ခပ်ရွှင်ရွှင်ပင်ပြောဆို သည်။

ဟုတ်မည်။ မြင်းအတွက်ကို အစာဖိုးကိုက တစ်ရက်၊ တစ်ရက် မနည်း။ ဖွဲက နှစ်ပြည် နှစ်ထောင်၊ ပြောင်းရိုးက သုံးထောင်ဖိုး၊ မြေ စာမြက်က တစ်ထောင်ဖိုးနှင့် တစ် ရက်ငါးထောင်လောက် ထွက်နေ သည်။ ငါးထောင်မတတ်နိုင်ဘူး ဆိုလျှင် နှစ်ထောင်၊ သုံးထောင် လောက်က မြင်းစာဖိုး ထွက်ကို ထွက်နေရသည်။ ‘‘မကျွေးနိုင်တဲ့ သူတွေကတော့ လွှတ်ကိုထားရ တာပဲ’’ဟု ဦးမျိုးညွန့်က ပြောပြ သည်။

 ခေတ်ကောင်းစဉ်ကတော့ ဦးမျိုးညွန့်တို့ နံနက် ၅ နာရီထ နေ ထွက်ချိန်ကြည့်တာတွေ လိုက်ပို့၊ ဘုရားစုံလိုက်ပို့ ၁၂ နာရီလောက် တစ်ခါပြန်နား။ တစ်ချက်လောက် ပြန်ထွက်၊ ၄ နာရီ၊ ၅ နာရီ ဆန်း ဆက်လိုက်ပို့၊ ညနေ ၆ နာရီကျော် ၇ နာရီမှ အိမ်ပြန်ရောက်နှင့် တစ်ရက်၊ တစ်ရက် နေကုန်နေခန်းလုပ်ခဲ့ရသည်။ ‘‘မလိုက်နိုင်တော့လို့ ပုန်းတောင်အိပ်နေရတယ်’’ဟု ဦးမျိုးညွန့်က ပြောပြသည်။ အခုတော့ ပုန်းအိပ်စရာမလိုတော့။ ပြောင်ပဲ ကိုယ့်လှည်းပေါ်တင် ကိုယ်အိပ်ခွင့်ရနေလေပြီ။

အခုဝင်လာသည့် အာရှတွေ ကျတော့လည်း သူတို့ဆီကနေ ငွေ သိပ်မထွက်။ အနောက်တိုင်းသား တွေကတော့ ကုမ္ပဏီကပေးပြီး တာကို ဘုရားသမိုင်းကြောင်းတွေ ဘာတွေ ရှင်းပြပေးနိုင်သည့် မြင်း လှည်းသမားတွေဆိုလျှင် မုန့်ဖိုး သက်သက်ကို ထပ်ပေးသွားတတ် သေးသည်။ ဈေးဦးမပေါက်သည့် ရက်တွေသာ များနေသဖြင့် အချို့ မြင်းလှည်းသမားတွေကတော့ ရ ရာကူလီလုပ်တာမျိုး၊ လက်သမား ပန်းရန် လိုက်တာမျိုးတွေ ၀င်လုပ် နေသည်။ ‘‘အိမ်က မိသားစုတွေကတော့ ပြောတာပေါ့။ ရှင်တို့ပဲ ပြောတော့ ဒီမိုကရေစီဆိုတဲ့။ လတ်တလော အဆင်မပြေတာနဲ့ အပြစ်ကတင်ကြတော့တာပဲ။ ကျွန်တော်တို့က ရေဒီယိုနားထောင်တယ်။ တိုင်းပြည်မှာ ဘာဖြစ်နေလဲ အကုန်သိတယ်’’ဟု ဦးမျိုးညွန့်ကဆိုသည်။ နှစ်ယောက်စလုံးရဲ့ နှုတ်ကထွက်လာသည့် စကားတွေထဲမှာ လည်း ရခိုင်အရေးတွေ၊ ၂၅ ရာခိုင်နှုန်းတွေ၊ ၅၉ (စ)တွေစုံလို့။


ငှားရမ်းမှုလျော့ကျနေသော ပုဂံရှိ မြင်းလှည်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ညီညီဇော်)

အပိုင်း(ဂ)

ခရီးသွားကဏ္ဍ ကျဆင်းမှု ကြောင့် ပုဂံမြေက ယွန်းထည်လုပ် ငန်းတွေလည်း အခက်အခဲဖြစ်နေ သည်။ လုပ်ငန်းကြီးသမားတွေအဖို့ အလုပ်သမားတွေ ပုံမှန်ဝင်ငွေ ရအောင် လည်ပတ်နေသော်လည်း ပစ္စည်းကမရောင်းရ။ အချို့ယွန်း ထည်လုပ်ငန်းသေးလေးတွေ ရပ် ထားတာမျိုး၊ ၀န်ထမ်းလျှော့တာ မျိုးတွေလုပ်ကာ ဖြေရှင်းနေရ သည်ဟု ယွန်းထည်လုပ်ငန်းရှင် အချို့က ပြောပြသည်။ ဟိုတယ် ၀န်ထမ်းများလည်း ထို့အတူပင်။ ဧည့်ပါး၍ တစ်မန်းနီးလည်းမရ။ ပုံမှန်လစာနဲ့လည်းမလောက်၊ အ ချို့ဟိုတယ်တွေဆို အလှည့်ကျ ဆင်းရတာတွေကြောင့် ဟိုတယ် ၀န်ထမ်းတွေလည်း ညည်းနေကြ သည်။

 ဟိုတယ်ဝန်ထမ်းတွေတင် မကသေး။ တစ်လလုံးနေလို့ ဈေး ဦးမပေါက်သည့် ကားသမားတွေ၊ သဲပန်းချီဆရာတွေလည်းရှိသည်။ ဆိုင်ပိတ်ထား၍ အလုပ်နားနေရ သည့် ၀န်ထမ်းလေးတွေရှိသည်။ ပြောရမည်ဆိုလျှင် ပြည်ပဧည့် သည်ကို မှီနေရသည့် ပုဂံက လူ တိုင်းငုတ်တုတ်မေ့နေရသည့် ကာ လဖြစ်သည်။ ပုဂံတင်လားမက သေး။ မြန်မာပြည်အရပ်ရပ်ရှိ ခရီး သွားဒေသတိုင်း ငုတ်တုတ်မေ့နေရပြီဖြစ်သည်။ ခရီးသွားလုပ်ငန်းကို အမှီပြုရသည့် အခြေခံလူတန်း စားတွေအဖို့ အခက်ခဲဆုံးကာလ ပင်။

ပို့စကတ်ရောင်းသည့် ဝေယံ ဦးတို့ သူငယ်ချင်းနှစ်ယောက်က တော့ ကားတစ်စီးထိုးဆိုက်လာ၍ အပြေးအလွှား ထသွားသည်။ ကားပေါ်က ဆင်းလာသည့် ဂျပန်လား၊ ကိုရီးယားလား မသဲကွဲသည့် အမျိုးသမီးငယ်လေးနောက် တ ကောက်ကောက်လိုက်ကာ ပို့စ ကတ်လေးတွေ ထိုးရောင်းနေ သည်။ ဧည့်သည်အမျိုးသမီးက တော့ လက်ခါပြရင်း အာနန္ဒာ ဘုရားထဲ ၀င်သွားသည်။

 ပုဂံမြေကတော့ ညနေစောင်းလာပြီ ဖြစ်သော်လည်း ဝေယံဦးတို့လို အခြေခံလူတန်းစားတွေရဲ့ ၀မ်းရေးနဲ့အပြိုင် ပူလောင် လို့ကောင်းနေဆဲ။        ။


ကမ္ဘာလှည့်ခရီးသွားနည်းလာသဖြင့် ပုဂံဒေသရှိ မြင်းလှည်းမောင်းသမားများအပါအ၀င် ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်လုပ်ကိုင်သူအားလုံး ၀င်ငွေလျော့ကျနေသည်။ (ဓာတ်ပုံ−ညီညီဇော်)