ထိုင်းလူငယ်များကို ကျောက်ဂူပြင်ပသို့ ဆွဲထုတ်ခဲ့သော ဆရာဝန်လက်များ

ဂူအတွင်းပိတ်မိနေသည့် လူငယ်များနှင့် အသင်းလက်ထောက်နည်းပြတို့၏ ကျန်းမာရေးကို စောင့်ရှောက်ကုသပေးမည့် ဆေးအဖွဲ့ တာဝန်အကြီးဆုံးသူဖြစ်လာခဲ့သည့် ဒေါက်တာရစ်ချက်ဟားရစ် (AAP)

နေရောင် မဝင်ရောက်နိုင်ဘဲ မှောင်မည်းနေသော ဂူထဲတွင် ယာယီထွန်းညှိထားသည့် မီးအလင်းရောင်တချို့သာ မှိန်ပျပျ ရှိနေသည်။ အနီးတစ်ဝိုက်၌ရှိနေ သူအားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုကို ကြိုးစားထိန်းသိမ်းနေသည့် အရိပ်အယောင် များကို အဆိုပါ ခပ်မှိန်မှိန်မီးရောင်တွင်ပင် ထင်ရှားစွာ မြင်နေရသည်။ အားလုံး၏အာရုံက ကလေးများကို ဘက်ပေါင်းစုံမှ ထောင့်စေ့အောင် ဂရုတစိုက်စစ်ဆေးနေသည့် အမျိုးသားကြီးတစ်ဦးထံ စုပြုံကျရောက်နေသည်။ စိတ်ကျေနပ်သွားပြီဟု ယူဆရချိန်တွင် ဒေါက်တာ ရစ်ချတ်ဟားရစ်က ရေငုပ်သမားများဘက်လှည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထိုအချိန်တွင် မယ်ဆိုင်ကျောက်ဂူထဲ ပိတ်မိနေသည့် လူငယ်များကို ကယ်ထုတ်ရန် အစီအစဉ် လက်တွေ့ စတင်တော့သည်။

 ဆေးသိပ္ပံပညာရပ်တွင် ကျွမ်းကျင်သော ဆရာဝန် အလုပ် နှင့် ရေအောက် ကျောက်ဂူများထဲ စွန့်စားငုပ်လျှိုးရသည့် ရေငုပ်သမားအလုပ်တို့သည် ဆက်စပ်မှု ကင်းမဲ့လွန်းသလို သဘောသ ဘာဝခြားနားလှသည့် ပရော်ဖက် ရှင်နယ်အတတ်ပညာ နှစ်မျိုးဖြစ် သည်။ ထို့ကြောင့်လည်း ရေငုပ်မှုတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံ ကြွယ်ဝလှသည့် ဆရာဝန်များများ စားစား မရှိလှသည်မှာ မဆန်းချေ။ ဒေါက်တာဟားရစ်သည် ထိုအသိပညာရပ် နယ်ပယ်နှစ်ခု လုံးတွင် ထူးချွန်အဆင့် ရှိနေသည့် ရှားရှားပါးပါး လူစားများအနက် တစ်ဦးဖြစ်သည်။ အခြေခံကွဲပြား လွန်းသည့် ၎င်း၏ကျွမ်းကျင်မှု နှစ်ခုကြောင့်ပင် ကမ္ဘာပေါ်၌ အထင်ရှားဆုံး ဧရာမကယ်ဆယ်ရေး လုပ်ငန်းစဉ်ကြီးတစ်ခုတွင် ကွင်း ဆင်း ဦးဆောင်လာရမည်ဟု ဒေါက်တာဟားရစ် လုံးဝစိတ်မ ကူးမိခဲ့ချေ။

ဇွန်လ ၂၃ ရက်တွင် မယ်ဆိုင် ရှိ တောဝက် လူငယ်ဘောလုံး အသင်းမှ ကစားသမား ၁၂ ဦးနှင့် ၎င်းတို့၏လက်ထောက်နည်းပြ သည် သဘာဝဘေးမဲ့တောဧရိ ယာတစ်ခုထဲရှိ သမ်လောင်ဂူထဲ သို့ အလည်အပတ်ဝင်ရောက်ရင်း ပျောက်ဆုံးသွားခဲ့သည်။ သမ် လောင်သည် သဘာဝအတိုင်း ရေစီးဝင်နိုင်သည့် ဂူမျိုးဖြစ်ပြီး ဂူဝတွင် ရေလျှံပိတ်ဆို့သွားခြင်း ကြောင့် လူငယ်များ အတွင်းထဲ တွင် ပိတ်မိနေခဲ့ခြင်းဟု ဒေသ အာဏာပိုင်များက ဆုံးဖြတ်ခဲ့ သည်။ ၎င်းတို့ကို ကယ်ဆယ်ရန် အတွက် ထိုင်းရေတပ်၏ ရေငုပ် ကျွမ်းကျင်သော ကွန်မန်ဒိုများ၊ ဗြိတိန်မှ ရေအောက်ဂူဆိုင်ရာ ပရော်ဖက်ရှင်နယ် ရေငုပ်သမား များ ပူးပေါင်းအလုပ်လုပ်ခဲ့သည်။

ရက်အနည်းငယ် ကြာလာချိန်ထိ လူငယ်များကို ရှာမတွေ့ဘဲ အခက်အခဲအမျိုးမျိုးကြုံနေသည့်အခါ နောက်ထပ် စဉ်းစားရမည့် ရှုထောင့်တစ်ခုပေါ်လာသည်။

  အကယ်၍ လူငယ်များ ကို ရက်အတန်ကြာမှ ရှာတွေ့ခဲ့ပြီး ချက်ချင်း ခေါ်ထုတ်မလာ နိုင်ပါက ဂူထဲတွင်ပင် ၎င်းတို့ကို ကျန်းမာရေး စောင့်ရှောက်ပေး မည့် ဆရာဝန်တစ်ဦး လိုလာမည် ဖြစ်သည်။ ကော်ဖီရောင်ကဲ့သို့ နောက်ကျိနေသည့် ရေထဲတွင် မြင်ကွင်းကြည်လင်မှု သုညမှတ် အနေအထားဖြင့် ငုပ်လျှိုးကူးခပ် ရမည်ဆိုခြင်းမှာ သာမန်ဆရာဝန် များ လုပ်နိုင်မည့်ကိစ္စ မဟုတ်ချေ။ ထိုအခြေအနေတွင် ဗြိတိန်ရေငုပ် သမားများက ၎င်းတို့အားကိုးရ မည့်သူသည် ဒေါက်တာဟားရစ်မှ တစ်ပါး အခြားမရှိနိုင်ဟု ဆုံးဖြတ် လိုက်သည်။

အဒီလိုင်ဒီတွင် နေထိုင်သည့် မေ့ဆေးဆရာဝန် ဒေါက်တာဟား ရစ်ကို ရင်းနှီးသူများက ဟယ်ရီဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။ ၎င်းသည် သိုသိုသိပ်သိပ် နေတတ်ပြီး အလုပ်ကို အာရုံစူးစိုက်တတ်သူ ဖြစ်သည်။ ရေငုပ်ရာတွင် အထူး ကျွမ်းကျင်ပြီး ဩစတြေးလျ၊ တရုတ်၊ နယူးဇီလန်၊ ခရစ္စမတ် အိုင်းလန်းတို့တွင် ရေအောက် ကျောက်ဂူများကြား ငုပ်လျှိုးသွား လာသည့် အတွေ့အကြုံ နှစ် ၃၀ မျှ ရှိခဲ့သည်။

ယခင်ကတည်းက ရေ အောက်ငုပ်လျှိုးရသည့် ကယ်ဆယ်ရေးနှင့် ရှာဖွေရေးကဏ္ဍများ တွင် သက်ဆိုင်ရာက ဒေါက်တာ ဟားရစ်ကို အကူအညီတောင်းခံ ရမှုများ ရှိနှင့်ခဲ့ပြီးဖြစ်သည်။ ၎င်း၏ဘဝတွင် ကြေကွဲစရာ အမှတ်တရအဖြစ်ဆုံးကိစ္စတစ်ခုက အခင်ဆုံးသူငယ်ချင်းဖြစ်သည့် အမျိုးသမီး ရေငုပ်သမားတစ်ဦး၏ အလောင်းကို ရေအောက်ဂူထဲမှ သွားရောက်ဆယ်ယူခဲ့ရခြင်း ဖြစ် သည်။ ၂၀၁၁ ဖြစ်ရပ်ဆိုးတွင် နာမည်ကျော် ရေငုပ်သမားတစ် ဦးဖြစ်သည့် အက်နက်စ်မီလိုကာသည် ဩစတြေးလျတောင်ပိုင်း တွင် ငုပ်လျှိုးရင်း ၈ ကီလိုမီတာ မျှ ရှည်လျားသည့် ရေအောက် ဥမင်များထဲ လမ်းပျောက်ကာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့ရ သည်။ ဒေါက်တာဟားရစ်သည် အခြား ကျွမ်းကျင်ရေငုပ်သမား များနှင့်အတူ အဆိုပါရေအောက် ဂူများထဲ ဝင်ရောက်ကာ သူငယ်ချင်း၏အလောင်းကို ဆယ်ထုတ် ခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဟားရစ်သည် အရေးပေါ်လူနာများကို ရွှေ့ ပြောင်းသယ်ဆောင်ရာတွင် လိုက်ပါစောင့်ရှောက်ရသည့် ဆေးပညာကိုလည်း ကျွမ်းကျင်တတ် မြောက်ထားသူဖြစ်ပြန်ရာ သမ် လောင်ဂူမှ လူငယ်များကို ကယ်ဆယ်ရေးအတွက် ၎င်းလောက် သင့်လျောက်ပြည့်စုံသူ မရှိသ လောက် ရှားသည်ဟုပင် ညွှန်းဆို နိုင်သည်။ ထို့ကြောင့်လည်း ကယ် ဆယ်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ၏ ကွင်းဆင်းအခြေအနေအရပ် ရပ်ကို ဦးဆောင်ရ၊ ဆုံးဖြတ်ရ သည့်တာဝန်သည် ၎င်းထံသို့ အလို လို ရောက်လာတော့သည်။

ဇူလိုင် ၂ ရက်တွင် ဗြိတိန် ရေငုပ်သမားနှစ်ဦးက ဂူအတွင်း ပိုင်းရှိ ရေလွတ်သော အမြင့်ပိုင်း ဧရိယာလေးတစ်ခုတွင် လူငယ် များနှင့် အသင်းနည်းပြကို ရှာတွေ့ခဲ့ပြီးနောက် ၎င်းတို့၏ကျန်းမာရေး ကို စောင့်ရှောက်ကုသပေးရန် ပထမဆုံး ဂူထဲဝင်ခဲ့သည့် အဖွဲ့တွင်လည်း ဒေါက်တာဟားရစ် လိုက်ပါခဲ့သည်။ ထိုအချိန်က စ၍ ဒေါက်တာဟားရစ်သည် လူငယ် များအနီးတွင် အတတ်နိုင်ဆုံး အချိန်ပေးနေထိုင်ခဲ့သည်။

မယ်ဆိုင်တွင် မိုးသဲသဲမဲမဲ ရွာသွန်းပြီး ဂူထဲတွင် ရေလျှံလာမည်ကို စိုးရိမ်ရသော အခြေအနေကြောင့် ကယ်ဆယ်ရေးကဏ္ဍကို ဇူလိုင် ၈ ရက်တွင် လက်တွေ့စတင်ရန် ဆုံးဖြတ်လိုက်သောအခါ ဒေါက်တာဟားရစ်သည် တာဝန်အကြီးဆုံးသူဖြစ်လာတော့သည်။ ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် လူငယ်တစ်ဦးစီကို ကျွမ်းကျင်ရေငုပ်သမားနှစ်ဦးက ရှေ့နောက် ခြံရံကာ ရေအောက်ဥမင်များတစ်လျှောက် ကူးခပ်ပြီး ဂူဝသို့ ဦးတည်ထွက်ခွာရမည်ဖြစ် သည်။ ရေငုပ်သမားတစ်ဦးက လူငယ်အတွက် အောက်စီဂျင်ဘူး ကို ကိုင်ပေးပြီး တဖြည်းဖြည်းချင်း ရှေ့တိုးလာရသည်။

၎င်းတို့ ဖြတ်သန်းရသည့် လမ်းကြောင်းတွင် ရေထုက မှောင်မည်းနေပြီး လက်နှိပ်ဓာတ်မီးအ လင်းရောင်တစ်ခုကိုသာ မြင်ရသည်။ ရှည်လျားကြာညောင်းလှ ပြီး မျက်ကန်းသဖွယ် စမ်းတဝါးဝါး လျှောက်လှမ်းရသည့် အခြေအနေ က ကြောက်စရာကောင်းလှသလို အန္တရာယ်လည်းများသည်။ ရေငုပ်အတွေ့အကြုံ လုံးဝမရှိသည့် လူငယ်များကို ထိုနည်းမျိုးဖြင့် ကယ်ထုတ်ရသည်မှာ စွန့်စားရ လွန်းသည့် အခြေအနေဖြစ်သည်။

 ဒေါက်တာဟားရစ်သည် လူငယ်တစ်ဦးချင်းစီ၏ ကျန်းမာ ရေးအခြေအနေကို အနီးကပ် စစ်ဆေးရသည်။ စိတ်အခြေအနေ ရော ကိုယ်လက်ကြံ့ခိုင်မှုပါ စိတ်အချရဆုံး ဖြစ်နိုင်၊ မဖြစ်နိုင် အပြန်ပြန် အလှန်လှန် သုံးသပ်ရသည်။ ၎င်းသည် ကယ်ဆယ်ရေးမစတင် မီ ရက်ပိုင်းအတွင်း လူငယ်များကို စိတ်ပိုင်းဆိုင်ရော လေ့ကျင့်ခန်း များ ပို့ချပေးခြင်း၊ အကြောက် မလွန်အောင် နှစ်သိမ့်ဆွေးနွေး ခြင်းများလည်း ပြုလုပ်ထားရ သည်။ ဒေါက်တာဟားရစ်က လုံးဝဥဿုံ စိတ်ချရပြီဟု ဆုံးဖြတ်ပြီး ခွင့်ပြုလိုက်ချိန်မှသာ ရေငုပ် သမားများနှင့် ထိုင်းရေတပ်ကွန် မန်ဒိုများက စိန်ခေါ်မှု ကြီးမားလှ သည့် ကယ်ဆယ်ရေးခရီးစဉ်ကို စတင်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကလေးများအတွက် ရော ကယ်ဆယ်ရေးများအတွက် ပါ အန္တရာယ်များလှသည့် စွန့်စားမှု အတွက် ချွတ်ချော်တိမ်းစောင်းမှု အနည်းဆုံးဖြစ်အောင် ဒေါက်တာဟားရစ်က ဦးဆောင်ကိုင်တွယ်ရ၊ ဆုံးဖြတ်ရခြင်းဟု ဆိုနိုင်သည်။ဒေါက်တာဟားရစ် ကိုယ် တိုင်အတွက်လည်း နောက်ထပ် ခေါင်းခဲစရာ ပုစ္ဆာတစ်ခုကို ဖြေ ရှင်းရသေးသည်။ ယင်းမှာ ကလေးများ အလွန်ထိတ်လန့်မှုမဖြစ်စေ ရန် ဂူအပြင်သို့ ခေါ်ထုတ်ချိန်၌ စိတ်ငြိမ်ဆေး ပေးထားရခြင်းဖြစ်သည်။ ထိုအခါ စိတ်ငြိမ်ဆေးအတိုင်းအတာ မည်မျှထိ ပေးရမည်ကို ဆုံးဖြတ်ရန်မှာလည်း ၎င်းအတွက် စိန်ခေါ်မှု ဖြစ်လာ သည်။ ကလေးများသည် သာမန် လမ်းလျှောက်သွားနိုင်သည့် ခရီး စဉ်မျိုးကို ဖြတ်သန်းရခြင်း မဟုတ် ပြန်ချေ။ ဒေါက်တာဟားရစ်အနေ ဖြင့် လူငယ်များအတွက် အသင့် တော်ဆုံး စိတ်ငြိမ်ဆေးပမာဏကို နည်းလည်း မနည်း၊ များလည်း မများအောင် အလွန် သတိကြီးစွာ ချိန်ဆခဲ့ရသည်။

ဇူလိုင်လ ၁၀ ရက်တွင်တော့ လူငယ် ၁၂ ဦးကိုရော နည်းပြ ကိုပါ အောင်မြင်စွာ ကယ်ထုတ် နိုင်ပြီဟု ထိုင်းရေတပ် အထူး ကွန်မန်ဒိုအဖွဲ့က ကြေညာခဲ့သည်။ ထို ၁၃ ဦးစလုံး အပြင်ရောက် လာပြီးမှ ဒေါက်တာဟားရစ်သည် အခြားသော ရေငုပ်သမားသုံးဦး နှင့်အတူ ဂူအပြင်သို့ ပြန်ထွက်ခဲ့ခြင်းဖြစ်သည်။ သွေးမတော် သားမစပ်လူငယ်များအတွက် ဒေါက် တာဟားရစ်နှင့် အခြားအဖွဲ့သား များက အနစ်နာခံ စွန့်စားပေး ခဲ့မှုသည် အောင်ပွဲဖြင့် အဆုံး သတ်နိုင်ခဲ့သည်။

‘‘သူ့အကြောင်း သိထားရင် တော့ ဒီလို စွန့်စားရတယ်ဆိုတာ အဆန်းမဟုတ်ပါဘူး။ သူက ကမ္ဘာအနှံ့က ကွဲပြားတဲ့ ပတ်ဝန်းကျင် နေရာစုံမှာ ရေငုပ်ခဲ့ဖူးတယ်။ တော်လည်း တော်တယ်။ နွေရာသီတွေဆိုရင် ကျွန်တော်တို့ အပန်းဖြေခရီးအနေနဲ့ ရေတူတူ ငုပ်ကြ တယ်။ အဲဒါကို ဟားရစ် စွန့်စားခန်း ခရီးစဉ်လို့ နာမည်ပြောင်ပေးထား တယ်။ သူက အဲဒီလို ရေငုပ်ခရီးစဉ် တွေမှာလည်း အဓိကဦးဆောင် သူပါပဲ’’ဟု ဒေါက်တာဟားရစ်နှင့် နှစ်ပေါင်း ၂၀ မျှ သိကျွမ်းခဲ့သည့် မိုက်ကယ်အီတန်က မှတ်ချက်ပေး ခဲ့သည်။

ယခုတော့ ထိုင်းကျောက်ဂူထဲ လူငယ်အားလုံးလည်း အောင်မြင်ချောမောစွာ လွတ် မြောက်လာပြီဖြစ်သည်။ ရှာဖွေ ရေးနှင့် ကယ်ဆယ်ရေးကဏ္ဍတွင် ပါဝင်သူ တစ်ဦးချင်းရော၊ အဖွဲ့ အစည်းအလိုက်ပါ အထူးတလည် စေတနာထား ကြိုးစားခဲ့ခြင်း၏ အသီးအပွင့်များကို ချိုမြိန်စွာ ခံစားလာရခြင်းဟု ဆိုနိုင်သည်။ ကဏ္ဍအလိုက် တာဝန်ကျေခဲ့သူ ထောင်ဂဏန်းမျှ ပမာဏတွင် ဆရာဝန်တစ်ဦးနှင့် ရေငုပ်သမား တစ်ဦး၏တာဝန်များကို ခွဲဝေယူရင်း ကွင်းဆင်းကယ်ဆယ်ရေး အတွက် လက်တွေ့ဦးဆောင်ခဲ့ သည့် ဒေါက်တာဟားရစ်ကမူ  ယခု ရလဒ်အတွက် အပျော်ရွှင်ဆုံးသူတစ်ဦးဖြစ်နေမည်မှာ သံသယ ရှိစရာလိုမည်မဟုတ်ပေ။

—Ref: ABC, Stuff