Miss World Beauty Queen ပြိုင်ပွဲမှာ ကျောက်စိမ်းမင်းသမီးဝတ်စုံနဲ့ ယှဉ်ပြိုင်မယ့် ရို့စလင်း

ဓာတ်ပုံ − Aung Thet Oo (Eden Picture)

ကိုရီးယားနိုင်ငံတွင် ကျင်းပမည့် Miss World Beauty Queen ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် ရို့စလင်းယှဉ်ပြိုင်နေပြီး အမျိုးသားဝတ်စုံပြိုင်ပွဲအတွက် ကျောက်စိမ်းမင်းသမီး ၀တ်စုံဖြင့်ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။


‘‘သူက မြစ်ကြီးနားကိုယ်စား ပြုလည်း ဖြစ်တယ်။ မြန်မာပြည် က ကျောက်စိမ်းကလည်း ဟိုမှာ ထင်ရှားတယ်။ အဲဒါကြောင့် မြန်မာပြည်နဲ့တွဲပြီးသိတဲ့ ရတနာ ဆိုတော့ အဲဒီအရောင်လေးကို သုံးထားတာ။ ဒီဇိုင်နာကတော့ ကျောက်တုံးတွေထဲက ကျောက် စိမ်း မင်းသမီးလေးထွက်လာတဲ့ ပုံမျိုးလို့ ပြောတယ်’’ဟု ယင်းပြိုင် ပွဲကို စေလွှတ်ခဲ့သည့် Miss Universe Myanmar ၏ National Director ဒေါ်စိုးယုဝေ က ပြောသည်။

အဆိုပါ ၀တ်စုံအမည်ကို ကျောက်စိမ်းမင်းသမီးဟု အမည် ပေးထားပြီး ဒီဇိုင်နာဆိုင်းလတ် (MAKA) က ဖန်တီးပေးထားသည်။

ရို့စလင်းသည် Miss Universe Myanmar 2018 ပြိုင် ပွဲသို့ မြစ်ကြီးနားမြို့ ကိုယ်စားပြု လာရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပဉ္စမဆု(4th Runner Up) ရရှိခဲ့သည်။

‘‘အရမ်းဝခဲ့ဖူးတော့’’ အမြဲ တမ်းကိုယ့်ကိုယ်ကိုယ် ၀နေတယ်လို့ပဲထင်တယ်။ ကိုယ့်အားနည်း ချက်ကို အားသာချက်အဖြစ် ပြောင်းလဲတယ်။ Swim Suit ၀တ်တာကို ရှက်တာတွေ ဘာတွေဖြစ်တယ်။ သူများနိုင်ငံနဲ့ သွားယှဉ်မယ်ဆိုရင် ဒါတွေကို ရှက်နေလို့ မရဘူး။ အဲဒီအတွက်လည်း လေ့ကျင့်ရတယ်’’ ဟု ယင်းပြိုင်ပွဲအတွက် ပြင်ဆင်မှုများကိုပြောသည်။

အဆိုပါ ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ရို့စလင်းသည် မြန်မာနိုင်ငံမှ ဇူလိုင်၎ ရက်ညတွင် ထွက်ခွာပြီး နောက်ဆုံးပြိုင်ပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ဇူလိုင် ၁၈ ရက်တွင် ပြုလုပ် မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၄၀ ကျော်ပါဝင်ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို ဆောင်နိုင်အောင် အကောင်းဆုံးကြိုးစားမည်ဟု ရို့စလင်းက ပြောသည်။

‘‘အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားပြီးပြီ။ ကိုယ့်ဟာ ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိ နေပါပြီ။ Voting ပေးရမယ့်အချိန်ကျရင်လည်း Vote ပေးကြပါ’’ ဟု ၎င်းကပြောသည်။