ဆဲဗင်းဂျူလိုင်အရေးတော်ပုံကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ ၁၉၆၂ ကျောင်းသားမျိုးဆက် ဦးလှရွှေနှင့်တွေ့ဆုံခြင်း

‘‘အဆောက်အအုံဆောက်တာက အရေးမကြီးဘူး။ ကြိုက်တဲ့အချိန်ဆောက်။ အရေးကြီးတာက ဒီအဆောက်အအုံကို ဘယ်သူဖြိုသလဲ။ ဒါမပါဘဲနဲ့တော့ ဆောက်လို့မရဘူး’’
၁၉၆၂ ကျောင်းသားမျိုးဆက် ဦးလှရွှေ

ယနေ့သည် ကျောင်းသားသမဂ္ဂအဆောက်အအုံ ဖြိုခွဲဖျက်ဆီး ခံခဲ့ရသော ကမ္ဘာကျော် ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၅၆)နှစ် ပြည့်ပြီ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရက ၁၉၆၂ မတ်လ ၂ ရက်တွင် အာဏာသိမ်းယူပြီးနောက်လေးလအကြာတွင် ပေါ်ပေါက်ခဲ့သော အဆိုပါအရေးတော်ပုံသည် လက်ရှိ အချိန်ထိ သမိုင်းကြောင်းဆိုင်ရာ အငြင်းပွားမှုများရှိနေသည်။ လက်ရှိ ဒီချုပ်အစိုးရလက်ထက်တွင် ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဆွေးနွေးမှုများရှိသော်လည်း လက်တွေ့ အကောင် အထည်မပေါ်သေးပေ။ အဆိုပါအခြေအနေနှင့်ပတ်သက်၍  ၁၉၅၃ မှ ၁၉၆၃ အထိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ အပါအ၀င် ကျောင်းသား လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဦးလှရွှေ (အောင်သာ- ပီသုံးလုံး)နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။


ဆဲဗင်းဂျူလိုင်နဲ့ပတ်သက်လို့က တော့ နှစ်ပေါင်း ၅၀ ကျော်အ တွင်းမှာ အန်ကယ်အပါအ၀င် တော်တော်များများ ရေးကြ၊ပြော  ကြပြီးသားပါ။ ဒါပေမဲ့ အခုနှစ် ပတ်လည်ထပ်ရောက်လာတဲ့အ ချိန်မှာ အဲဒီနေ့က ကိုယ်တိုင်ကြုံခဲ့ ရတဲ့အခြေအနေနဲ့ပတ်သက်လို့ ထပ်ပြောပြချင်တာရှိပါသလား။

ဇူလိုင် ၇ ရက်ကျောင်းသား အရေးတော်ပုံမဖြစ်ခင် နိုင်ငံရေး အခြေအနေဘယ်လိုရှိသလဲဆို တာအရင်ပြောချင်တယ်။ ၆၂ ခုနှစ် မတ်လ ၂ ရက်မှာဗိုလ်နေ ၀င်းတို့ အာဏာသိမ်းသွားတယ်။ ဘာပဲပြောပြော ဒီအာဏာသိမ်းမှု နဲ့ပတ်သက်လို့ မြန်မာပြည်နိုင်ငံ ရေးသမားတွေကြားထဲမှာ အထူး သဖြင့် လက်ဝဲဂိုဏ်း နိုင်ငံရေး သမားတွေကြားထဲမှာ သဘော ထားကွဲလွဲမှုရှိတယ်။ ဗိုလ်နေ၀င်း တို့ မဆလအုပ်စုကို ထောက်ခံတဲ့ ဂိုဏ်းနဲ့ ကန့်ကွက်တဲ့ဂိုဏ်းနှစ် ဂိုဏ်းဖြစ်နေတယ်။ အဲဒီတော့ ငါ တို့ခေတ်က လူကြီးနိုင်ငံရေးသမား တွေကြားမှာဖြစ်ဖြစ်၊ လူငယ် ကျောင်းသားတွေကြားမှာ ဖြစ် ဖြစ် အာဏာသိမ်းမှုနဲ့ပတ်သက် လို့ ဂိုဏ်းနှစ်ဂိုဏ်းစီရှိနေတယ်။ ထောက်ခံတဲ့သူတွေက ဘယ်လို ထောက်ခံလဲဆိုတော့ ဗိုလ်နေ၀င်း တို့ အာဏာသိမ်းမှုမှာပါလာတဲ့ တပ်မှူးကြီးတွေကို တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိတဲ့ လူတွေဆိုပြီး တော့ သဘောထားတယ်။လက်ဝဲသမားတော့ လက်ဝဲသမားတွေပဲ။ သူတို့ကိုယ်သူတို့ အဲဒီလိုသဘော ထားတာကို ပြောတာနော်။ အဲဒီ တော့ မဆလဆိုတာကလည်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ဘုံလုပ် ငန်းစဉ်ဖြစ်တယ်လို့ ထောက်ခံတဲ့ လူတွေက သဘောထားတယ်။ တစ်ဖက်ကလည်း ဒီအာဏာသိမ်း မှုဟာ ဖောက်ပြန်တဲ့အာဏာသိမ်း မှုပဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ ဘ၀ကို ဖျက်ဆီးပစ်တာဖြစ်တယ်။ ယေဘုယျအားဖြင့် ဒီလူတွေဟာ တိုင်းပြည်ကို ကောင်းကျိုးပေး မယ့်လူတွေ မဟုတ်ဘူးပေါ့။ လူငယ်တွေ၊ ကျောင်းသားသမဂ္ဂတွေ ကြားထဲမှာလည်း ဒီလိုပဲနှစ်အုပ်စု ရှိတာပဲ။ ဆဲဗင်းဂျူလိုင်နေ့က တော့ ကျောင်းသားထုအစည်း အဝေးလုပ်တယ်။ ရန်ကုန်က တက္ကသိုလ်မှာ ကျောင်းသားတစ် သောင်းခွဲလောက်ရှိတယ်။ မ တက်ဘူးဆိုရင်တောင် သုံးပုံတစ်ပုံလောက်တော့ ဒီအစည်းအဝေး ကိုလာတက်တယ်။ ကျောင်းသား အဖွဲ့အစည်းလေးဖွဲ့က တာဝန်ခံ ပြီး ကျောင်းသားထုအစည်းအဝေး  ခေါ်တာ။ အသစ်ထုတ်လိုက်တဲ့ ကျောင်းဆောင်စည်းကမ်းတွေနဲ့ ပတ်သက်လို့ သဘောထားကို ရှင်းပြတာ။ ဒီစည်းကမ်းတွေကို ကန့်ကွက်တဲ့သူ ရှိသလား၊ ထောက်ခံတဲ့သူရှိသလား မေးရ တာပေါ့။ အဲဒီမှာ ကျောင်းသားထု အစည်းအဝေးက ယေဘုယျကန့် ကွက်တယ်။ ကျောင်းသားသမဂ္ဂ က သူတို့ကို ဘာတာဝန်ပေးမလဲ။ ပေးတဲ့တာဝန်ကို ယူကြမယ်။ အဲ ဒီလိုဖြစ်တာပေါ့။ အစည်းအဝေး ပြီးတော့ ထုံးစံအတိုင်းပေါ့။ သွား ကြ၊ လာကြ၊ ပြန်ကြ။ အဲဒီအချိန် မှာ သမဂ္ဂအနောက်ဘက်သထုံ ဆောင်ဘက်ကနေ ကားနှစ်စီးဝင် လာတယ်။ သမဂ္ဂရှေ့ကနေလည်း ကားနှစ်စီးလောက်ဝင်လာတယ်။ စဖမ်းတဲ့သူတွေကတော့ ရိုးရိုးပါ ပဲ။ အရပ်ဝတ်နဲ့ပါပဲ။ နာမည်ရှိနေ တဲ့၊ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် တွေကိုဖမ်းတာ ပေါ့။ အဲဒီနေရာဖမ်းခံရတဲ့အထဲ မှာငါတို့မပါဘူး။ ကျောင်းသား တွေက ပြန်လုတာတွေ၊ ဘာတွေ လုပ်တော့ ခေါင်းဆောင်တွေထဲ က သုံးပုံနှစ်ပုံလောက်ကလွတ် တယ်။ တစ်ပုံလောက်ကတော့ ဖမ်းခံလိုက်ရတယ်။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါမှာ အဖမ်းမခံရ သေးတဲ့ကျောင်းသားတွေက အ ဆောင်တွေမှာရှိနေတဲ့ ကျောင်း သားတွေနဲ့ စုပြီးတော့ ပင်းယ ဆောင်မှာအရေးပေါ် အစည်းအ ဝေးလုပ်၊ တာဝန်တွေခွဲပေးပြီး သေချာပေါက်အဖမ်းခံရဖို့ အ လားအလာရှိတဲ့ ကျောင်းသား တွေက ရန်ကုန်ကို လေးပိုင်း ပိုင်း ပြီးတိမ်းရှောင်နေကြဖို့တွေ ပြော ကြတာပေါ့။

အစကတည်းက အာဏာသိမ်းမှု ကို ကန့်ကွက်တဲ့သဘောထားရှိ နေတဲ့အချိန်မှာ ဒီလိုဖမ်းဆီးသတ် ဖြတ်တာတွေ၊ သမဂ္ဂအဆောက် အအုံကြီးဖြိုချခံရတာတွေကို အ ချိန်တိုအတွင်းမှာ စုပေါင်းပြီးကြုံ တွေ့ရတဲ့ခံစားချက်က တော် တော်ပြင်းထန်ခဲ့မှာပေါ့။

ငိုကြရတာပေါ့။ တစ်ခုက ဒေါသဖြစ်တယ်။ ဘာဖြစ်လို့ဆို တော့ ဒီနေရာက ကိုယ့်အမိအဖ လိုဖြစ်နေတဲ့နေရာမျိုးပဲလေ။ မခံ ချင်ဘူးပေါ့။ ဒါငါတို့ရဲ့ ဘ၀လို လည်းဖြစ်တယ်။ သမဂ္ဂဆိုတာ ငါတို့မိဘအရိပ်လိုပဲ။ ငါတို့အ သက်တွေ၊ သွေးတွေရှိတဲ့နေရာ လိုပဲဆိုတော့ မငိုတဲ့လူမရှိဘူး။ တို့ကိုလက်နက်နဲ့ အနိုင်ကျင့်တာ မျိုးဖြစ်တဲ့အတွက် ငါတို့ကလည်း လူငယ်တွေပဲလေ။ နောက်တော့ ၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက် ပြီလည်းဆိုရော ငါတို့ကျောင်း သားခေါင်းဆောင်တွေ အားလုံး ပေါင်း ၇၇ ယောက်အကုန်သူပုန် ဖြစ်ရော။ စောစောကလို လူခွဲပြီး တိမ်းရှောင်နေရတဲ့ အချိန်မှာ တော့ ငါတို့က တစ်လတစ်ခါ လောက်တွေ့၊ အစည်းအဝေးတွေ လုပ်၊ အလုပ်အဖွဲ့တွေ ဖွဲ့ထား တာပေါ့။ တစ်လတစ်ခါဆဲဗင်း ဂျူလိုင်အထိမ်းအမှတ်တွေလုပ် တယ်။ တစ်နှစ်ပြည့်ကျမှ ဆဲဗင်း ဂျူလိုင်နှစ်ပတ်လည်ကို ကြီးကြီး ကျယ်ကျယ်ကျင်းပတာ။ အထိမ်း အမှတ်ကျောက်တိုင် ဆောက် တယ်။ ဇွန်လ ၁၁ ရက်နေ့ကျတော့ တောထဲကသူပုန်တွေနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲတွေလုပ်တော့ လွတ် ငြိမ်းချမ်းသာခွင့်အမိန့်ထုတ်လိုက် တယ်။ ထုတ်လိုက်တော့ တို့က တရားဝင်နေလို့ရသွားတယ်။ အဲ ဒီအချိန်မှာပဲ ကျောင်းသားသမဂ္ဂ အဆောက်အအုံနေရာမှာ ၀ါးတဲ ကြီးပေါ့။ သမဂ္ဂအကျယ်အ၀န်း အတိုင်းပဲ။ တို့အလှူလိုက်ခံပြီး တော့ဆောက်တာ။ ဆဲဗင်းဂျူ လိုင်တစ်နှစ်မြောက်အခမ်းအနား ကတော့ တော်တော့်ကို ပေါက်ကွဲ တဲ့အခမ်းအနားပဲ။ အဲဒီမှာ ဓာတ် ပုံပြပွဲလုပ်တယ်။ ကျောင်းသား မိဘတွေလည်း လာကြတယ်။ အ ကြီးအကျယ်ငိုကြပေါ့။ မျက်ရည် မကျတဲ့လူဆိုတာ မရှိပါဘူး။ တို့ လည်းအပါအ၀င်ပေါ့။ အဲဒီဓာတ် ပုံတွေကို ဘယ်သူတွေကရှာပေး လဲဆိုတော့ အာဇာနည်ကုန်း ပေါက်ကွဲမှုမှာ သေသွားတဲ့ ကို ခင်ကြိုင်ကြေးမုံသတင်းထောက်၊ နောက်တစ်ယောက်က ကိုတင် မောင်ဆွေဆိုတာ နေးရှင်းသတင်း ထောက်။ သူတို့နှစ်ယောက်က ဆဲဗင်းဂျူလိုင်ဖြစ်တဲ့နေ့ကျတော့ အခုလှည်းတန်းထိပ်မှာ မိန်းတံ ခါးပေါက်ကြီးနဲ့ တည့်တည့်မှာ ကျီးပင်ကြီးရှိတယ်။  အဲဒီပေါ် တက်ပြီးပုန်းနေတာ။ တကယ်လို့ သိရင် သူတို့ပစ်သတ်ခံရမှာ။ အဲဒီ မှာပုန်းပြီး သူတို့ပစ်တဲ့ခတ်တဲ့ကိစ္စ တွေ၊ အလောင်းသယ်တာတွေ၊ ကျောင်းသားတွေရဲ့ ဆွဲကြိုးကို ဆွဲဖြုတ်တာတို့၊ လက်ပတ်နာရီ ဆွဲဖြုတ်တာတို့၊ ကုတ်အင်္ကျီဆွဲ ချွတ်တာတို့ အကုန်လုံးရိုက်ထား တာ။ ဒါကြောင့် သူတို့ဆီကဓာတ် ပုံတွေက အင်မတန်စိတ်လှုပ်ရှား စရာတွေချည်းပဲ။ လည်မျိုကို ဘက်နက်နဲ့ ထိုးနေတဲ့ပုံတွေ၊ လက်ပတ်နာရီဖြုတ်နေတဲ့ပုံတွေ၊ တိုက်ပုံအင်္ကျီချွတ်နေပုံတွေပေါ့။ တခြား သတင်းစာတိုက်တွေက လည်း ကူကြပါတယ်။ အဲဒီတစ် နှစ်ပြည့်နှစ်ပတ်လည်မှာကျောက် တိုင်မှာလည်း အလေးပြုကြပေါ့။ နောက်တော့ ၁၉၆၃ ခုနှစ် နိုဝင် ဘာ ၁၄ ရက်နေ့မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလည်း ပျက်ရော အစိုး ရက တို့ပြန်ဆောက်ထားတဲ့သမဂ္ဂ ၀ါးတဲကြီးရော၊ ကျောက်တိုင်ကို ရော ကရိန်းနဲ့ဆွဲပြီးတော့ ဖျက်ဆီး ပစ်တာပေါ့။ တို့လည်း ပြေးကြရ ပြန်ရော။

သမဂ္ဂအဆောက်အအုံကို ဖြိုတဲ့ အချိန်မှာ အထဲမှာကျောင်းသား တွေရှိနေတယ်။ အဲဒီမတိုင်ခင် သတ်ဖြတ်မှုတွေ မှာလည်း ကျောင်းသားတွေရာချီပြီး သတ် ဖြတ်ခံရတယ်ဆိုတာမျိုး ပြောကြ တာတွေလည်းရှိတယ်နော်။

အဆောက်အအုံဖြိုချတဲ့အ ထဲမှာ ကျောင်းသားတွေပါ၊ မပါ ဆိုတာတော့ ငါတို့ကိုယ်တိုင် လည်းမသိဘူး။ ဘယ်သူမှလည်း မသိဘူး။ သိမှာက အာဏာပိုင်နဲ့ ထောက်လှမ်းရေးနဲ့ပဲ သိမှာ။ ထင် မြင်ချက်ကိုပြောမယ်ဆိုရင်တော့ အဲဒီထဲမှာရောပြီးတော့ ဖြိုမယ်လို့ မထင်ဘူး။စစ်တပ်ကို အမြင်ကတ် တဲ့စိတ်နဲ့ ရမ်းမပြောချင်ဘူး။ ဒါ သမိုင်းဖြစ်တဲ့အတွက် အမှန်အ တိုင်းပြောဖို့ တာဝန်ရှိတယ်။ ဆဲ ဗင်းဂျူလိုင်နေ့ကလည်း သတ်ပြီး ပြီလေ။ တချို့ကလည်း စိတ်ကူး နဲ့ပြောတာရှိတယ်။ ဥပမာ သမဂ္ဂ အပေါ်ထပ်မှာ တက်ပုန်းတယ်ဆို တာ။ အပေါ်ထပ်မှာ တက်ပုန်းလို့ ရစရာနေရာကိုမရှိဘူး။ ဘယ်မှာ သွားပုန်းမလဲ။ သမဂ္ဂဥက္ကဋ္ဌအခန်း ဆိုတာလည်း သော့ပိတ်ထားတာ။ အိမ်သာထဲဝင်နေလည်း အနည်း ဆုံးအိမ်သာထဲကတော့ ၀င်ရှာမှာ ပဲ။ ဒါကြောင့် ငါတို့လည်း မပြော နိုင်ဘူး။ လုပ်ချင်လည်း လုပ်မယ်။ ဟိုမှာ ပေါ်တင်ကြီးတောင် ပစ် သတ်ထားမှတော့ တွေ့တဲ့ကောင် ပစ်သတ်မယ်ဆိုတာမျိုးလည်း ရှိ  နိုင်တာပဲ။ တစ်ခုပဲပြောနိုင်တာက ၈ ရက်နေ့ မနက်ကျတော့ ရန်ကုန် ဆေးရုံအုပ်ကြီး ဦးအောင်သိန်းက သတင်းစာရှင်းလင်းပွဲလုပ်တယ်။ သူ့ဆီကို အားလုံးပေါင်း ၆၈ ယောက် ရောက်တယ်။ တချို့က ဒဏ်ရာရတာ။ တချို့က သေလု မြောပါးဖြစ်နေတယ်။ တချို့က ပြင်းထန်ဒဏ်ရာနဲ့၊ တချို့က ရိုးရိုး ဒဏ်ရာနဲ့။ အဲဒီထဲက ၁၆ ယောက် သေတယ်လို့ ဦးအောင်သိန်းက ပြောတယ်။ အဲဒီတော့ ဆဲဗင်း ဂျူလိုင်မှာ ဘယ်လောက်သေသလဲလို့ ပြောတဲ့အခါမှာ ဆရာကြီး ဦးအောင်သိန်း ပြောတဲ့ အချက်အလက်က အထောက်အထားအရှိဆုံးနဲ့ သေချာပေါက်ပြောနိုင်တာပဲ။ ကျန်တာ ဘယ်သူမှမပြောနိုင်ဘူး။ ဆိုတော့ လုပ်နိုင်တာတစ်ခုပဲရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရတစ်ရပ်ရပ်က ဒီကိစ္စနဲ့ပတ်သက်လို့ တရားဝင် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုမှ ပြောမှာဗျ။

ဆဲဗင်းဂျူလိုင်တုန်းက သက်ရှိ ထင်ရှားရှိနေတဲ့ ကျောင်းသားကြီး တွေ ရှိနေတုန်း သမဂ္ဂအဆောက် အအုံကို ပြန်တည်ဆောက်သင့် တယ်ဆိုတဲ့ အကြံပြုချက်တွေရှိပါ တယ်။ အန်ကယ့်သဘောထားကို သိပါရစေ။

တကယ်တမ်းကျတော့ အခု သမဂ္ဂဆောက်မယ် ဘာညာဖြစ် ကြပြီးတော့ စကားတွေဘာတွေ များကြတယ်။ ကျွန်တော်တို့က ခေါ်တွေ့တယ်။ ဒေါ်စန္ဒာမင်းနဲ့ ကိုရန်အောင် (ဒီချုပ်လွှတ်တော် အမတ်များ)ကို မင်းတို့အစိုးရနဲ့ တွေ့ချင်တယ်။ ငါတို့ကိုပြောပေး မလား။ ဆဲဗင်းဂျူလိုင်နဲ့ပတ်သက် ပြီး ပြောချင်ဆိုချင်တာတွေ ရှိ တယ်။ ကျွန်တော်တို့က နှစ်ခုပဲ ပြောတာ။ ဆဲဗင်းဂျူလိုင်မှာ ဘယ် လောက်သေသလဲ၊ ဘယ်လောက်ဒဏ်ရာရသလဲ၊ ဘယ်လောက် ကျောင်းထုတ်ခံရသလဲ။ ဒါတော့ ပြောပေးဖို့ အစိုးရအနေနဲ့ တာဝန်ရှိတယ်လေ။ အဆောက်အအုံ ဆောက်တာက အရေးမကြီးဘူး။ ကြိုက်တဲ့အချိန်ဆောက်။ အရေးကြီးတာက ဒီအဆောက်အအုံကို ဘယ်သူဖြိုသလဲ။ ဒါမပါဘဲနဲ့ တော့ ဆောက်လို့မရဘူး။

ဒါဆို သမဂ္ဂအဆောက်အအုံကို ပြန်တည်ဆောက်ဖို့က အဓိက မကျဘူးပေါ့။

အခုအစိုးရက အဆောက်အ အုံဆောက်မယ်ဆိုပြီးတော့ ဘီလီ ယံ ၅၀ ထုတ်ပေးတယ်ပြောတယ်။  ပြဿနာက အဆောက်အအုံ ဆောက်ဖို့မဟုတ်ဘူး။ ဆဲဗင်းဂျူ လိုင်ကို တစ်စုံတစ်ရာ Action လုပ်မလား၊ မလုပ်ဘူးလား။ အဲဒါ အရင်လုပ်ပါ။ ဆဲဗင်းဂျူလိုင်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်က ဘယ်လိုအရေးယူ ဆောင်ရွက်ပေးမလဲ။ တိုင်းပြည် မှာ၊ လူတွေကြားထဲမှာ အလွန် စိတ်လှုပ်ရှားခဲ့ရတဲ့ကိစ္စ။ နောက် တစ်ခုက သမိုင်းမှာ လူတိုင်းသိ သင့်တဲ့ကိစ္စ။ အစိုးရက တာဝန်ရှိ ရှိနဲ့ အဖွဲ့တစ်ခုဖွဲ့။ ဘယ်သူ့တာ ၀န်ပေးပေး။ ဒီလိုလုပ်ရမှာပေါ့။ အခုက လက်ဝါးချင်းရိုက်၊ ပိုက် ဆံထုတ်ပေးပြီးတော့ အဆောက် အအုံဆောက်ဆိုတော့ ဒီလိုလုပ် လို့ဘယ်ရမလဲ။ ပြောမယ်ဆိုရင် ဆဲဗင်းဂျူလိုင်နဲ့ပတ်သက်ရင် တ ကယ်တာဝန်ရှိတဲ့သူ သုံးယောက် ပဲရှိတော့တယ်။ ရန်ကုန်မှာ ကျွန် တော်၊ နောက်မန္တလေးတက္ကသိုလ် က ကိုအောင်သူနဲ့ ကိုသက်တင်။ ဆဲဗင်းဂျူလိုင်ဖြစ်တဲ့အချိန်မှာ ကို အောင်သူက မန္တလေးတက္ကသိုလ် ရဲ့သမဂ္ဂ ဒုတိယဥက္ကဋ္ဌ။ ကိုသက် တင်ကတော့ မန္တလေးတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး ရဲ့ တွဲဖက်အတွင်းရေးမှူး။ အခု သမဂ္ဂအဆောက်အအုံ ဆောက် ချင်တယ်၊ မဆောက်ချင်ဘူး ငြင်း နေတဲ့လူတွေက ဒီကိစ္စနဲ့ ပတ် သက်ရင် ဘာမှသိတာမဟုတ်ဘူး။  ဒါကြောင့် ကျွန်တော်တို့မသေခင် မှာ ကျွန်တော်တို့ဘက်ကလည်း ပြောစရာရှိတာတွေ ပြောချင် တယ်။ သမိုင်းမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို တိရစ္ဆာန်သတ်သ လို သတ်ပစ်ခဲ့တဲ့ကိစ္စ။ လမ်းဘေး မှာ ကားတိုက်ခံရပြီး သေတဲ့အ ပေါက်မျိုးလာမလုပ်နဲ့လေ။ ဒီဟာ က သမိုင်း။ ကျောင်းသားများစွာ ရဲ့ အသက်ပေါင်းများစွာပေးထား တဲ့ သမိုင်း။ မလုပ်ရဲရင် မလုပ်နဲ့ ပေါ့။ ဆဲဗင်းဂျူလိုင်ကျတော့ ဘေးချထားပြီးတော့ ဒီအဆောက် အအုံဆောက်ဖို့ကျတော့ လာ တက်ကြွနေတယ်ဆိုတော့ ဒီလူ ဟာ ရိုးရိုးသားသားတက်ကြွတာ လို့ ငါတို့ယူဆမှာမဟုတ်ဘူး။

အန်ကယ့်အဖြေအရဆိုရင်တော့  သမဂ္ဂအဆောက်အအုံ ပြန် ဆောက်ဖို့က ဒုတိယကိစ္စပေါ့လေ။ အခုက သမဂ္ဂအဆောက်အအုံကို ပြန်ဆောက်မယ်ဆိုရင် အရင် နေရာမှာပဲ အရင်ပုံစံအတိုင်း ပြန် ဆောက်မလား၊ အရင်နေရာမှာ ပြတိုက်သဘောလုပ်ပြီးတော့ နေ ရာအသစ်မှာ ဆောက်မလားဆို တဲ့ အကြံပြုချက်တွေရှိပါတယ်။ အန်ကယ့် သဘောထားကကော ဘယ်လိုရှိပါသလဲ။

ဒီအဆောက်အအုံဆောက် ဖို့ တစ်စုံတစ်ခုလုပ်တယ်ဆိုရင် သမိုင်းခေတ်အလိုက်တာဝန်ရှိတဲ့ တွေရှိတယ်။ ငါတို့ဖြစ်နေလို့ပြော တာမဟုတ်ဘူး။ ငါတို့ကိုမထည့် ချင်လည်းရတယ်။ ဒါပေမဲ့ စော စောက ပြောသလိုတော့လုပ်ပေး ရမယ်။ စာရင်းတွေထုတ်ပေး။ ဘယ်လောက်သေပြီး ဘယ် လောက်ပြင်းထန်ဒဏ်ရာရတယ်။ ဘယ်လောက်က နည်းနည်းပါးပါး ဒဏ်ရာရတယ်။ အဲဒါတွေနဲ့ပတ် သက်ပြီး အစိုးရက ဘာလုပ်ပေး မလဲ၊ ပညာရေးဝန်ကြီးဌာနက ဘာလုပ်ပေးမလဲ၊ ဘာတာဝန်ယူ ပေးမလဲ စသဖြင့်ပေါ့။ အဲဒီလို တော့ လုပ်ပေးဖို့လိုတယ်။ ပြီး တော့မှ အဆောက်အအုံကတော့ ဆောက်ချင်တဲ့နေရာမှာဆောက်။ ဒါလည်း သဘောထားအမျိုးမျိုး ပေါ့။ ဒီနေရာမှာပဲ မူလဒီဇိုင်းအ တိုင်းဆောက်။ ဒီသမိုင်းလေးကို မပျောက်ပျက်အောင်လို့။ တ ကယ်လို့ ဒါထက်မော်ဒန်ဖြစ်တာ ကို ဆောက်ချင်တယ်ဆိုလည်း အဲဒါကို နောက်တစ်နေရာမှာ ဆောက်။ ဒီနေရာမှာတော့ နဂို သမဂ္ဂဒီဇိုင်းအတိုင်း  သမိုင်းအ ထောက်အထားအဖြစ်နဲ့ ပြန် ဆောက်ပေး။ အခု သမဂ္ဂရုံးခန်း ကိုတော့ တခြားတစ်နေရာမှာဖွင့်ပေါ့။

လက်ရှိအနေအထားမှာ တက္က သိုလ်တချို့မှာ ကျောင်းသား သမဂ္ဂရုံးခန်းတွေ ဖွင့်လှစ်ခွင့်ပြု ထားတယ်။ သမဂ္ဂတွေရဲ့လှုပ်ရှား မှုတွေ လုပ်နေကြတာလည်းရှိပါ တယ်။ ဒီအနေအထားအပေါ်မှာ ကျေနပ်မှုရှိသလား။ 

ကျောင်းသားသမဂ္ဂတွေက တော့ ရှိဖို့လိုတာအမှန်ပဲ။ကျောင်း သားခေါင်းဆောင်လုပ်မယ့်လူရှိမှ လည်း ကျောင်းသားသမဂ္ဂဆိုတာ ဖွဲ့လို့ရတာ။ ကျောင်းသားသမဂ္ဂရှိ မှ ကျောင်းသားတွေရဲ့နစ်နာချက် တွေ၊ အခက်အခဲတွေ၊ အစိုးရနဲ့ ပြောရဆိုရမယ့်ကိစ္စတွေကိုသမဂ္ဂ ကတစ်ဆင့် ပြောနိုင်မှာကိုး။ ဟို တုန်းကတော့ ဦးနုတို့နဲ့ ပြောရ တယ်၊ ဆိုရတယ်ဆိုတာ ဒီခေတ် လိုမဟုတ်ဘူး။ ဦးနုက သူကိုယ် တိုင်လည်း သမဂ္ဂခေါင်းဆောင် ဖြစ်တော့ ကိုယ့်မိဘတွေနဲ့ပြောရ သလိုပဲ။ တို့ကို သိပ်ပြီးတော့ ရမ်း ရမ်းကားကား ပြောတာမျိုးမရှိ ဘူး။ အခုကျောင်းသားသမဂ္ဂလုပ် မယ့်သူတွေကို ပြောချင်တာက တော့ တစ်ခုပဲ။ အစိုးရနဲ့ လက် ၀ါးချင်းရိုက်ပြီးလုပ်မယ့် ကျောင်း သားသမဂ္ဂကတော့ ငါက မ ထောက်ခံဘူး။ ငါ့ဆီလည်း လာ လာမေးနေကြတာပဲ။ ကျောင်း သားသမဂ္ဂလုပ်မယ့်ကျောင်းသား တွေ။ တစ်ခုရှိတာက ငါတို့မှာက နိုင်ငံရေးယုံကြည်မှုရှိတယ်။ တစ် ကိုယ်ရေအစွဲလေးနဲ့ ဦးရှင်ကြီး ကိုးကွယ်သလို ကိုးကွယ်ပြီးတော့ ဘယ်သူမှ မကြောက်ဘူးဆိုတာ မျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျောင်းသားခေါင်းဆောင်ဆိုတာ လုပ်ချင်တဲ့အခါ ထလုပ်လိုက်၊ မလုပ်ချင်တဲ့အခါ ခွေနေလိုက် လုပ်နေလို့တော့ မရဘူး။ ကျောင်း သားခေါင်းဆောင် တကယ်လုပ် မယ်ဆိုရင် ကိုယ့်ဟာကိုယ်လည်း ပြည့်ပြည့်စုံစုံစဉ်းစား။ ကျောင်း သားခေါင်းဆောင် ဖြစ်နိုင်ရဲ့လား လို့။ တို့ခေတ်တုန်းကတော့ ငါး တန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်း ရောက်လာပြီဆိုရင် သမဂ္ဂကခန့်တဲ့ အတန်းကိုယ်စား လှယ်တွေရှိတယ်။ အခုခေတ်ကျ တော့ အဲဒီလိုမရှိဘူး။ ကိုယ့်ဟာ ကိုယ်သတ္တိရှိတဲ့သူ၊ လုပ်ရဲတဲ့သူ၊ ကျောင်းသားသမဂ္ဂ စိတ်ဝင်စားတဲ့သူက ထလုပ်ကြတာပဲ။ မြင်ရ၊ တွေ့ရတာကတော့ သိပ်ပြီးတော့ လေးလေးနက်နက်နဲ့ ဒီကိစ္စကိုအရေးကြီးတဲ့ကိစ္စ တစ်ခုအဖြစ် စဉ်း စားပြီးတော့ ပြောကြ၊ ဆိုကြ၊ လုပ်ကြ၊ ကိုင်ကြတဲ့သဘောတော့ မခံစားရဘူး။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

More in Politics Section