သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် ကိုရီးယားအကူအညီဖြင့် လက်တွေ့စမ်းသပ်ခန်း ဖွင့်လှစ်

ဇူလိုင် ၅ ရက်က လက်တွေ့စမ်းသပ်ခန်းဖွင့်လှစ်နေစဉ် (ဓာတ်ပုံ − နစ်ကီ)

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ကျောင်း သား၊ ကျောင်းသူများ နည်းပညာ ဆိုင်ရာ တီထွင်မှုများ၊ နည်းပညာ အသုံးချ ကုန်ပစ္စည်းများ စမ်းသပ် ထုတ်လုပ်နိုင်မည့် လက်တွေ့စမ်း သပ်ခန်း K-LAB (Korean Fabrication Lab) နှင့် ကုန်ပစ္စည်းများ စမ်းသပ်ထုတ်လုပ်နိုင်ရန် နည်းပညာ၊ ငွေကြေး၊ ဈေးကွက်ဆိုင်ရာ ပံ့ပိုးပေးမည့် SSC(Start Up Support Center) ကို ဇူလိုင် ၅ ရက်က အဆိုပါကျောင်း၌ ဖွင့် လှစ်ခဲ့သည်။

ကိုရီယားနိုင်ငံ သိပ္ပံနှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာနနှင့် ကိုရီးယား နည်းပညာဆိုင်ရာအဖွဲ့အစည်း များဖြစ်သည့် NIPA, TIDE Institute, KEA တို့၏နည်းပညာ၊ စက်ပစ္စည်းနှင့် ငွေကြေးပံ့ပိုးမှုများ ဖြင့် အဆိုပါ လက်တွေ့စမ်းသပ် ခန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။


K-Lab အတွင်း 3D Printer,Laser Cutter, CNC Router, Table CNC, Vinyl Cutter, Arduino Kit စသည့်နည်းပညာ ပစ္စည်းများ ထည့်သွင်းထားပေး ပြီး ကျောင်းသားများအနေဖြင့် ကျောင်းက သင်ကြားသည့် သီအိုရီများနှင့် အဆိုပါ ပစ္စည်းများကို အသုံးချကာနည်းပညာ တီထွင်မှုများပြုလုပ်နိုင်မည်ဖြစ်သည်။

‘‘K-Lab ဖွင့်ထားတဲ့အ တွက် ကလေးတွေကဘာလေးပဲ လုပ်ချင်၊ လုပ်ချင် ကျောင်းမှာ လုပ်လို့ရတယ်။ 3D Printer တို့၊ Laser Cutter တို့လို ပစ္စည်း တွေ သုံးပုံသုံးနည်းတွေကိုလည်း အခါအားလျော်စွာ သင်တန်းတွေ ဖွင့်ပေးတယ်။ ဒါတွေသုံးပြီး သူတို့ တီထွင်ထားတဲ့ နည်းပညာပစ္စည်း တွေကို ဒီထဲမှာ နမူနာတစ်ခါ တည်းထုတ်လို့ရတယ်’’ဟု အဆိုပါ ကျောင်း၏ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ဆိုသည်။

ထို့ပြင် တီထွင်ထားသော ပစ္စည်းများကို ဈေးကွက်တွင် တင်သွင်းရောင်းချနိုင်သည့် အ ဆင့်ထိ ရောက်အောင် SSC က ပံ့ပိုးမည်ဖြစ်သည်။

‘‘SSC က K-Lab ရဲ့ အ စိတ်အပိုင်းတစ်ခုအနေနဲ့ ဖွင့်တာ ပေါ့။ ကိုယ့် Idea နဲ့ ပစ္စည်းနမူနာ တစ်ခု တည်ဆောက်ထားတယ်။ အဲဒါကို တကယ့်ဈေးကွက်မှာ ပစ္စည်းတစ်ခုအဖြစ် ရောင်းဖို့ ကုမ္ပဏီထောင်ရမယ်။ ဒါပေမဲ့ လူငယ်ကျောင်းသားတွေက ငွေ ကြေးအခက်အခဲအပြင် နည်း ပညာပံ့ပိုးမှုလည်း လိုအပ်တယ်။ Idea ကလည်းဟုတ်တယ်။ နမူ နာလည်း ထုတ်ပြီးပြီ။ ဒါပေမဲ့ ဈေးကွက်ထဲမှာ ချရောင်းဖို့ထပ် ပြီးလုပ်ဖို့ လိုတယ်။ ဥပမာ Financial (ငွေကြေး)ပိုင်း သေချာ တွက်ချက်ရတာတို့၊ ဈေးကွက်လေ့လာတာတို့ အများကြီး လုပ်ရဦးမှာ၊ အဲဒီအတွက် သူတို့ကို ဒီကနေ ပံ့ပိုးပေးမှာပေါ့’’ဟု ဒေါက်တာစောစန္ဒာအေးက ရှင်းပြသည်။

လက်ရှိတွင် ကားအတွင်း ပိုင်း အချက်အလက်အားလုံးကို ကားမောင်းသူက ကြည့်နိုင်ရန် ကားများတွင် တပ်ဆင်အသုံးပြု နိုင်မည့် နည်းပညာပစ္စည်းတစ်ခု ကို သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မဟာတန်း ကျောင်းသားတစ်ဦးက K-Lab အတွင်း စတင်တီထွင်နေသည်။

‘‘ကျောင်းသားတွေက အ ပြင်မှာ Product တွေ လုပ်ကြ ပေမယ့် Packaging လှလှပပ ထွက်မလာဘူး။ ဒီ K-Lab မှာက3D Printer တွေ၊ Laser Cutterတွေသုံးပြီး လုပ်နိုင်တော့ ကျွန်တော်တို့နမူနာ ထုတ်လိုက်တဲ့ ဒီဇိုင်းတွေက ပိုကောင်းလာတယ်’’ ဟု အဆိုပါ မဟာတန်းကျောင်းသား ကိုရဲ မင်းထွေးက ပြောသည်။

K-Lab နှင့် SSC အတွက် နည်းပညာ၊ စက်ပစ္စည်းနှင့် ငွေကြေးပံ့ပိုးမှုများကို ကိုရီးယားအဖွဲ့အစည်းများက သုံးနှစ်ကြာ ထောက်ပံ့မည်ဟု သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်နှင့် သဘောတူညီမှုရထားသည်။