ဂိမ်းကစားဖို့ အကောင်းဆုံး စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ

မိုဘိုင်းဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကဏ္ဍ တစ်ဟုန်ထိုးမြင့်တက်လာတဲ့ခေတ်မှာ အရွယ်အစားကြီးမားတဲ့ ကွန်ပျူတာတွေကို အစားထိုးရွေးချယ် စရာ အိတ်ဆောင်ကိရိယာတွေအသွင် ပိုပြီးပီပြင်လာပါတယ်။ ဖျော်ဖြေရေးအတွက်လည်း ဘက်ပေါင်းစုံသုံးစွဲမှုတွေ ရှိလာတာကြောင့် အသေးစား ဂိမ်းကိရိယာတွေလည်း ဖြစ်လာပါတယ်။ အခုဆိုရင် ကမ္ဘာကျော် အထင်ကရ ဂိမ်းတွေတောင် မိုဘိုင်းပလက်ဖောင်းအတွက်ပါ ထည့်သွင်း စဉ်းစားပြီး ထုတ်လုပ်လာတာ တွေ့ရပါတယ်။

အထင်ကရ ဂိမ်းနည်းပညာပြပွဲတစ်ခုဖြစ်တဲ့ E3 မှာဆိုရင်လည်း Developer တွေက အဆင့်မြင့်ဂိမ်းတွေကို အရည်အသွေးမြင့် 3D Graphicတွေနဲ့အတူ မိုဘိုင်းဖုန်းတွေမှာ ထည့်သွင်းပေးလာတာ အထင်အရှားပါပဲ။ Fortnite နဲ့ PUBG တို့လည်း မိုဘိုင်းပေါ်ရောက်လာပါပြီ။ ကွန်ပျူတာတွေလိုပဲ ဂိမ်းတွေကို Graphic စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ကစားချင်ရင် စွမ်းဆောင်ရည်မြင့်မားတဲ့ စမတ်ဖုန်းတွေလိုအပ်တာ ဓမ္မတာပါပဲ။ဒီဆောင်းပါးမှာတော့ ဂိမ်းကစားဖို့ အကောင်းဆုံး စမတ်ဖုန်းငါးမျိုးကို ကောက်နုတ်ဖော်ပြထားပါတယ်။


iPhone X

ကမ္ဘာပေါ်မှာ ထွက်ရှိဖူးသမျှ တန်ဖိုးအမြင့်ဆုံး စမတ်ဖုန်းဖြစ်သလို Apple ရဲ့ နည်းပညာပိုင်း အားအကောင်းဆုံးလက်ရာလို့လည်း ညွှန်းဆိုနိုင်ပါတယ်။  ၅ ဒသမ ၈ လက်မအရွယ် Screen ဟာ Home Buttonဖျောက်ထားတဲ့ တည်ဆောက်ပုံကြောင့် ပိုမိုကျယ်ဝန်းသလို ခံစားရစေတယ်။ Resolution ကလည်း 1125x2436 megapixel အရည်အသွေးထိ ထောက်ပံ့နိုင်ပါသေးတယ်။ Screen ရဲ့ OLED တည်ဆောက်မှုက အကောင်းဆုံးဂိမ်းကစားမှု အတွေ့အကြုံကို ကူညီဖြည့်တင်းပေးဦးမှာပါ။ ဖုန်းရဲ့ ဖွဲ့စည်းပုံကိုက လက်ကိုင်ဂိမ်းကိရိယာတစ်ခုလို အသွင်မျိုးပေါ် လွင်စေပါတယ်။ ဒါပေမဲ့ ဈေးအရမ်းကြီးတဲ့ တစ်ချက်ကတော့ အနုတ် လက္ခဏာဘက်က ထည့်စဉ်းစားရမယ့် ကိစ္စပါပဲ။


Samsung Galaxy S9 Plus

Samsung ရဲ့ နာမည်ကျော် Galaxy S စီးရီးတွေရဲ့ နောက်ဆုံးမျိုး ဆက်ဖြစ်တဲ့ S9 နဲ့ S9 Plus ကို အခုနှစ် မတ်လမှာ မိတ်ဆက်ခဲ့ပါတယ်။ S9 Plus က Screen အရွယ်အစား ၆ ဒသမ ၃ လက်မထိရှိပြီး ဂိမ်းကစား ရတာ ပိုပြီးအားရပါးရ ရှိစေပါတယ်။ Graphic ပိုင်းက Adreno 630 ကို သုံးထားတဲ့အတွက် တောင်းဆိုမှုအကြီးဆုံး မိုဘိုင်းဂိမ်းတွေကိုတောင် သက်သောင့်သက်သာ ကိုင်တွယ်နိုင်ပါတယ်။ 6GB RAM ပမာဏနဲ့ Snapdragon 845 Processor တွေက ဈေးကွက်ထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး အတွဲအဖက်လို့တောင်ဆိုနိုင်ပါတယ်။ AMOLED Display ကို HDR 10 အထောက်အပံ့ပါ ဖြည့်တင်းပေးထားတာကြောင့် မှင်တက်လောက်စရာ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့ကြုံခံစားခွင့် ရနိုင်ပါသေး တယ်။ ဂိမ်းဆက်တိုက်ကစားရင် ဘက်ထရီအကုန်မြန်တဲ့တစ်ချက်က တော့ သိပ်အားရစရာမရှိပါဘူး။


Sony Xperia XZ2

ဂန္ထဝင် Play Station ဂိမ်းစက်တွေကို ဖန်တီးတဲ့ Sony ရဲ့ လက်ရာ တစ်ခုပါ။ Android 8 OS နဲ့ မောင်းနှင်တဲ့ စမတ်ဖုန်းထဲမှာ Sony က သူတို့ စုဆောင်းသိုမှီးထားတဲ့ ဂိမ်းအထောက်အပံ့စိတ်ကူးကောင်းတွေ အကုန်လုံးကို ပုံအောပြီး ပေါင်းစပ်ထည့်သွင်းပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ 1080x2160 megapixel Resolution က ဘယ်လိုဂိမ်းမျိုးကို မဆို ကြည်လင်ပြတ်သားဆုံး ပုံဖော်ပေးဖို့ လုံလုံလောက်လောက် တာဝန် ယူနိုင်ပါတယ်။ HDR Display က အရောင်တွေကို စုံလင်တောက်ပမှု  အားအကောင်းဆုံး ပြသပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ဂိမ်းရဲ့ သဘောသဘာဝကိုလိုက်ပြီး မြန်နှုန်းမြင့် တုံ့ပြန်တုန်ခါနိုင်စွမ်းလည်း ရှိပါတယ်။MicroSD အထောက်အပံ့နဲ့အတူ 400GB ထိ ရှိနေတဲ့ အချက်အလက် တွေကို ပြင်ပမှာ စုဆောင်းသိမ်းဆည်းထားနိုင်တာကလည်း အားသာ ချက် တစ်ခုပါပဲ။


Razer Phone

ကွန်ပျူတာဂိမ်း ဝါသနာအိုးတွေကတော့ Razer အမှတ်တံဆိပ်ကို ကျွမ်းဝင်ပြီးသားပါ။ မိုဘိုင်းဂိမ်းတွေကို 120 Hz Refresh ကြိမ်နှုန်း မျိုးနဲ့ ကစားဖို့ဆိုရင်တော့ Razer Phone ကို ရွေးချယ်တာ အကောင်း ဆုံးပါပဲ။ Android 8 OS ကို အသုံးပြုထားပြီး Snapdragon 835 Processor၊ 8GB RAM တွေနဲ့ ပေါင်းစပ်ပေးထားတာကြောင့် Hardware အထောက်အပံ့က အံ့မခန်းပါပဲ။ ၅ ဒသမ ၇ လက်မအရွယ် Display ကလည်း Resolution ပမာဏ 1440x2560 megapixel ထိ ထောက်ပံ့နိုင်ပါသေးတယ်။ 4000mAh ဘက်ထရီကလည်း သက်တမ်း အကြာကြီး အသုံးခံပါတယ်။ ဒီဖုန်းဟာ အရွယ်အစားရော ထုထည်ပါ ကြီးမားတာကြောင့် တခြားရည်ရွယ်ချက်တွေနဲ့ ဖုန်းအသုံးပြုရင်တော့ သိပ်အဆင်မပြေလှပါဘူး။ Razer ကလည်း အခုဖုန်းကို လက်ကိုင်ဂိမ်း ကိရိယာတစ်ခုအနေနဲ့သာ အဓိကရည်ရွယ်ပုံဖော်ထားတာ ဖြစ်ပါတယ်။


Asus Zenfone 4 Pro

၅ ဒသမ ၅ လက်မအရွယ် AMOLED Display ကို အသုံးပြုထားပြီး Android 8 OS နဲ့ မောင်းနှင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Snapdragon 835 Processor ကို RAM ပမာဏ 6GB နဲ့ ပေါင်းစပ်ထားပါတယ်။ Asus ရဲ့ ထုံးစံအတိုင်း ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်း၊ စိတ်ကူးကောင်းတဲ့ Feature တွေ ပေါင်းစပ်ပေးထားတဲ့ ဖုန်းတစ်လုံးပါ။ ပြီးတော့ ဂိမ်းကစားဖို့ ထုတ်လုပ်ထားတဲ့ တခြားစမတ်ဖုန်းတော်တော်များများထက် ဈေးနှုန်းပိုသက်သာပါ တယ်။ Screen ရဲ့ ပုံရိပ်ဖော်မှုနဲ့ အရောင်အရည်အသွေးဖော်ပြနိုင်စွမ်း တွေကလည်း ထိပ်တန်းအဆင့်မှာ ရှိနေပြန်ပါတယ်။ ဒါပေမဲ့ Asus ရဲ့ မော်ဒယ်သစ်ထုတ်လုပ်မှု အချိန်ကာလသတ်မှတ်ချက်တွေအရ သိပ် မကြာခင်မှာတော့ ပိုပြီးကောင်းမွန်တဲ့ Asus Zenfone 5Z နဲ့ အစားထိုး ခံရမယ့် အလားအလာရှိနေပါတယ်။              —Ref: Tech Radar