ခရီးသွားဒီရေအကျနှင့် နောက်ဆက်တွဲ ဂယက်များ

ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ ကျောက်မျက်ရတနာဆိုင်များသို့ လာရောက်သော နိုင်ငံခြားခရီးသွားအချို့ကို မြင်ရစဉ် ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ခရီးသွားလုပ်ငန်းအပေါ် မျှော်လင့်ချက်ကြီးစွာဖြင့် ဝယ်ယူထားသည့် ကားခြောက်စီးအနက် သုံးစီးကို ပြန်လည်ရောင်းချမည်ဟု ကိုနိုင်လင်းက ပြောသည်။ လာမည့် ခရီးသွားရာသီအတွက် ကြိုတင်အော်ဒါချိတ်သူ တစ်ဦးမျှ မရှိခြင်းက ကားများ ပြန်လည်ရောင်းချရန် တွန်းအားဖြစ်နေကြောင်း ဆိုသည်။


ကိုနိုင်လင်းသည် ညောင်ဦး တွင် အခြေချ၍ တိုးရစ်ကား အငှားလိုက်သည့် ဝန်ဆောင်မှု လုပ်ကိုင်လာသည်မှာ ၁၀ စုနှစ် တစ်ခုရှိပြီဖြစ်သည်။ ကားတစ်စီး ကို အရင်းပြု၍ ခြောက်စီးအထိ ပိုင်ဆိုင်လာချိန်၌ ခရီးသွားစီးပွားရေး
ကျဆင်းသည့် အခြေအနေနှင့် ကြုံတွေ့ရတော့သည်။

၂၀၁၇-၁၈ ခရီးသွားနှစ် တွင် ဥရောပခရီးသွားဝင်ရောက်မှု စတင်ကျဆင်းခဲ့သည်။ ထို့အပြင် လာမည့် ခရီးသွားနှစ်မှာ ပို၍ကျ ဆင်းဖွယ်ရှိကြောင်း ကိုနိုင်လင်း က သုံးသပ်သည်။

‘‘မနှစ်က ဒီအချိန်ဆို ဒီဇင် ဘာလောက်အထိ အော်ဒါချိတ် ပြီးပြီ။ ဒီနှစ်တော့ အောက်တိုဘာ အတွက်တောင် အော်ဒါမရှိသေး ဘူး’’ဟု ၎င်းကညည်းသည်။

အရပ်သားအစိုးရသစ် တက်လာသည့်အခါ ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာ မည်ဟူသော အတွေးဖြင့် လွန်ခဲ့ သော သုံးနှစ်ကစတင်ကာ လူ ၂၅ ယောက်စီး ကားသုံးစီးကို တစ်နှစ်လျှင် တစ်စီးနှုန်းဖြင့် ၎င်း က တိုးချဲ့ဝယ်ယူခဲ့
သည်။

၂၀၁၅ အထိ ကိုနိုင်လင်း ပိုင်ဆိုင်သည့် ကားသုံးစီးသည် ခရီးသွားရာသီတွင် အနားယူရ သည်မရှိ။ မြန်မာနိုင်ငံ၏ ခရီးသွား ရာသီဖြစ်သော အောက်တိုဘာမှ မေလအထိ နေ့စဉ် မအားမလပ် အောင် ပြည်ပခရီးသွားများကို
ပုဂံဒေသတစ်ခွင် လိုက်လံပို့ ဆောင်ပေးခဲ့ရသည်။

‘‘အခု ကားတစ်စီးတောင် ပုံမှန်ထွက်ရဖို့မလွယ်တော့ဘူး’’ ဟု ၎င်းကပြောသည်။ 

ကိုနိုင်လင်း၏ ယာဉ်မောင်း များနှင့် ယာဉ်အကူများသည် ခရီး သွားကဏ္ဍကို မှီခိုနေရ၍  အလုပ် အကိုင်ကောင်းမွန်ခြင်း မရှိသည့် အခါ အခြားအလုပ်အကိုင်များကို ပြောင်းသွားကြသည်။

ခရီးသွားလုပ်ငန်း ကျဆင်း နေသည်ကို ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနကလည်း လက်ခံသည်။ ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်းအရ အမေရိကန်မှ ခရီးသွားဝင်ရောက် မှုသည် ၂၀၁၈ ဇန်နဝါရီတွင် ရှစ်ထောင်ခန့် ရှိသော်လည်း ဧပြီတွင် ငါးထောင်ကျော်သာရှိတော့သည်။ အလားတူ ဥရောပနိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ဆွစ်ဇာလန်၊ နယ်သာလန်၊ သြစတြေးလျ၊စပိန်နှင့် အခြားနိုင်ငံများမှ ခရီးသည် ဝင်ရောက်မှုလည်း သိသိသာသာ ကျဆင်းခဲ့သည်။

မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းရှင်များအသင်း တွဲဖက် အတွင်းရေးမှူး Radiant ခရီး သွားဝန်ဆောင်မှု ကုမ္ပဏီပိုင်ရှင် ဦးနောင်းနောင်းဟန်က နှစ်စဉ် ခရီးသွားရာသီအတွက် ဇွန်လတွင် ကြိုတင်ချိတ်ဆက်သည့် ခရီးစဉ်များ ရှိသော်လည်း ယခုနှစ်၌ ကုမ္ပဏီတိုင်း ကြိုတင်ခရီးစဉ်ကမ်း လှမ်းခံရခြင်း မရှိသေးကြောင်း ပြောသည်။

ဥရောပခရီးသွားဝင်ရောက် မှု ကျဆင်းခြင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကို ခရီးသွားလုပ်ငန်း ရှင်များနှင့် ဟိုတယ်များသာ ခံရ ခြင်းမဟုတ်ဘဲ ခရီးသွားလုပ်ငန်း နှင့် ဆက်နွှယ်မှုရှိသော စီးပွားရေး လုပ်ငန်းအားလုံးအပေါ် ရိုက်ခတ် နေသည်။

ခရီးသွားလုပ်ငန်းနှင့် ဆက် နွှယ်နေသည့် အမှတ်တရလက်မှု ပစ္စည်းဆိုင်များ၏ ရောင်းအား လည်း လိုက်လံကျဆင်းခဲ့သည်။ ပုဂံဒေသ၏ ယွန်းထည်ရောင်းချမှု ဈေးကွက်သည် ၂၀၁၇-၁၈ ခရီး သွားရာသီတွင် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရ ကြောင်း ရွှေဥသြ ယွန်းထည်ဆိုင် ပိုင်ရှင် ဦးတင်ထွန်းက ပြောသည်။

ရွှေဥသြ ယွန်းထည်ဆိုင် သည် နှစ် ၄၀ ကျော်အကြာ ရပ် တည်လာခဲ့သည့် အိမ်တွင်း စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော်လည်း ခရီးသွားဈေးကွက် ကျဆင်းလာ သည့်အခါ ဆက်လက်ရပ်တည် ရန် ခက်ခဲနေသည်ဟု ၎င်းက ပြောသည်။

ယွန်းထည်လုပ်ငန်းကို လုပ် သားအင်အား ၃၀ ခန့်နှင့် လည် ပတ်သော်လည်း ၂၀၁၇-၁၈ ခရီးသွားရာသီတွင် လုပ်သားအင် အား ထက်ဝက်ခန့်ကို လျှော့ချခဲ့ ရသည်။ အဆိုပါ လက်မှုပညာ ရှင်များသည် ပြည်တွင်း ခရီးသွား
ဈေးကွက်ကို မှီခို၍ ခန္ဓာကိုယ် ပေါ်တွင် ပန်းချီရေးဆွဲသည့် လုပ် ငန်းကို အဓိကစီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်လာသည်။

အလားတူ အမှတ်တရ အင်္ကျီအရောင်းဆိုင်များ၏ ရောင်းအားလည်း ကျဆင်းလာ ကြောင်း အထည်ချုပ်လုပ်ငန်းရှင် ဦးဇော်ဖြိုးက ဆိုသည်။

သူသည် အင်းစိန်မြို့နယ် တွင် အခြေချနေထိုင်၍ ပုဂံဒေသ နှင့် ရွှေစက်တော်သို့ ချည်သား အဝတ်အထည်များ ချုပ်လုပ်တင် ပို့ခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုကျော် ပြီဖြစ်သည်။ လွန်ခဲ့သော သုံးနှစ် ကျော်က ပုဂံဒေသ၏ ချည်သား အဝတ်အထည် အော်ဒါကို အထည်ချုပ်လုပ်သား ၂၀ ဖြင့် မနားမနေ ထုတ်လုပ်ပေးခဲ့သော် လည်း လိုအပ်ချက်ကို ပြည့်မီ အောင် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ ကြောင်း၊ ယခင်က အဝတ်အထည် တင်ပို့မှုသည် လိုအပ်ချက်ကို ပြည့်မီခြင်းမရှိသော်လည်း တစ် လလျှင် အထည်တစ်သောင်းခန့် တင်ပို့နိုင်ရာမှ လက်ရှိတွင် တစ် လလျှင် အထည်သုံးထောင်ခန့်ကို ပင် အနိုင်နိုင် ပို့နေရကြောင်း ဦးဇော်ဖြိုးက ပြောသည်။

ရခိုင်ပြည်နယ် အရေးကိစ္စ ဖြစ်ပွားပြီးနောက်ပိုင်း ပြည်ပ ခရီးသွား ဝင်ရောက်မှုအခြေအနေ သည် ကျသထက်ကျလာသည့် အခါ လုပ်သက်နု ဧည့်လမ်းညွှန် များ၏ အခြေအနေမှာ ယိမ်းယိုင် ခဲ့သည်။ လုပ်သက်ရင့်သည့် ဧည့် လမ်းညွှန်များကိုယ်တိုင် ခရီးသွား ရရှိမှု ၁၀ ရာခိုင်နှုန်း ကျဆင်း ကြောင်း မြန်မာနိုင်ငံ ဧည့်လမ်း ညွှန်များအသင်း (ပုဂံဇုန်) နာယ က ဦးဇော်ဝင်းချိုက ပြောသည်။

‘‘ဧရာဝတီမြစ်ထဲက သင်္ဘော ၁၂ စီးရှိတဲ့ ကုမ္ပဏီတွေတောင် ခြောက်စီးလောက်က ရပ်ထားတဲ့ အတွက် သင်္ဘောသားတွေလည်း အလုပ်မရှိတော့ဘူး’’ဟု ၎င်းက ပြောသည်။

၂၀၁၈-၁၉ ခရီးသွားရာသီ သည် ပြည်ပခရီးသည် ဝင်ရောက် မှု ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်း ထပ်မံကျဆင်းနိုင်သဖြင့် ဆိုက် ရောက်ဗီဇာကိစ္စနှင့် ဗီဇာကြေးများ ကို ပြုပြင်ပြောင်းလဲသင့်ကြောင်း ဦးဇော်ဝင်းချိုက အကြံပြုသည်။

ယခုကဲ့သို့ ခရီးသွားလုပ်ငန်း နှင့် ဆက်နွှယ်နေသည့် လုပ်ငန်း များ အဘက်ဘက်မှ ကျဆင်းနေ သော်လည်း ၂၀၁၇ ပထမသုံးလ ပတ်နှင့် ၂၀၁၈ ပထမသုံးလပတ် နှိုင်းယှဉ်ချက်တွင် ပြည်တွင်းသို့ ခရီးသွားဝင်ရောက်မှု ၁၉ ရာခိုင်
နှုန်း တိုးတက်နေဆဲဖြစ်သည်။

ဥရောပခရီးသွားဝင်ရောက် မှု ကျဆင်းခြင်းမှာ မှန်ကန်သော် လည်း ၂၀၁၇ တွင် တရုတ်ခရီး သွား ၁၆ ရာခိုင်နှုန်း၊ ဂျပန်ခရီး သွား ၁ ရာခိုင်နှုန်းနှင့် ကိုရီးယား ခရီးသွား ၂ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား
လာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ပြော သည်။

ဥရောပခရီးသွားများ၏ ဝင် ရောက်မှုကိန်းဂဏန်း လျော့နည်း သည့်အခါ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ခရီး သည်ဝင်ရောက်မှုကို မြှင့်တင်ရန် ဗီဇာစနစ် ဖြေလျှော့မှုဆောင်ရွက် ရန် စီစဉ်ထားသည်ဟု ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ကွန်ဖရင့်၌ ပြောကြားထားသည်။
ခရီးသွားလုပ်ငန်း၌ စီးပွား ရေးကျဆင်းသဖြင့် ဝန်ဆောင်မှု ကုမ္ပဏီများ၏ စီးပွားရေးပုံစံကို ခေတ်နှင့်လျော်ညီအောင် ပြုပြင် ပြောင်းလဲသင့်သည်ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က
ပြောသည်။ အွန်လိုင်း ခရီး သွားဝန်ဆောင်မှုသည် ပုံမှန်ခရီး သွားဝန်ဆောင်မှု ကုမ္ပဏီများ၏ စီးပွားရေးကို ထိုးနှက်နေသဖြင့် စီးပွားရေးလုပ် ငန်းရှင်များ အထူး သတိထားသင့်ကြောင်း ၎င်းက ပြောသည်။ ကမ္ဘာပေါ်ရှိ ခရီးသွား
ဝန်ဆောင်မှု လုပ်ငန်းအားလုံး၏ ၆၈ ရာခိုင်နှုန်းသည် အွန်လိုင်း ပေါ်သို့ ပြောင်းရွှေ့နေရာယူလာ သည်ကို သတိပြုရန်နှင့် ပြည်တွင်း ဝန်ဆောင်မှု ကုမ္ပဏီများ ခေတ်နှင့် လျော်ညီစွာ ဈေးကွက်ဖော်ဆောင် ရန် ဦးတင့်သွင်က
အကြံပြုသည်။

 ‘မီးခိုးတိတ် စီးပွားရေး’ဟု အမည်ပေးထားသည့် ခရီးသွား ကဏ္ဍကျဆင်းသည့် အခြေအနေ ကို ပြန်လည်ကုစားနိုင်ရေး ဗီဇာစနစ် ဖြေလျှော့ခြင်းများ ပြု လုပ်ရန် ပြင်ဆင်နေသလို မြန်မာ နိုင်ငံ၏ လက်ရှိ ခရီးသွားလုပ်ငန်း
အခြေအနေကို နိုင်ငံတကာက သိရှိစေရန်နှင့် သတင်းမှားများ ထွက်ရှိနေမှုကို ပြန်လည်တုံ့ပြန် မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ယင်းသို့ ကုစားနိုင် ခြင်းမရှိမီ ငွေကြေးအရ ဆက် လက် တောင့်ခံနိုင်မည်၊ မတောင့် ခံနိုင်မည်ကို သေချာမသိရှိသေး ကြောင်း ပုဂံဒေသတွင် ဟိုတယ် ဖွင့်ထားသည့် အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်ပခရီးသွားများအတွက် အငှားကားဝန်ဆောင်မှုလုပ်ငန်း ဖြင့် ရပ်တည်နေသော ကိုနိုင်လင်း ကမူ ဈေးကွက်ကျဆင်းမှုဒဏ်ကို ဆက်လက်တောင့်ခံနိုင်ခြင်းမရှိ တော့ဟု ပြောသည်။ ခရီးသွား ဝင်ရောက်မှု ကျဆင်းချိန်တွင် အငှားကားဝန်ဆောင်မှု လုပ်ကိုင် သူအချင်းချင်း ဈေးကွက်ပြိုင်ဆိုင် ရသည့်အပြင် အီလက်ထရွန်နစ် စက်ဘီးဆိုင်ကယ်များကလည်း အငှားကားဝန်ဆောင်မှု ဈေး ကွက်ကို ရိုက်ခတ်နေကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော် ကားသုံးစီးပြန် ရောင်းတော့မယ်။ ပြီးရင်တော့ ကားအကြီးပြန်ဝယ်ပြီး အဝေး ပြေးလိုင်းထဲပဲ ထည့်တော့မယ်’’ဟုခရီးသွားဆိုင်ရာ ဝန်ဆောင်မှု ဈေးကွက်မှ အခြားတစ်ခုသို့ကူးပြောင်းတော့မည့် ကိုနိုင်လင်းကပြောကြားသည်။။