နိုင်ကျဉ်းများ ဘီပိုးနှင့် စီပိုးအခမဲ့စစ်ဆေးနိုင်မည်

နိုင်ငံရေးအကျဉ်းသားဟောင်းများ အသည်းရောင် အသားဝါဘီပိုးနှင့် စီပိုးအခမဲ့စစ်ဆေးမှုကို ဇူလိုင် ၁၅ ရက်ကစ၍ HCPP စင်တာတွင် ပြုလုပ်နိုင်မည်ဖြစ်သည်။

လာရောက်စစ်ဆေးခံသည့် နိုင်ငံရေး အကျဉ်းသားဟောင်း များအနက် ပထမအသုတ်အဖြစ် အသည်းရောင် အသားဝါစီပိုး တွေ့ရှိသူ ၁၅ ဦးကို အခမဲ့ကုသ ပေးမည်ဖြစ်သဖြင့် အစစ်ဆေးခံ ယူလိုသူများအနေဖြင့် စင်တာ တွင် လာရောက်စာရင်းပေးသွင်း နိုင်ကြောင်း နိုင်ငံရေးအကျဉ်းသား များ ကျန်းမာရေးစောင့်ရှောက်မှု စင်တာ(HCPP)ကဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ဆေးဝါးကုသမှုခံယူရန် အ ခက်အခဲရှိသည့် နိုင်ကျဉ်းဟောင်း များအတွက် ရည်ရွယ်၍နိုင်ကျဉ်း အဖွဲ့များ၊ နိုင်ကျဉ်းဟောင်းများ နှင့် အလှူရှင်များစုပေါင်းကာ အဆိုပါစင်တာကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ဒဂုံ တက္ကသိုလ်အနီး ခါတော်မီ(၁)လမ်းတွင် ဖေဖော်ဝါရီလဆန်းက စတင် ဖွင့်လှစ်ထားသည်။

‘‘အဓိကကတော့ လူနာတွေ ဟာ ဘီပိုး၊ စီပိုးရှိပြီဆိုတာသိပြီ ဆိုရင် ဘယ်နားကုရမလဲဆိုတဲ့ ဘ၀က လွတ်ချင်တာပေါ့။ အပြင် မှာလည်း ကုဖို့ကသိန်းဂဏန်းတွေ ဆိုတော့ လူနာမှာကုဖို့က ဒုက္ခ ရောက်တယ်လေ။ နိုင်ငံရေး အကျဉ်းသားတွေက အသည်းတွေ ထိခိုက်တာများတယ်။ အဓိက ထောင်ထဲမှာနေခဲ့ရတဲ့ အခြေအ နေတွေပေါ့နော်။ မဆီလျော်တဲ့ အစားအသောက်တွေ စားရ တယ်။ ရေမသန့်တာတွေသောက် ခဲ့ရတဲ့အတွက်၊ နောက်ညှဉ်းပန်း နှိပ်စက်တာကို အများဆုံးခံခဲ့ရတဲ့ အတွက် နောက်ဆက်တွဲဒဏ်ရာ တွေပဲပေါ့’’ ဟု HCPP စင်တာမှ ဒေါက်တာခင်သန်းအေးက ပြော သည်။

လက်ရှိတွင် အထက်ပါနိုင် ကျဉ်းဟောင်းများ ကျန်းမာရေး စောင့်ရှောက်မှုစင်တာ၌ ဒေါက် တာခင်သန်းအေးနှင့် စေတနာ့ဝန် ထမ်းများက အပတ်စဉ်စနေနှင့် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ကုသပေး နေသည်။

အဆိုပါကျန်းမာရေးစောင့် ရှောက်မှုဂေဟာ၌ လိုအပ်သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက ထောက်ပံ့ပေးနေသည်။ လက်ရှိ တွင် နိုင်ငံရေးအကျဉ်းသား ဟောင်း ၄၀ ကျော်ကို ကုသပေး နေကြောင်းနှင့် ဆေးကုသမှုများ ကို ရန်ကုန်ဆေးရုံကြီး၊ မြောက် ဥက္ကလာပဆေးရုံ၊ နာရေးကူညီမှု အသင်းတို့နှင့် ချိတ်ဆက်ဆောင် ရွက်နေကြောင်း စင်တာအမှု ဆောင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။

လူနာအသစ်များထပ်တိုး လာ၍ နိုင်ကျဉ်းဟောင်းများဆေး ကုသရေးအဆင်ပြေရန် ဆေးဝါး ဆက်လက်စုဆောင်းနေကြောင်း စင်တာတာဝန်ရှိသူများကပြော သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကျန်းမာရေးစောင့် ရှောက်မှုစင်တာ (HCPP)တွင် ကျန်းမာရေးချို့တဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းအချို့ကို လည်း တည်းခိုနေထိုင်ခွင့်ပြုထား ကြောင်း စင်တာတာဝန်ရှိသူများ ကဆိုသည်။