ရန်ကုန်တိုင်းတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ရှစ်ဦးအထိရှိလာ

 ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် အသက်(၁၅)နှစ်အရွယ်တစ်ဦး အပါအဝင် သေဆုံးသူရှစ်ဦးအထိ ရှိလာသည်။

ယခုနှစ် ဇန်နဝါရီမှ ဇွန်လ နောက်ဆုံးပတ်အထိ ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးဖြစ် ပွားသူ ၁,၀၀၀ ခန့်ရှိပြီး သေဆုံး သူရှစ်ဦးရှိခဲ့သည်။ ယင်းသေဆုံး သူများသည် အသက် (၁)နှစ် အောက် ကလေးငယ်သုံးဦး၊ (၁) နှစ်မှ (၄)နှစ်ကြားအရွယ် ကလေးငယ်တစ်ဦး၊ (၅)နှစ်မှ (၉)နှစ်ကြားအရွယ် ကလေးငယ်သုံးဦးနှင့် အသက်(၁၅)နှစ်အရွယ် တစ်ဦးဖြစ်သည်။


‘‘အသက်အရွယ်မရွေး ဖြစ် ပွားလာတယ်။ (၁၅)နှစ်အရွယ် တစ်ဦး သေတဲ့အထဲမှာ ပါသွား တယ်။ (၁)နှစ်အောက်လည်း ပေါ့ လို့မရဘူး။ (၁)နှစ်အောက်ဆိုရင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တယ် လို့ မထင်ကြဘူးပေါ့။ ဒါပေမဲ့ ဒီ အခြေအနေမှာလည်း တကယ်ပဲ ဖြစ်ပြီး သေလည်းသေတယ်ဆို တာကိုသိရင် ဂရုစိုက်ဖို့ လိုတာ ပေါ့။ ဒီအချိန်က ဖြစ်ပွားမှုများတဲ့ ရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖျားတာနဲ့ သံသယအနေနဲ့ စောင့် ကြည့်ဖို့လိုတာပေါ့’’ဟု ရန်ကုန် တိုင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာအေးမွန်မွန်ကျော် က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း သည် ဖြစ်ပွားမှုအများဆုံးဖြစ်ကာ ဧရာဝတီတိုင်းသည် ဖြစ်ပွားသူ ၈၀၀ ကျော်နှင့် ဒုတိယအများဆုံး ဖြစ်သည်။ တတိယအများဆုံး သည် တနင်္သာရီတိုင်းဖြစ်သည်။ ထိုကဲ့သို့ ရန်ကုန်တိုင်းတွင် ဖြစ်ပွားမှုများပြားရခြင်းသည် လူဦးရေထူထပ်ခြင်းနှင့် ရာသီဥတုအပြောင်းအလဲများကြောင့်ဖြစ်သည်။

‘‘ဆုံးသွားတဲ့ ကလေးတွေကို ကြည့်တယ်ဆိုရင် တချို့ကျတော့ စပ်ဆေးဝယ်တိုက်ပြီး အဲဒီစပ် ဆေးက ဘာပေးလိုက်မှန်းမသိ တော့ ပိုပြီးတော့ သွေးယိုစီးမှုအား ကောင်းစေပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်လာတယ်။ ပြီးတော့ သေသွားတဲ့ကလေးဆို ကြိုးတုပ် ပြီး မက်ကလောင်ဖောက်တာမျိုး တွေရှိတယ်။ ဖျားတယ်ဆိုရင် အဲ ဒီလို ဆေးမြီးတိုနဲ့ကုကြတယ်။ အ သိနောက်ကျပြီးမှ ဆေးရုံရောက် လာတာပေါ့နော်။ ဒါကြောင့် စပ်ဆေးတွေ မတိုက်ဖို့၊ မက်က လောင်တွေ မခြစ်ဖို့လိုပါတယ်’’ ဟု ဒေါက်တာအေးမွန်မွန်ကျော် က အကြံပြုသည်။

 သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် အိမ်တိုင်းတွင် ခြင်ကျား၊ လောက်လမ်း မရှိစေ ရေး ‘ဖုံး၊ သွန်၊ လဲ၊ စစ်’ ဆောင် ရွက်ရန် လိုအပ်သည်။ ယင်းရောဂါကြောင့် သေဆုံးမှုမရှိစေရန် ဖျားရာမှ ရုတ်တရက်အဖျားကျကာ ခြေဖျား၊ လက်ဖျားအေးစက်ခြင်း၊ မှိန်းခြင်း (သို့မဟုတ်) ဂနာမငြိမ်ဖြစ်ခြင်း၊ အစာမစား၊ ရေမသောက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း၊ ဝမ်းမည်းသွားခြင်း၊ ဗိုက်နာခြင်း (အသည်းကြီးခြင်း)၊ မကြာခဏ အန်ခြင်း၊ ဆက်တိုက် အန်ခြင်း၊ အန်ရာတွင် ကော်ဖီစေ့ ရောင်၊ အညိုအမည်းအဖတ်များပါခြင်း စသောသွေးလန့်လက္ခဏာ တစ်ခုခုဖြစ်ပေါ်ပါက ဆေးရုံသို့ အမြန်ဆုံး ပို့ရမည်ဖြစ်ကြောင်းဝန်ကြီးဌာနက နှိုးဆော်သည်။