နံရံတွေနောက်က ကျောင်းဆရာ

ဓာတ်ပုံ−နစ်ကီ

အင်းစိန်  ဗဟိုအကျဉ်း ထောင်တွင်း ခန်းမကျယ်တွင် ဂုဏ်ပြုဆိုင်းသံများက မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။ ခန်းမအတွင်းရှိ ခုံအချို့တွင်တော့ ဂုဏ်ပြုခံအဖြူ၊ အစိမ်းဝတ်ကျောင်းသားအရွယ် လူငယ် ၁၉ ဦးက အကျဉ်းထောင်အရာရှိ တစ်ဦးချင်းစီ ဘေးကရံ လျက်ထိုင်နေသည်။   အချိန်က ဇွန်လ ၁၉ ရက် နေ့လယ်ခင်း၊ ခန်းမအပြင်ဘက်တွင်တော့ မိုးသံတ ဖြောက်ဖြောက် ကြားနေရသည်။

အင်းစိန်ဗဟိုအကျဉ်းထောင် တွင် ပြစ်ဒဏ်ကျခံနေရသည့် လူငယ်၁၉ ဦး ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲကို ထောင်တွင်း၌ပင် ဖြေဆို အောင်မြင်ခဲ့သည်။ အကျဉ်းကျလူငယ်တစ်ဦးက သုံးဘာသာဂုဏ် ထူးပင် ရရှိခဲ့ပြီး နှစ်ဘာသာ၊ တစ် ဘာသာဂုဏ်ထူးရှင်များလည်း ပါ ၀င်၍ ၎င်းတို့ကို အကျဉ်းဦးစီးဌာန က ဂုဏ်ပြုပွဲကျင်းပပေးနေခြင်း ဖြစ်သည်။

မတူညီသည့် ပြစ်မှုမျိုးစုံဖြင့် ထောင်နံရံနောက် ၀င်ရောက်လာ သည့် သူတို့ကို ထောင်နံရံနောက် မှာပင် လမ်းကြောင်းပြောင်းပေး ခဲ့သူတစ်ဦးလည်း ထိုဂုဏ်ပြုပွဲ အ ခမ်းအနားအတွင်း ရှိနေသည်။

သူ့တပည့်များ စင်မြင့်ထက် တွင် ဆုယူနေသည်ကို လှမ်းကြည့် နေသည့် သူ့မျက်နှာထက်တွင် မျက်ရည်ဝဲလျက် ပီတိပြုံး ပြုံနေ လေသည်။

‘‘၂၀၁၂ ကနေစတင်ပြီး တော့ အင်းစိန်ဗဟိုအကျဉ်း ထောင်ကနေ အောင်သွားတာ ကျွန်တော့်တပည့်အားလုံး ၄၈ ယောက်ရှိပါပြီ။ သူတို့တွေ ဘ၀ လမ်းကြောင်းမှန်ပေါ်ရောက်သွား တဲ့အတွက် ၀မ်းသာပါတယ်’’ဟု သူကဆိုသည်။

အသားညိုညို ခန္ဓာကိုယ် သွယ်သွယ် မန္တလေးတိုင်းဒေသ ကြီး ကျောက်ပန်းတောင်းမြို့ သား ဦးဇေယျာလင်းမြင့်သည် လည်း သူ့တပည့်များနည်းတူ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အ ကျဉ်းသားတစ်ဦးပင် ဖြစ်သည်။

လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ရန်ကုန်မြို့တွင် ကျူရှင်ဆရာအ ဖြစ် အသက်မွေးဝမ်းကျောင်းနေ ရင်း မူးယစ်ဆေးမှုဖြင့် ပြစ်ဒဏ် ၂၃ နှစ်ကျခံရန် အင်းစိန်ဗဟိုအ ကျဉ်းထောင်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

အကျဉ်းထောင်သို့ရောက် လာပြီး အမှုရင်ဆိုင်ရချိန် တစ်နှစ် အတွင်း၌ပင် ထောင်တွင်းမှ လူ ငယ်လေးများကို သူဝါသနာပါ သည့် စာသင်ကြားပေးခြင်းဖြင့် ကူညီရန်ဆုံးဖြတ်ခဲ့သည်ဟု ဦးဇေ ယျာလင်းမြင့်က ပြောပြသည်။

ထောင်နံရံများနောက်တွင် သူ့ဘ၀အချိန်များကို အကျိုးရှိရှိ ကုန်ဆုံးစေမည့် ပရဟိတအလုပ် တစ်ခုကို ရွေးချယ်နိုင်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

‘‘ကျွန်တော်က နဂိုအပြင်မှာ ကတည်းက စာသင်တာဝါသနာ ပါတယ်။ ကျူရှင်တွေဘာတွေ သင်ခဲ့ဖူးပါတယ်။ ဒီထဲရောက်တဲ့ အခါမှာ ကျောင်းလေးရှိတယ်ဆို တာ သိတဲ့အတွက် ဒီမှာ ကိုးတန်း၊ ၁၀ တန်းအရွယ် ကျောင်းသား တွေကို စာသင်ပေးချင်ပါတယ်ဆို ပြီးတော့ ခွင့်တောင်းပြိး သင်ပေး ခဲ့တာပါ’’ဟု သူကဆိုသည်။

အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော ကျောင်း နေအရွယ်နှင့် ကျောင်းနေဆဲလူ ငယ်အကျဉ်းသား၊ အချုပ်သား များ ပညာဆက်လက်သင်ယူနိုင် ရန် ၂၀၀၅ ကစ၍ အင်းစိန်ဗဟိုအ ကျဉ်းထောင် စက်မှုလက်မှုဌာန ၀င်းအတွင်းရှိ လူငယ်ဆောင်တွင် သူငယ်တန်းမှ တတိယတန်းအ ထိ ကျောင်းသား ၃၉ ဦးကို အကျဉ်းသားဆရာငါးဦးက သင်ကြား

ပေးခဲ့သည်။

လူငယ်ဆောင်တွင် နှစ်အ လိုက်အတန်းများ တိုးချဲ့သင်ကြား ပေးခဲ့ရာမှ ၂၀၀၇-၀၈ ပညာသင်နှစ်၌ အကျဉ်းထောင် စက်မှုလက်မှုဌာန(အလုပ်) ဘက်ရှိ အဆောင် သို့ ပြောင်းရွှေ့ကာ ပညာရေးဝန် ကြီးဌာန အမှတ်(၁၃)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် ဖွင့်လှစ်နိုင်ခဲ့သည်။ အဆို ပါ ကျောင်းသည်မြန်မာနိုင်ငံတွင် တစ်ခုတည်းသော အကျဉ်းထောင်အတွင်းရှိ ကျောင်းဖြစ်သည်။

ဦးဇေယျာလင်းမြင့် အကျဉ်း သားဆရာအဖြစ် စတင်တာဝန်ယူ သည့် ၂၀၁၂-၁၃ ပညာသင်နှစ် တွင်မူ ထောင်တွင်းကျောင်း၌ ဒသမတန်းပါ သင်ကြားပေးခဲ့ပြီး အကျဉ်းထောင်တွင်းမှ တက္ကသိုလ် ၀င်စာမေးပွဲဝင်ဖြေသူများလည်း ရှိလာခဲ့သည်။

ရန်ကုန်တက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် မဟာသိပ္ပံဘွဲ့ရထားသဖြင့်သူ့ကို ကိုးတန်း၊ ၁၀ တန်းအရွယ် အကျဉ်းကျလူ ငယ်များအား ဓာတုဗေဒနှင့် သင်္ချာဘာသာရပ်သင်ပေးရန် အင်းစိန် ဗဟိုအကျဉ်းထောင် တာဝန်ရှိသူ များက ခွင့်ပြုခဲ့သည်။ ယခုနှစ်တွင်တော့ ကိုးတန်း၊ ၁၀ တန်း ရူပဗေဒ နှင့် သင်္ချာဘာသာရပ် သင်ပေးရန် တာဝန်ပေးခံထားရသည်။

ထို့အပြင် ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ကျောင်းသား ၁၁၉ ဦးရှိနေသည့် အင်းစိန်ဗဟို အကျဉ်းထောင်တွင်း ကျောင်း လေးအတွက်လည်း သူကတာဝန် ခံကျောင်းအုပ် ဖြစ်သည်။

ထို့ကြောင့် နေ့စဉ်နံနက် ၅ နာရီထိုးကတည်းကပင် ထောင် တွင်းကျောင်းတက်နေသည့် အကျဉ်းသားလူငယ်များကို တစ် နေ့တာသင်ယူမှုများစရန် နှိုးဆော် ရသည်။ သူ့တပည့်များကို နံနက် ၅ နာရီတွင် အိပ်ရာထစေပြီး ဘုရားရှိခိုးခြင်း၊ ညကကျက်ထား၊ လေ့လာထားသည့် စာများပြန် နွှေးခြင်းကို ပြုလုပ်စေပြီးမှ သာ ထောင်တွင်းကျောင်းသို့ သွားစေ သည်။ နံနက် ၈ နာရီခွဲတွင် ထောင်တွင်းကျောင်း၌ အကျဉ်းသားဆရာအဖြစ် သူစာသင်ပေးပြီး ကျောင်းဆင်းချိန်တွင် တပည့်များ နှင့်အတူ သက်ဆိုင်ရာ အဆောင် သို့ ပြန်နေခြင်းဖြင့်သာ သူ့ထောင်တွင်းနေ့ရက်များကို ဖြတ်သန်းနေ သည်ဟု ပြောပြသည်။

အသက်(၄၀)ကျော်အရွယ် ဦးဇေယျာလင်းမြင့်ကို မိဘနှစ်ပါး က ထောင်ဝင်စာလာတွေ့လေ့ရှိ ပြီး ကိုယ်တိုင်လျှောက်မိသည့် လမ်းကြောင်းအမှားကို တပည့် လေးများ မလျှောက်မိစေဖို့ ကူညီ ပြောပြပေးရန် မိဘနှစ်ပါးက တိုက်တွန်းလေ့ရှိသည်။

‘‘မိဘတွေကတော့ ကျွန် တော့်ကိုစိတ်ပူတာပေါ့။ လမ်းမှား မရောက်ဖို့၊ ကလေးတွေကို ကိုယ့် လိုမမှားအောင် လမ်းမှန်ပေါ်ကို တင်ပေးဖို့ ကျွန်တော့်ကိုမှာပါ တယ်’’ဟု မျက်ရည်ဝဲလျက် ပြော ပြသည်။

အကျဉ်းထောင်တွင်းရောက် လာသည့် လူငယ်လေးများသည် မိသားစုနောက်ခံအခြေအနေ၊ ကြုံတွေ့ရင်ဆိုင်ခဲ့ရသည့် အဖြစ် အပျက်၊ ကျူးလွန်ခဲ့မိသည့် ပြစ် မှုမတူသဖြင့် အနီးကပ်နေထိုင်ရင်း တစ်ဦးချင်းကို စိတ်ဓာတ်ပိုင်းဆိုင် ရာ ကြံ့ခိုင်အောင်သင်ပေးရသည် ဟု ဦးဇေယျာလင်းမြင့်က ဆို သည်။

‘‘သူတို့ကို ဒီကလွတ်သွားတဲ့ အခါမှာ လူ့လောကကို ဘယ်လို ရင်ဆိုင်မလဲ၊ ထောင်ကျသွားတဲ့ အချိန်မှာ ဆုံးရှုံးသွားခဲ့တာကို Cover ဖြစ်ဖို့အတွက် ဒီအချိန် လေးမှာ ပညာလေးကို ဒီလိုကြိုး ကြိုါ်စားစားလေးသင်မှ ပြန်ထွက် သွားတဲ့အချိန်မှာ မင်းတို့ကိုလူ တွေက ‘‘အပေါင်းအသင်းမှားလို့ သာ ဒီလိုဖြစ်သွားခဲ့တယ်။ နဂိုဗီဇ စိတ်က ကြိုးစားချင်စိတ်ရှိတယ် ဆိုတာ လက်ခံမယ်ဆိုတဲ့ အသိ လေးရသွားအောင် လမ်းညွှန်ပေး ပြီး ကိုယ်လိုချင်တဲ့ လမ်းကြောင်း ကို ဆွဲယူသင်ပေးရတယ်’’ ဟု သူ က ဆိုသည်။

ကိုယ်တိုင်က အကျဉ်းသား တစ်ဦးဖြစ်နေသည့်တိုင် တပည့် များကို စိတ်ဓာတ်ခွန်အားပေးနိုင် သည့် ဆရာတစ်ဦးဖြစ်နေခြင်း ကြောင့် ချစ်ခင်လေးစားရသည့် ဆရာဖြစ်သည်ဟု ယခုနှစ်တက္က သိုလ်ဝင် စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာ ရပ် ဂုဏ်ထူးများဖြင့်အောင်မြင် သည့် ကိုဉာဏ်လင်းမောင်က ပြောပြသည်။

‘‘ကျွန်တော်စိတ်အားလျော့ သွားတဲ့အချိန်တိုင်း ကြိုးစားဖို့၊ လမ်းကြောင်းမှန်ကို ပြန်သွားဖို့ ဆရာ့ဆုံးမစကားတွေက တွန်း အားတစ်ခုဖြစ်ခဲ့တယ်’’ဟု ကိုဉာဏ်လင်းမောင်က ဆရာ့၏အခန်း ကဏ္ဍကို ပြောပြသည်။

သူသင်ပေးသည့် တပည့်များထောင်နံရံနောက်မှပင် လမ်း ကြောင်းမှန်ပေါ် ရောက်သွား သည့်အတွက် အဆိုးများထဲက အကောင်းဟု ခံယူထားသည်ဟု ပီတိပြုံးဖြင့်သူက ဖွင့်ဟသည်။

ပြီးခဲ့သည့် ၂၀၁၇ တက္က သိုလ်ဝင်စာမေးပွဲတွင်လည်း သူ့ တပည့်အချို့ ဂုဏ်ထူးများဖြင့် အောင်မြင်ကာ သမ္မတဦးထင် ကျော်က လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေး ခဲ့သည်။ ယခုနှစ်တွင်လည်း သူ့ တပည့်များအတွက် လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှော်လင့်သည်ဟု ဆိုသည်။ သူသည်လည်း ပြစ်ဒဏ် လျှော့ရက် လေးပုံတစ်ပုံနှစ်ကြိမ် ခံစားခွင့်ရရှိထားခြင်းကြောင့် ပြစ် ဒဏ်မှ လွတ်မြောက်တော့မည့်အ ချိန် သုံးနှစ်ခန့်သာ လိုတော့သည် ဖြစ်ရာ ကျန်ရှိနေသည့် သူ၏ ထောင်တွင်းနေ့ရက်များကို ထောင်နံရံနောက် မတော်တဆ ရောက်လာမည့် လူငယ်များအ တွက် ကုန်ဆုံးရန် သူဆုံးဖြတ်ချက် ချထားသည်။

‘‘ဆရာဆိုတော့ ဆရာလိုပဲ တွေးပါတယ်။ နောက်ကလေး တွေကို ထပ်ပြီးတော့ ပညာဘယ် လိုဆက်သင်ပေးရမလဲ၊ ဘယ်လို လက်တွဲခေါ်ရမလဲဆိုတာပဲ စဉ်း စားပါတယ်’’ဟု ဦးဇေယျာလင်း မြင့်က ဆိုသည်။

ပြစ်ဒဏ်မှ လွတ်မြောက် မည့်ရက်များအတွက်လည်း သူ့ မှာ အိပ်မက်တစ်ခုရှိနေသည်။

‘‘ပညာရေးအတွက် အခက် အခဲဖြစ်နေတဲ့ ကလေးတွေကို ဆက်ပြီးသင်ပေးချင်ပါတယ်။ နယ်စပ်တွေမှာ ရှိနေတဲ့ ကလေးတွေ ကို သွားပြီး သင်ပေးချင်ပါတယ်’’