ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုပြီး တောင်ကျရေကျဆင်း

ရေဘေးကြောင့် တစ်နေ့တည်း (၂)နှစ်အရွယ်ကလေးအပါအ၀င် လူ ၁၀ ဦးသေဆုံး
မြေပိပျောက်ဆုံးနေသူများအား ရှာဖွေနေစဉ် (ဓာတ်ပုံ − ဦးရွှေသိန်း)

ဖားကန့်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြေပြိုခြင်းနှင့် တောင်ကျရေကျဆင်းခြင်းကြောင့် တစ်နေ့တည်း လူ ၁၀ ဦး သေဆုံးပြီး မြို့တွင်းနေရာအချို့၌ မြေပြိုမှုများဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၂ ရက် နံနက်မှ နေ့လယ် ၂ နာရီခန့်အထိ ရွာသောမိုးကြောင့် နောက်ဆက်တွဲကြုံတွေ့သော သဘာဝဘေးအတွင်း အမျိုး သမီးနှစ်ဦး၊ အမျိုးသား ရှစ်ဦးသေဆုံးကြောင်း ဖားကန့်မြို့ နယ်အုပ်ချုပ် ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

‘‘မိုးရေချိန်များခဲ့တယ်။ တောင်ကမ်းပါးယံလေးတွေမှာ တဲအိမ် ဆောက်နေကြတဲ့သူ ငါးဦးကတော့ နေအိမ်ပေါ်မြေပြိုကျပြီး ဆုံးတာ။ နောက်ငါးဦးကတော့ မိုးရေစီးကြောင်းမှာ ရေမဆေး(ကျောက်)ရှာရင်းဖြစ်တာ။ ဒီနေ့ (ဇွန်လ ၂၂ ရက်) တစ်ရက်တည်းမှာပဲ မိုးတွေရွာ တုန်းဖြစ်တာ’’ဟု ဦးကျော်စွာအောင်က ပြောသည်။

နေအိမ်ပေါ်မြေပြိုကျ၍ ဖားကန့်မြို့နယ် မရှိကထောင်ရပ်ကွက်တွင် နှစ်ဦး၊ မှော်ဝမ်းရပ်ကွက်တွင် နှစ်ဦးနှင့် ဆိပ်မူကျေးရွာတွင် တစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူများတွင် အသက် (၂) နှစ်အရွယ် ကလေး ငယ်တစ်ဦးအပြင် (၇၀) အရွယ် အဘိုးအိုတစ်ဦးနှင့် (၆၀) အရွယ်ခန့် အမျိုးသမီးနှစ်ဦး ပါဝင်သည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးနေ သည်ဟု ဒေသခံများက မကြာ ခဏသတိပေးနေသည့် ဥရုချောင်းသည် မိုးသည်းထန်စွာရွာချိန်တွင် ရေလျှံပြီး ဖားကန့်နှင့် လုံးခင်းကို ဆက်သွယ်ထားသော ၁၀ ပေခန့်အရှည် တံတားတစ်စင်းကို တိုက်စားခဲ့သည်။ ယင်းတံတားပျက်စီး၍ လမ်းပန်းဆက်သွယ်ရေး နှစ်နာရီခန့်ပြတ်တောက်ခဲ့ပြီး ယာယီတံတားတစ်စင်း ပြုလုပ်ထားကြောင်း ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

မိုးရွာသွန်းနေချိန် ဖားကန့်မြို့တွင် နေရာအနှံ့၌ နီကြင့်ကြင့်အရောင် တောင်ကျရေများဆင်းနေပြီး မြေစာပုံများ ဆက်လက်ပြိုကျမည့် အန္တရာယ်ကို ဒေသခံများက စိုးရိမ်နေသည်။ တစ်နေ့တည်း လူ ၁၀ ဦး သေဆုံးခြင်းသည် ကျောက်စိမ်းထွက်ရှိသော ဖားကန့်ဒေသ၏ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအခြေအနေ မြင်သာစေခဲ့သည်။

ရေစီးကြောင့် လူ ငါးဦးသေ ဆုံးခဲ့သော နေရာသည် ဖားကန့် မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆွတ်အောင် ကျေးရွာနှင့် မမုံကျေးရွာကြားတွင်ရှိပြီး ယင်းနေရာတွင် မြေစာပုံပုံရာမှ ဖြစ်လာသော ရေကန်များရှိနေကြောင်း ဆိပ်မူကျေးရွာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးရွှေသိမ်းက ပြောသည်။

နောက်ထပ်မိုးကောင်းပါက အန္တရာယ်ရှိနိုင်သည်ကို အနီးဝန်းကျင်နေရာများတွင် နေထိုင်သူဒေသခံများက စိုးရိမ်နေသည်။

‘‘မိုးရေနဲ့အတူ ဘိလပ်မြေ ဖျော်ထားသလို မြေစာတွေမျော ပါလာတာ။ ဒီထက်မိုးများရင် ရေ အိုင်ပေါက်ကျသွားနိုင်ပြီး ဒေသခံ တွေရဲ့ နေ့စဉ်လူမှုဘ၀တွေကို ထိခိုက်နိုင်တယ်လို့ သုံးသပ်နေ ကြတယ်’’ဟု ဦးရွှေသိမ်းက ပြော သည်။ ကချင်ပြည်နယ်အပါအ၀င် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ တွင် နောက်နှစ်ရက်အတွင်း မိုးပို လာနိုင်ကြောင်း မိုးလေ၀သပညာ ရှင် ဒေါက်တာ ထွန်းလွင်က ဇွန်လ၂၀ ရက်တွင် သတိပေးချက်ထုတ် ပြန်သည်။ ဇွန်လ ၂၂ ရက်က ကချင်ပြည်နယ်တွင် နေရာကွက် မိုးကြီးပြီး မိုးညှင်းမြို့နယ်တွင် လည်း လူ နှစ်ဦးမြေပိ၍ သေဆုံး ကြောင်း သတင်းများထွက်ပေါ်ခဲ့ သည်။ ဒေသတွင်းပျက်စီးထိခိုက် မှု အသေးစိတ် သိရှိနိုင်ရန်နှင့် လတ်တလောရာသီဥတုအခြေအ နေအရ သဘာဝဘေးကာကွယ် ရေး မည်သို့စီမံထားသည်ကို သိရှိနိုင်ရန် ကချင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနထံ ဖုန်းဖြင့် သုံးကြိမ်ဆက်သွယ်ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။