အာဇာနည်နေ့အခမ်းအနားမတိုင်မီ တစ်လ ကြိုတင်၍ ရန်ကုန်တွင် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထား

ယမန်နှစ်အာဇာနည်နေ့က ရန်ကုန်မြို့ အာဇာနည်ဗိမာန်၌ လုံခြုံရေးရယူနေသော တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - စိုင်းဇော်)

(၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် ရန်ကုန်မြို့တွင် တစ်လ ကြိုတင်၍ လုံခြုံရေးဆောင် ရွက်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက ပြောသည်။


‘‘လုံခြုံရေးယူထားပါတယ်။ လုံခြုံရေးဆိုတာ ဘယ်နေရာဖြစ် ဖြစ် ယူထားရတာပေါ့။ လျှော့ တွက်လို့ရတာ မဟုတ်ဘူး။ ဒါက နှစ်စဉ်နှစ်တိုင်း လုပ်နေကျပဲ။ ဒီနှစ်မှ လုပ်တာမဟုတ်ဘူး’’ဟု ရဲမှူးလှဝေက ပြောသည်။

ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် (၇၁)နှစ်မြောက် အာ ဇာနည်နေ့အခမ်းအနားအတွက် ဇွန်လ ၁၉ ရက်ကတည်းက ရန် ကုန်တစ်မြို့လုံး လုံခြုံရေးချထား ပြီး ဇူလိုင် ၁၉ ရက်အထိ တစ်လ တိတိ ဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် အာဇာနည်နေ့ ကျင်းပရေး ဇွန်လ ၂၀ ရက်တွင် ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်၍ ပထမအကြိမ် ညှိနှိုင်း အစည်း အဝေးပြုလုပ်ပြီး အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် လုံခြုံရေးကော်မတီတို့ဖွဲ့စည်းခဲ့သည်။

အာဇာနည် ဗိမာန်တွင် ကျင်းပမည့် အခမ်းအနားအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို အချိန်မီ ပြီးစီးနိုင်ရေး ကြိုတင် ပြင်ဆင်ထားရန်၊ အခမ်းအနားသို့ တက်ရောက်လာမည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ အပါအဝင် တက်ရောက်သူများကို ကြိုဆိုနေရာချထားရာတွင် လစ်ဟာမှုမရှိရန် အဘက်ဘက်မှ ဝိုင်းဝန်းပူးပေါင်းပြီး စနစ်တကျ စီမံဆောင်ရွက်သွားရန်နှင့် ဂါရဝပြုရာတွင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝင်အထွက် အချိန်ကိုက်ဖြစ်စေရေး သေချာစွာ အကွက်စေ့စေ့ စီမံဆောင်ရွက်ရန်လိုအပ်ကြောင်းဒုသမ္မတ ဦးမြင့်ဆွေက မှာကြားခဲ့သည်ဟု သမ္မတရုံးက ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

လုံခြုံရေးကော်မတီအနေ ဖြင့် အခမ်းအနားကျင်းပမည့် နေရာများ၌ လုံခြုံရေးတာဝန် ဆောင်ရွက်ရာတွင် ပေးအပ်ထား သည့် လုပ်ငန်းတာဝန် ၁၂ ချက် နှင့်အညီ လစ်ဟာမှုမရှိအောင် အထူးအလေးထား ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်စေလိုကြောင်း ဒု သမ္မတက ညွှန်ကြားခဲ့သည်။

အာဇာနည်နေ့နှင့် သက် ဆိုင်သည့် အကြောင်းအရာများ ကို ပြည်သူများသိရှိနိုင်ရန် ယခင် နှစ်များနည်းတူ သတင်းဆောင်း ပါးများ၊ အင်တာဗျူးများ၊ စာစီ စာကုံးပြိုင်ပွဲများ၊ ဗိုလ်ချုပ်အောင် ဆန်း၏မိန့်ခွန်းများ၊ သီချင်းများ၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်း ခဲ့သည့် မှတ်တမ်းများ၊ ရုပ်ရှင်များ စသည်တို့ကို သတင်းစာ၊ ရုပ်မြင် သံကြားနှင့် ရေဒီယိုများတွင် ကြို တင်ထုတ်လွှင့်နိုင်ရေး စီမံဆောင် ရွက်ရန် လိုအပ်ကြောင်း သမ္မတရုံး က ထုတ်ပြန်ထားသည်။

ယခင်နှစ် အာဇာနည်နေ့ အခမ်းအနားတွင် အာဇာနည် ဗိမာန်သို့ လာရောက်ဂါရဝပြုသူ များအနေဖြင့် လက်ကိုင်ဖုန်း၊ ပန်းစည်း၊ ပန်းခွေ၊ ဗီနိုင်းစာ၊ အလံများယူဆောင်ခွင့်မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် (၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားတွင် လုံခြုံရေးအင်အား ငါးထောင် ကျော် အသုံးပြုခဲ့သည်။