အားလပ်ရက်မှာ ဖတ်စရာ

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေဟာ အကဲဆတ်လွန်းပြီး လူမျိုး၊ ဘာသာမတူသူတွေကြား ပျက်စီး ဆုံးရှုံးမှုတွေ ကြီးမားခဲ့တာ ကမ္ဘာသိဖြစ်ခဲ့ပါတယ်။ တကယ်တော့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေဟာ ဒုတိယကမ္ဘာစစ်ကတည်းက လှိုက်ပြီးလောင်မြိုက်ခဲ့တာပါ။ ဒီမီးကို မွှေးခဲ့တာကလည်း အင်္ဂလိပ်အစိုးရပဲ ဖြစ်ပါတယ်။ ၂၀၁၇ သြဂုတ် ၂၅ ရက် ညက အာဆာအကြမ်းဖက်အဖွဲ့က စနစ်တကျစီစဉ် အကောင်အထည်ဖော်ခဲ့တဲ့ တိုက်ခိုက်မှုတွေနောက်ပိုင်း ရခိုင်မြောက်ပိုင်းမှာ အပြောင်းအလဲတွေ ကြီးကြီးမားမားဖြစ်ပေါ်ခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသလို နယ်စပ်ဒေသကုန်သွယ်ရေးလည်း ဆွံ့အခဲ့ရပါတယ်။ ဒီလိုအခြေအနေမှာ သတင်းစာဆရာအဖွဲ့က ပဋိပက္ခဖြစ်ပွားရာဒေသတွေဆီ သွားရောက်ကာ သတင်းယူခွင့်ရခဲ့ပါတယ်။ ဒီခရီးမှာ မြင်တွေ့ခဲ့တဲ့ ပကတိအခြေအနေအရပ်ရပ်နဲ့ ဆက်စပ်တွေးတောမိတဲ့ အကြောင်းအရာတွေကို သတင်းစာဆရာ ချစ်ဝင်းမောင်က အသေးစိတ်ပြန်လည်ရေးသားခဲ့ပါတယ်။ ယခုအခါ အဲဒီရေးသားချက်တွေကို စုစည်းပြီး စာအုပ်အဖြစ် ထွက်လာတော့ ရခိုင်ပြည်နယ်ရဲ့ မျက်မှောက်အခြေအနေကို ပြည်သူတွေသိခွင့်ရလာပါတယ်။ ဒါကြောင့် မိမိနိုင်ငံရဲ့ အရေးကြီးတဲ့ အခြေအနေတစ်ရပ်ကို ပြည်သူတွေနားလည်သိရှိနိုင်ဖို့ ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် ညွှန်းဆိုလိုက်ပါတယ်။

      စာအုပ်မှာ ရခိုင်ပဋိပက္ခစတင်ခဲ့ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ၀န်းကျင်သာမက စစ်တွေမြို့ အခြေအနေပါ အတော်လေးပြည့်ပြည့်စုံစုံရေးထားတာ ဖတ်ရပါမယ်။ ဒီခရီးဟာ မေယုမြစ်ကို ဆန်ချီတစ်လှည့်၊ စုန်ကာတစ်လှည့် လှည့်ပတ်သွားရောက်ခဲ့တဲ့ အတွေ့အကြုံကို ဂျာနယ်လစ်တစ်ယောက်ရဲ့ အမြင်နဲ့ ရေးထားတာကြောင့် ဖတ်မိသူကိုယ်တိုင်ရောက်သွားသလို ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။

စာအုပ်တစ်နေရာမှာ မောင် တောမြို့မိမြို့ဖတစ်ယောက်နဲ့ ဆုံ ရပုံကို ‘‘ရခိုင်ပြဿနာက လူမျိုးရေးလည်း မဟုတ်ဘူး။ ဘာသာရေးလည်း မဟုတ်ဘူး...’’ဟု ဦးအောင်ကျော်ညွန့်အစချီလိုက်ကတည်းက အတော်စိတ်ဝင်စားသွားသည်။ ရခိုင်ပြဿနာနှင့် ပတ် သက်လာလျှင် မိမိတို့သိထား သည်မှာ ‘‘လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာ’’ပဲ ဖြစ်သည်။ ဘာသာမတူ၊ လူမျိုးမတူ၍ ပြဿ နာတွေဖြစ်နေသည်ဟုပဲ နားလည်ထားခဲ့ရာက ထိုပြဿနာမဟုတ် ဟု မြို့ခံလူကြီးတစ်ဦးက ဆိုလိုက် သောအခါ အံ့အားသင့်သွားသည်။သူက သမိုင်းစဉ်ဆက် ကိုလိုနီ ခေတ်ဦးကာလမှ ယနေ့အထိ မောင်တောဒေသအတွင်း ဘင်္ဂါလီများဝင်ရောက်လာပုံ၊ ဒုတိယ ကမ္ဘာစစ်အတွင်း မွတ်ဆလင်- ရခိုင်အဓိကရုဏ်းကို ဖော်ဆောင် ခဲ့ပြီး ရခိုင်တိုင်းရင်းသားများစွာ အသတ်ခံခဲ့ရသည့်ဖြစ်စဉ်၊ မွတ် ဆလင်အကြမ်းဖက်အဖွဲ့များက မောင်တော်ဒေသကို စိုးမိုးရန် ကြိမ်ဖန်များစွာ ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်များကို ရှင်းပြသည်။ တစ်ဆက် တည်းမှာပင် ရခိုင်တိုင်းရင်းသား လူမျိုးများ ဒေသကို စွန့်ခွာသွားကြ သဖြင့် မောင်တောအပါအ၀င် ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်း သားလူဦးရေ လျော့ကျပြီး ဘင်္ဂါလီလူဦးရေပိုများလာသည့် ဖြစ်စဉ် များကို ရှင်းပြသည်။

‘‘သူတို့က ဒီနယ်မြေကို လို ချင်နေတာ။ ၁၉၈၈ ခုနှစ်တုန်းက လည်း မောင်တောမြို့ကို ဘင်္ဂါလီ မွတ်ဆလင်တွေ အလုံးအရင်းနဲ့ ၀ိုင်းပြီး သိမ်းဖို့လုပ်ခဲ့တယ်။ သူတို့ လူဦးရေကများတော့ ရခိုင်တွေအ တွက် အန္တရာယ်သိပ်များတယ်။ ရခိုင်ပြဿနာက လွယ်လွယ်နဲ့ ရှင်းလို့ရနိုင်မယ်မထင်ဘူး။ အခု သူတို့ပြန်ဝင်လာရင် ပြန်ပြီး ပြဿနာတက်ဦးမှာပဲ’’လို့ ရေးထားပါတယ်။

စာရေးသူတို့အဖွဲ့ လမ်းတစ်လျှောက် မြင်တွေ့ရတဲ့ မြို့သူကြီးရွာအခြေအနေကို.....

‘မြို့သူကြီးရွာကတော့ လုံးဝ ပြောင်တလင်းခါသွားခဲ့ပြီ။ မောင် တောမှ တောင်ပြိုလက်ဝဲလမ်းအ တိုင်း မြောက်ဘက်သို့ ထွက်လာ ကြသည်။ ဒီဘက်ခြမ်းမှာတော့ လမ်းက သိပ်အဆိုးကြီးမဟုတ်။ မေယုတောင်တန်းနှင့် ပိုနီးကပ် လာပြီး လမ်းဘေးလည်း မီးလောင်ပြီး ရိုးတံပြိုင်းပြိုင်းဖြစ်နေသည့် အုန်းပင်၊ ကွမ်းပင်တွေနှင့် ရွာပျက် အတော်များများကို တွေ့ရသည်။ အံ့အားသင့်စရာကောင်းသည်မှာ ရွာတွေမှာ အဆောက်အအုံ အ ကြွင်းအကျန်တစ်ခုတလေမျှမ တွေ့ရတော့ခြင်းပင်။ သို့သော် အလွန်ဝမ်းနည်းဖွယ်ရာ မြင်ကွင်း တချို့ကိုတော့ မြင်ခဲ့ရသည်။ မီးမ လောင်ဘဲ ကျန်နေခဲ့သည့် ရွာထိပ်က စာသင်ကျောင်းများ။ ကျောင်း သားတွေလည်းမရှိတော့။ ကျောင်းတံခါးလည်းပိတ်။ ဖုန်အလိမ်း လိမ်းတက်ပြီး သွေ့ခြောက်နေ သော အလယ်တန်းကျောင်းတွေ၊ မူလတန်းကျောင်းတွေကိုတော့ မြင်တွေ့နေရသေးသည်။ ပဋိပက္ခမဖြစ်မီအချိန်ထိတော့ ဒီကျောင်း တွေမှာ စာအံသံတွေ ကြားနေရ မည်ထင်သည်’လို့ ဖတ်ရပါမယ်။

ဒီလိုပဲ ဒုက္ခသည်စခန်းတစ် ခုမှာ ဘင်္ဂါလီလူငယ်တစ်ယောက်နဲ့ စကားလက်ဆုံကျတဲ့အကြောင်းကို ‘ပိန်ပိန်ပါးပါးဘင်္ဂါလီလူငယ် လေးတစ်ဦး ကျွန်တော်တို့အနီး မယောင်မလည်နှင့် ရောက်လာ သည်။

‘‘မင်း မြန်မာစကားပြော တတ်လား’’မေးတော့ ပြောတတ် သည်ဟု ဖြေသည်။

‘‘ကျောင်းနေလား’’

‘‘နေပါတယ်’’

‘‘ဘယ်ကျောင်းမှာလဲ’’

‘‘သက္ကယ်ပြင်ကျောင်းမှာပါ’’

‘‘ဘယ်နှတန်းရောက်ပြီလဲ’’

‘‘ကျွန်တော် ဒီနှစ် ၁၀ တန်း အောင်ထားပါတယ်’’

သူ့အသံက ၀ဲနေသည်။ ရခိုင်သံလား။ ဘင်္ဂါလီသံလား တော့မသိ။

‘‘အောင်ထားတော့ အခုဘာ လုပ်နေလဲ။ ကျောင်းဆက်မတက် ဘူးလား’’

‘‘စစ်တွေတက္ကသိုလ်တက်ခွင့်မရပါဘူး။ အခုဘာလုပ်ရမလဲ မသိသေးဘူး’’

သူတို့ သက္ကယ်ပြင်ဒုက္ခသည် စခန်းမှာ ယခုနှစ် ၁၀ တန်းအောင် သော ကျောင်းသား ခြောက် ယောက်ရှိကြောင်း။ သို့သော် သူ တို့မှာ စစ်တွေမြို့သို့ သွားလာခွင့် မရှိသောကြောင့် ကျောင်းဆက် မတက်နိုင်။ ရပ်ကွက်ထဲမြင်နေ ကျ လူငယ်လေးတစ်ဦးလိုပါပဲ။ သူတို့မှာ အနာဂတ်မရှိ’လို့ ရေး ထားပါတယ်။

ယခုစာအုပ်ကို ရဲရင့်ဝေစာ ပေက တန်ဖိုး ၃,၀၀၀ ကျပ်နဲ့ ထုတ်ဝေထားပါတယ်။