ရဲတပ်ဖွဲ့ဝင်များကို မမှန်စွပ်စွဲမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုဖြင့် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေ တရားစွဲခံရ

 ရဲတပ်ဖွဲ့ဝင်များကို မမှန်မကန်စွပ်စွဲမှု၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုဖြင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနိုင်ရဲဝေကို အမှုဖွင့် တရားစွဲဆိုထားကြောင်းပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးဝင်းနိုင်ကပြောသည်။

ညအချိန် ဆိုင်ကယ်များဖြင့် သွားလာနေစဉ် ရဲတပ်ဖွဲ့က စစ်ဆေးသည့်အပေါ် ကိုနိုင်ရဲဝေ အပါအ၀င် အမျိုးသားခုနစ်ဦးက ရဲတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို စစ်ဆေးစဉ်က ထိုင်ခိုင်းပြီး လက် ကိုင်ဖုန်း ခုနစ်လုံးနှင့် ကျပ် ၁၀ သိန်း ယူဆောင်သွားသည်ဟု မမှန်မကန် စွပ်စွဲတိုင်ကြားသဖြင့် ပုဒ်မနှစ်ခုဖြင့် ပြန်လည်အမှုဖွင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။


‘‘မနက် ၂ နာရီအချိန်ကြီးမှာ အုပ်စုလိုက်တွေ့လို့ သွားကြည့် ရင်း ရဲကားတွေ့လို ထွက်ပြေး သွားတယ်။ ဆက်လိုက်တော့ အမရပူရမြို့နယ်မှာ ပြန်တွေ့တယ်။ မသင်္ကာလို့ စစ်ဆေးတော့ ရဲကို နယ်ကျော်လာပြီး ဘာလို့စစ်တာလဲ၊ ရဲအလုပ်လုပ်လို့မရအောင်ပြောတယ်။ နောက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မမှန် မကန်တိုင်တန်းတဲ့အတွက် အမှု ဖွင့်ရခြင်းဖြစ်တယ်’’ဟု ရဲမှူးဝင်းနိုင်ကပြောသည်။

ဇွန်လ ၁၂ ရက် ညက ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် ဈေးတစ်ခုအနီး အမှောင်ရိပ်မှ ဆိုင်ကယ်ငါးစီးနှင့် လူ ၁၅ ဦးခန့် မောင်းနှင်ထွက်ပြေး၍ လိုက်လံစစ်ဆေးခဲ့ကြောင်း၊ အဆိုပါအဖွဲ့ကို အမရပူရမြို့နယ် ရတနာပုံ တက္ကသိုလ်အနီးတွင် တွေ့ရှိပြီး ပြည်ကြီးတံခွန်မြို့နယ်မှူးက အမရပူရမြို့နယ်မှူးထံသို့ ဆက်လက်စစ်ဆေးရန် လွှဲပေးခဲ့ကြောင်း ၎င်းကပြောသည်။

ထိုသို့စစ်ဆေးစဉ် ရဲတပ်ဖွဲ့ ၀င်များသည် ၎င်းတို့၏ ဖုန်းနှင့်ငွေများကို သိမ်းဆည်းခဲ့သည်ဟုဆိုကာ ကိုနိုင်ရဲဝေက ရဲတပ်ဖွဲ့ဝင်များကို အရေးယူပေးရန် ပြည်ကြီး တံခွန်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့သည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များ က အဆိုပါအမျိုးသားများကို လူခွဲစစ်ဆေးရာ ဖုန်းနှင့် ငွေများပျောက်ဆုံးမှုမရှိကြောင်း စစ်ဆေးပေါ်ပေါက်၍ ကိုနိုင်ရဲဝေကို မမှန်စွပ်စွဲမှု ရာဇသတ်ကြီးပုဒ်မ ၂၁၁ ဖြင့် အရေးယူပေးရန် ၎င်းက တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ခဲ့ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ကပြောသည်။

ယင်းအမှုနှင့် ပတ်သက်၍ ကျူးလွန်သည်ဟု စွပ်စွဲခံရသူ ကိုနိုင်ရဲဝေကို အာမခံပေးထားပြီး ဇွန်လ ၂၁ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။ ထို့နောက် ၎င်းကို ဇွန်လ ၁၂ ရက် ညတွင် တာဝန်ဝတ္တရားနှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့်လည်း အမှုဖွင့်ထားသည်။ စွပ်စွဲခံရသူ ကိုနိုင်ရဲဝေ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

Top News