မြို့နယ် ၂၂ ခုမှ မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးနေ၊ လူတစ်သောင်းခန့် ရေဘေးကြုံ

တိုင်းဒေသကြီးနှင့် ပြည် နယ်ခြောက်ခုမှ မြို့နယ် ၂၂ ခု တွင် ရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရ ပြီး လူတစ်သောင်းခန့်ရေဘေးကြုံ တွေ့နေကာ သေဆုံးသူဦးရေ လည်း တိုးလာနေသည်။

မေလကုန်က စတင်ကာ နေရာကွက် မိုးကြီးနေသော ကြောင့်  ယခုအခါ မကွေး၊ စစ် ကိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်၊ ကယား၊ ကရင်နှင့်ရှမ်းပြည် နယ်တို့တွင် တောင်ကျရေအန္တ ရာယ်နှင့် မြေနိမ့်ပိုင်းနေရာများ၌ ရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရကာ စုစုပေါင်း လူတစ်သောင်းခန့် ရေဘေးကြုံတွေ့နေရကြောင်းလူ မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနကဆိုသည်။ ရေ ဘေးကြောင့် လူသေဆုံးမှု လတ်တလောရရှိသော သတင်းများအရ ဇွန်လ ၁၁ ရက်နှင့် ၁၃ ရက်အတွင်း ခုနစ်ဦးရှိပြီဖြစ်သည်။ မကွေးတိုင်း မင်းလှ၊ မင်းဘူး၊ ပွင့်ဖြူနှင့်စလင်း မြို့တွင်တစ်ဦးစီ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တွင် တစ်ဦး၊ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် နှစ်ဦးသေဆုံးခဲ့ကြောင်း လူကယ်ပြန်က ထုတ်ပြန်သည်။

မကွေးတိုင်းဒေသကြီး

မကွေးတိုင်းတွင် ရေကြီးနစ် မြုပ်နေသော မြို့နယ်အများဆုံး ဖြစ်နေပြီး စုစုပေါင်းရှစ်မြို့တွင် ရေဘေးကြုံနေသည်။ မကွေးတိုင်းတွင် စလင်း၊ မင်းဘူး၊ မင်းလှ၊ ပွင့်ဖြူ၊ မင်းတုန်း၊ ကံမ၊ ငဖဲနှင့်ပခုက္ကူမြို့တို့မှ မြေနိမ့်ရပ် ကွက်နှင့် ကျေးရွာများ ရေကြီးနစ် မြုပ်နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး

ဧရာဝတီတိုင်းတွင် လပွတ္တာ၊ ကြံခင်း၊ မြန်အောင်နှင့် အင်္ဂပူမြို့တို့မှ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာများ၌ ရေကြီးနစ်မြုပ် နေကြောင်း တိုင်းဒေသကြီး ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးသန်းစိုးကပြော သည်။ လပွတ္တာမြို့၌ မိုးကြိုးထိ မှန်၍လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်းတွင် တမူး၊ ကောလင်းနှင့် ဟုမ္မလင်းမြို့နယ် တို့မှ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေပြီး ဟုမ္မလင်းမြို့နယ်တွင် ရေဘေး ကြောင့်လူတစ်ဦးသေဆုံးမှု ဇွန်လ ၁၃ ရက်နေ့လယ်ကဖြစ်ပွားခဲ့ သည်။ ဟုမ္မလင်းမြို့နှင့်ကော့ယား ရွာပြေးဆွဲသော စက်လှေတစ်စီး သည် ခရီးသည် ၂၀ ကျော် တင် ဆောင်ပြီး ဆိပ်ကမ်းမှအထွက် ရေစီးကြောင့်တိမ်းမှောက်ခဲ့ရာအ သက်(၅၀)အရွယ်အမျိုးသမီးတစ် ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ၍ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးမှူး ဦးစ၀ီလီဖရန့် က ပြောသည်။

ရခိုင်ပြည်နယ်

မိုးကောင်းနေ၍ မြစ်ချောင်း များရေတိုးကာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရသော ရခိုင်ပြည်နယ် တွင် သံတွဲ၊ တောင်ကုတ်၊မြောက် ဦး၊ အမ်းနှင့်ကျောက်ဖြူမြို့တို့မှ မြေနိမ့်ရပ်ကွက်နှင့် ကျေးရွာအ ချို့ရေကြီးနေသည်။ တောင်ကုတ် မြို့တွင် ဇွန်လ ၁၂ ရက်က စက် လှေနစ်မြုပ်၍ လူနှစ်ဦးသေဆုံးခဲ့ သည်။

ရှမ်းပြည်နယ်

မကြာမီက ရေဘေးရင်ဆိုင် ခဲ့ရသော ရှမ်းပြည်နယ် နမ့်လန် မြို့အနီးရှိ သီပေါမြို့မှကျေးရွာအချို့တွင် ရေ၀င်နေသည်။ တောင်ကျရေဆင်းလေ့ရှိသော နမ့်ဖက်ကာမြို့ရှိ နမ့်မောချောင်း အတွင်း ဇွန်လ ၁၃ ရက် နေ့လယ် က လူနှစ်ဦးမျောပါပျောက်ဆုံး နေသဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသည်။

ကယားပြည်နယ်

ကယားပြည်နယ် ဖရူဆိုမြို့ နယ်တွင် မိုးကောင်းနေပြီး မြေပြို မှုကြောင့် လမ်းပိတ်ဆို့မှုအချို့ ဖြစ်ပွားနေ၍ ရှင်းလင်းဖယ်ရှား နေရကြောင်း ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနကဆိုသည်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်  ဖာပွန်မြို့ တွင် ရပ်ကွက်အချို့ရေကြီးနစ် မြုပ်မှုရင်ဆိုင်နေရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေဘေးကြောင့်ပျက်စီး ဆုံးရှုံးမှု စာရင်းကောက်ယူနေပြီး ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန်ထောက်ပံ့ရေးကိုဦး စားပေးဆောင်ရွက်နေကြောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်က ပြော သည်။

Top News