Computex 2018 မှာ ပြသသွားတဲ့ အလန်းဆုံး PC တပ်ဆင်မှုပုံစံခုနစ်မျိုး

စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ Laptop တွေ သုံးစွဲမှုမြင့်တက်လာတဲ့တိုင်  အထိုင်ကွန်ပျူတာတွေဖြစ်တဲ့ PC တွေ သုံးစွဲမှုကတိမ်ကောပပျောက် မသွားသေးပါဘူး။ အထူးသဖြင့် စွမ်းဆောင်ရည်မြင့်မြင့် အသုံးပြုဖို့ လိုအပ်သူတွေ၊ ဂိမ်းဝါသနာရှင်တွေကPC ကွန်ပျူတာတွေကို ဖက်တွယ်နေဆဲပါ။ ဒီနေရာမှာ PC ကွန်ပျူတာတွေရဲ့ System Case တွေကို သမားရိုးကျ လေးထောင့်ပုံးတွေအစား ထူးခြားတဲ့စိတ်ကူးတွေနဲ့ ပုံဖော်ဖန်တီးလာတာတွေ ရှိပါတယ်။ အခုဆောင်းပါးမှာတော့ Computex 2018 ပြပွဲမှာခင်းကျင်းသွားတဲ့ ကမ္ဘာပေါ်မှာ စိတ်ကူးအလန်းဆုံးလို့တောင် ညွှန်းရမယ့် PC ကွန်ပျူတာ တပ်ဆင်မှုဒီဇိုင်းအချို့ကို စုစည်းဖော်ပြ လိုက်ပါတယ်။


Gigabyte ရဲ့ ငါးကန်

ရေအပြည့်ထည့်ပြီး ငါးအစစ်တွေ မွေးထားတဲ့ မှန်ပုံးထဲမှာ PC ကွန် ပျူတာစနစ်ကို တပ်ဆင်ထားတယ်ဆိုတာနဲ့တင် စိတ်ကူးဘယ်လောက်ဆန်းသလဲဆိုတာ ရှင်းပြဖို့မလိုတော့ပါဘူး။ အအေးပေး အလွှာတစ်ထပ်ရဲ့အောက်မှာ Graphic ကတ်ကို သန္တာကျောက်တန်း အတုလိုပုံစံမျိုးနေရာချထားပါတယ်။ အဲဒီကတ်မှာပါတဲ့ပန်ကာတွေကလည်း ငါးကန်ထဲမှာတင် လည်နေပါသေးတယ်။ Coolant အလွှာတစ်ထပ် ခံထားတဲ့အတွက် ရေနဲ့ ရောနှောမှုမရှိဘဲ သီးခြားကွဲနေအောင် Gigabyte က ဖန်တီးထားပါတယ်။


Thermaltake ရဲ့ တိုက်လေယာဉ်

စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေထဲက အာကာသတိုက်လေယာဉ်တစ် စီးရဲ့ ပုံစံမျိုး ဒီ PC ကို ပုံစံထုတ်တပ်ဆင်ထားတာပါ။ Computex မှာ အရွယ်အစား အကြီးမားဆုံးတပ်ဆင်ထားတဲ့ PC ကွန်ပျူတာ တစ်လုံးလို့တောင် ပြောလို့ရပါတယ်။ တောင်ပံနေရာတွေမှာ အအေးပေး ပန်ကာတွေလည်ပတ်နေပြီး အလင်းရောင်အမျိုးမျိုး ယှက်ဖြာပြေးလွှားနေပါတယ်။ ကွန်ပျူတာရဲ့အသံက အတော်လေး ဆူတယ်ဆိုပေမယ့် စက်ကိရိယာ တစ်ခုလုံးစာအရွယ်နဲ့ဆိုရင်တော့ နားခံသာတယ်လို့ ပြောရမှာပါ။


InWin Z-Tower

ကွန်ပျူတာပုံးတစ်လုံးဆိုတာထက် Modern Art ပန်းပုလက်ရာ တစ်ခုနဲ့ ပိုဆင်ပါတယ်။ ပြောင်လက်တောက်ပတဲ့ သတ္တုသားရဲ့ အလယ် အူတိုင် အခေါင်းပေါက်ထဲမှာ PC ရဲ့ အစိတ်အပိုင်းအားလုံးကို နေရာချ တပ်ဆင်ထားပါတယ်။ ကိုယ်ထည်မှာ အပေါက်တွေ ချန်ထားတဲ့အတွက် PC အတွင်းပိုင်းကို လေဝင်လေထွက် ကောင်းမွန်အောင် ထောက်ပံ့နိုင် ပါတယ်။ အလေးချိန်ကတော့ အတော်များပြီး နေရာရွှေ့ဖို့၊ ပြောင်းဖို့ ဆိုရင်တော့ သေချာပေါက်ခေါင်းစားရမယ့် တပ်ဆင်မှုပုံစံပါပဲ။


Zotac Immersion Cooling Prototype

ဒီ PC တပ်ဆင်မှုပုံစံကတော့ စိတ်ကူးယဉ် Prototype အဆင့်မှာ သာ ရှိနေဆဲပါ။ Zotac က ဒီကွန်ပျူတာမှာ အအေးပေးစနစ်ကို အသားပေးပုံစံထုတ်ထားတယ်လို့ဆိုပါတယ်။ ပြီးတော့ အခု Prototype ထက်လက်တွေ့ ပိုဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းမျိုးကိုလည်း စိတ်ကူးနေပါတယ်။ စိတ် ကူးယဉ် သိပ္ပံဇာတ်ကားတွေမှာ ဂြိုဟ်သားတွေ မောင်းနှင်လာလေ့ရှိတဲ့ ခြေသုံးချောင်းထောက် ယာဉ်ကြီးတစ်စီးရဲ့ ပုံစံနဲ့တူပြီး ရေတိုင်ကီလို အစိတ်အပိုင်းရဲ့အတွင်းထဲမှာ ကွန်ပျူတာစနစ်ကို ထည့်သွင်းမြှုပ်နှံထားပါ တယ်။


Biostar အမိုးဖွင့်ကား

Cryptocurrency ဒစ်ဂျစ်တယ် ငွေကြေးအကြောင်း နားလည်သူတွေကတော့ Mining ယဉ်ကျေးမှုကိုသိပါလိမ့်မယ်။ ဒီငွေကြေးအမျိုးအစားကို စုဆောင်းယူဖို့အတွက် စွမ်းဆောင်ရည်မြင့် Graphic ကတ်တွေကိုအသုံးပြုပြီး Mining လုပ်လေ့ရှိကြပါတယ်။ Biostar က Graphicကတ် တော်တော်များများစိုက်ထားနိုင်တဲ့ PC ဒီဇိုင်းကို အမိုးဖွင့်ကား လေးတစ်စီးရဲ့ အထိုင်ပေါ်မှာ တည်ဆောက်ပြခဲ့ပါတယ်။ Miningသမားတွေရော ၊ ကားဝါသနာအိုးတွေပါ သေချာပေါက် သွားရည်ကျမယ့်ဒီဇိုင်းမျိုးပါပဲ။


G.Skill ရဲ့ Ford Mustang Radio

ဒီကွန်ပျူတာအဆင်အပြင်ကတော့ ခေတ်ဟောင်းကို ပြန်လွမ်းချင်စရာပါပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေက Ford Mustang ကားတွေမှာ ပထမဆုံးအကြိမ် ရေဒီယိုတွေ စထည့်ပေးလာခဲ့တာကို ပြန်လည်အောက် မေ့ပြီး အဲဒီခေတ်က ကားရေဒီယိုပုံစံတည်ဆောက်ပြထားပါတယ်။ G.Skillကတော့ ဒီကွန်ပျူတာစနစ်ဟာ PC အနေနဲ့ အသုံးဝင်သလို ရေဒီယို လည်း တကယ်ဖွင့်လို့ရတယ်လို့ ပြောထားပါတယ်။


Asrock Pink Z370

ယောက်ျားလေးဆန်ဆန် အလန်းစား PC တပ်ဆင်မှု ပုံစံတွေကြား ကနေ ခွဲထွက်ပြီး Asrockက Pink Z370 ကို မိတ်ဆက်ခဲ့ပါတယ်။ နာမည်နဲ့လိုက်အောင် ပန်းရောင်သတ္တုကိုယ်ထည်ထဲမှာ ကွန်ပျူတာစနစ်ကို တပ် ဆင်ထားပြီး ချစ်စရာကာတွန်းရုပ်လေးတွေကိုပါ ထည့်သွင်းပေးထားပါတယ်။ စစ်သုံးကိရိယာလို၊ စက်ရုပ်လို ပုံစံတွေကို အခြေပြုတီထွင်နေတဲ့ PC တွေ ကြားထဲမှာ ဒီကွန်ပျူတာယူနစ်လေးက အမြင်ဆန်းနေတာ တော့ အမှန်ပါပဲ။

—Ref: PC Magazine

Top News