ဦးကိုကိုကြီးဖေ့စ်ဘွတ်ခ်အကောင့် လေးရက်ကြာသည်အထိ ပြန်မရသေး

 ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ်အကောင့်သည် ဇွန်လ ၇ ရက် နံနက်က စတင် ဟက်(Hack)ခံထားရပြီး  လေးရက်ကြာသည်အထိ ပြန်လည်မရရှိသေးကြောင်း  ဦးကိုကိုကြီးက ပြောသည်။

Ko Ko Gyi အမည်ဖြင့် အ သုံးပြုနေသည့် ဦးကိုကိုကြီး၏ ဖေ့စ်ဘွတ်ခ်အကောင့်သည် ဖေ့စ် ဘွတ်ခ်အကောင့် Password လုံခြုံရေးမြှင့်တင်ထားပြီး အသိ အမှတ်ပြု အပြာရောင်အမှန်ခြစ် အမှတ်အသား (Blue Mark) ရရှိ ထားသည့် အကောင့်ဖြစ်သည်။

‘‘ကျွန်တော် အခုတော့ နီးစပ် ရာ အိုင်တီသမားတွေနဲ့၊ နီးစပ်တဲ့ သူတွေနဲ့တော့ ပြောထားပါတယ်။ ဒီလို ဒီလိုဖြစ်တယ်။ နောက် သူက Blue Mark ရထားတာလည်းဖြစ် တော့ ဖေ့စ်ဘွတ်ခ်က လုံခြုံရေးကို သူလည်း တာဝန်ယူထားတယ်လို့ ထင်တာပေါ့လေ။ အခုက နည်း နည်းတော့ စိတ်ကသိကအောက် ဖြစ်ရတာပေါ့’’ဟု ဦးကိုကိုကြီးက ယမန်နေ့က ပြောသည်။

၎င်းအနေဖြင့် ဇွန်လ ၇ ရက် နံနက် ၁ နာရီ နောက်ပိုင်းကစ၍ လက်ရှိအထိ ယင်းအကောင့်မှ Post တင်ခြင်း၊ Messenger အသုံးပြုခြင်းမရှိကြောင်း ဆိုသည်။ ဇွန်လ ၉ ရက်ကစ၍ ဦးကိုကိုကြီး ၏အကောင့်ကို ဟက်ထားသူက Kyaw Thu Moe (ကျော်သူမိုး)အမည်ဖြင့် ပြောင်းလဲသုံးစွဲနေကာ ပို့စ်တင်နေကြောင်း ဦးကိုကိုကြီးနှင့် နီးစပ်သူများက ပြောသည်။ သို့သော် Kyaw Thu Moe တင်သည့်ပို့စ်များအောက်ရှိ Com-ment များတွင် ဦးကိုကိုကြီး  သုံးစွဲခြင်းမဟုတ်ဘဲ အဟက်ခံထားရကြောင်း ရေးသားမှုများရှိခဲ့သည်။ ဇွန်လ ၁၀ ရက်တွင်မူ ယင်းအကောင့်ကို လုံးဝမတွေ့ရှိတော့ကြောင်း​ ၎င်းတို့က ဆိုသည်။

‘‘ဦးကိုကိုကြီးအကောင့်ကို လုပ်တဲ့သူက နည်းပညာပိုင်းမှာ ကျွမ်းကျင်တဲ့သူ ဖြစ်နိုင်တယ်။ ဖေ့စ်ဘွတ်ခ်ကို ဒီကိစ္စနဲ့ပတ်သက် တဲ့ အချက်တွေကို အကြောင်း ကြားထားတယ်။ ဘယ်သူက ဘာ အကြောင်းနဲ့လုပ်တယ်ဆိုတာကို အခုအထိ မရှင်းဘူးဖြစ်နေတယ်’’  ဟု ရှစ်လေးလုံး ပြည်သူ့ပါတီ ဒု ခေါင်းဆောင် ဦးရဲနိုင်အောင်က ဆိုသည်။

ရှစ်လေးလုံးပြည်သူ့ ပါတီ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီး၏ဖေ့စ်ဘွတ်ခ် စာမျက်နှာကို Follower ပြုလုပ် ထားသူ ခုနစ်သောင်းခန့်ရှိသည်။ ဦးကိုကိုကြီးက ၎င်း၏ဖေ့စ်ဘွတ်ခ် တွင် နိုင်ငံရေးနှင့်သက်ဆိုင်သည့် အတွေးအမြင်စာစုများ၊ မိသားစု ဓာတ်ပုံများနှင့် ၎င်း၏နိုင်ငံရေး ဆောင်ရွက်ချက်များကို ဖော်ပြလေ့ရှိသည်။

‘‘ဖေ့စ်ဘွတ်ခ်အကောင့်ကို အသစ်သုံးမလား၊ ဘာလားက တော့ လက်ရှိ ကြိုးစားနေတုန်းပဲ ပေါ့။ ပြန်ရမလား၊ ဘယ်လိုလုပ် မလဲမသိသေးပါဘူး’’ဟု ဦးကိုကို ကြီးက ပြောသည်။

 လတ်တလောတွင် လူသိ များသည့် နိုင်ငံရေးသမားများ၊ တတ်သိပညာရှင်များနှင့် အနုပ ညာရှင်များ၏ ဖေ့စ်ဘွတ်ခ်အ ကောင့်ဟက်ခံရမှုများ မကြာခဏ ဖြစ်ပွားနေကာ ယခုလအတွင်း မိုးလေဝသပညာရှင် ဦးထွန်းလွင် ၏အကောင့်ဟက်ခံခဲ့ရသည်။

More in News Section