PTTEP က ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်လေးခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့စမ်းသပ်ရှာဖွေမည်ဟုဆို

ထိုင်းအစိုးရပိုင် ရေနံ ကုမ္ပဏီ PTTEP က လာမည့် သုံး နှစ်အတွင်း မြန်မာနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် လေးခုတွင် စမ်းသပ် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင် မည်ဟု PTTEP(Myanmar) ဒု ဥက္ကဋ္ဌ ဒေါက်တာ Pariyachat Oonkhanond က ပြောသည်။

ထိုင်းရေနံကုမ္ပဏီက ဆက် လက်စမ်းသပ်တူးဖော်မည့် လုပ်ကွက်များသည် ကမ်းလွန်လုပ်ကွက်သုံးခုနှင့်ကုန်းတွင်းလုပ်ကွက်တစ်ခုဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ကျွန်မတို့အနေနဲ့ ရှာဖွေ ရေးလုပ်ငန်းတွေနဲ့ စီးပွားဖြစ် ထုတ်လုပ်နိုင်မယ့် ပမာဏတွက် ချက်မှု လုပ်ငန်းတွေကြောင့် ဒီနှစ် တွေအတွင်းမှာ အလုပ်အလွန် များပါလိမ့်မယ်’’ဟု PTTEP (Myanmar)ဒုဥက္ကဋ္ဌက ပြောကြား သည်။ ယင်းကုမ္ပဏီသည် လက်ရှိ တွင် M-9 ရှိ ဇောတိကကမ်းလွန် လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေသည်။ M-5 နှင့် M-6  ရှိ ရတနာလုပ်ကွက်နှင့် M-12, M-13 နှင့် M-14 လုပ် ကွက်များရှိ ရဲတံခွန်လုပ်ကွက်များ ၌ အခြားကုမ္ပဏီများနှင့် အကျိုး တူပူးပေါင်း၍ သဘာဝဓာတ်ငွေ့ တူးဖော်နေသည်။

ထိုင်းကုမ္ပဏီ၏ အဆိုအရ ၂၀၁၈ မှ ၂၀၂၀ အတွင်း ထပ်မံရှာဖွေမည့် ကမ်းလွန်လုပ်ကွက်များ သည် မုတ္တမကမ်းလွန်နှင့် တနင်္သာရီကမ်းလွန်ရှိ  M-9, M-11,  MD-7 တို့ဖြစ်ပြီး ကုန်းတွင်းလုပ်ကွက်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ MOGE-3  လုပ်ကွက်တို့ဖြစ်သည်။ လက်ရှိ ထိုင်းကုမ္ပဏီက သဘာဝဓာတ်ငွေ့ တူးဖော်နေ သော ဇောတိကလုပ်ကွက်သည် ၂၀၁၇ မတိုင်မီက ပျမ်းမျှသဘာဝ ဓာတ်ငွေ့ကုဗပေသန်း ၃၁၀ ထုတ်လုပ်သည်။ ၂၀၁၇ တွင် ကုဗပေသန်း ၃၂၀ အထိ တိုးထုတ်ခဲ့ပြီး၂၀၁၈ ဧပြီတွင် အမြင့်ဆုံးကုဗပေ သန်း ၄၀၀ အ ထိ ထုတ်ခဲ့ရကြောင်း PTTEP(Myanmar)ဒုဥက္ကဋ္ဌက ပြောသည်။ အဆိုပါ သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက်ဇောတိကသည် ၂၀၃၄ အထိ သဘာဝဓာတ်ငွေ့ထုတ်လုပ်နိုင် မည်ဟု ဆိုထားသည်။

NLD အစိုးရသက်တမ်း ၂ နှစ်အတွင်း ရေနံနှင့် သဘာဝ ဓာတ်ငွေရှာဖွေရေးလုပ်ငန်းများ ကို ရပ်တန့်ခဲ့ပြီး အစိုးရသက်တမ်း သုံးနှစ်မြောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ် ငန်းများပြန်လည် လုပ်ကိုင်ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ထိုင်း၊ ပြင်သစ်၊  တရုတ်နှင့် သြစတြေးလျကုမ္ပဏီ တို့သည် ကမ်းလွန်လုပ်ကွက်များ၌ သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်နေသည်။